ဘ၀က လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားကိုသဘောကျမိတာပါပဲ ။ အနေစုတ်တာကို မြင်ပြီး ရွှေထုပ်တဲ့ မြပုဝါများဖြစ် နေလေမလားလို့ ထင်သူ အရူးသာလျှင်ဖြစ်ပေမပေါ့...။ ခါးသီးလွန်းတဲ့ဘ၀တွေကို မုန်းတီးလွန်းလို့ အခြေမတင့်ခင် မှာ စိတ်ဓါတ်ကလေးတော့ ဘုံဖျားရောက်တန်ကောင်းပါရဲ့ လို့ ထောက်ကန် ထားရသူပါ ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ အတ္တုပ္ပတ္တိတွေ ဖတ်ပြီး တိတ်တခိုးအားကျနေသူပေါ့။ လောကဓံ မုန်တိုင်းကြားမှာ မြုပ်ချည်ပေါ်ချည်နဲ့ ကူးခတ်လာတာ ဘာလိုလိုနဲ့ အနှစ်နှစ်ဆယ်တောင် မသိမသာ ကနေ သိသိသာသာ ကျော်လာခဲ့ပြီလေ။ ဘ၀ရဲ့သက်တမ်း သုံးပုံတစ်ပုံပေးဆပ်လိုက်ရတာတောင် အနာဂတ်က ရေးတေးတေး ဖြစ်နေတုန်းပါကလား။
ငယ်ငယ်ကတည်းက ဂျော့ဘားနပ်ရှောကို အားကျခဲ့သလို ၊ ၀င်စတန်ချာချီ နဲ့ ဂျက်လန်ဒန်တို့ရဲ့ စားဖတ်အားကို လိုက် တုဖူးတယ်... အထိုက်အလျောက်ပေါ့လေ ၊ပြင်သစ်ဧကရာဇ် နပိုလီယန် လိုများ ဦးနှောက်ကောင်းလေမလားလို့ ဖဲရိုက်ရင်း တစ်ဖက်ကနေ စစ်တုရင် ကစားခဲ့ဖူးတယ် ၊ အထက်တန်း ကျောင်းသား ဘ၀ကတည်းက ပီမိုးနင်း စာအုပ်တွေဖတ်ပြီး မနက်ဖြန်ကနေစပြီး စာရေးတော့မယ်လို့ ဘေးက သူငယ်ချင်းကောင်မလေးကို လှမ်းပြီးလေထွားတာကို ဆရာမ မိသွားတော့ ခုံပေါ်မှာ မတ်တပ် ။ ဆရာ တက်တိုးရေးတဲ့ “ စာရေးနည်းလမ်းညွှန် ” စာအုပ်ကို ခဏခဏ ဖတ်ပြီး ၊ ဆရာဖေမြင့်ရဲ့ “နံမည်တစ်လုံးရမလာခင်တုန်းက” စာအုပ်ကို အခုထိ ခေါင်းအုံးအောက် ထားဖတ်ဆဲ ၊ ဆရာ ဒဂုန်ရွှေမျှား ရေးတဲ့ “၀တ္ထုရေးနည်း ဘာသာပြန်နည်း ” စာအုပ်ကိုတော့ ဖတ်နေဆဲပါ ။ စာရေးဆရာ ဖြစ်ချင်ပေမယ့်လည်း တစ်ကယ့်အောင်မြင်ပေါက်ရောက်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့....ခုချိန်မှာ မှုန်ပြာရီ...(မှုန်ပြာရီ...ရာသီ...တွေပြောင်း တစ်ဆောင်း တစ်ဆောင်း သစ်ခဲ့ပြန်ပြီ ဆိုသော ကျွန်တော် နှစ်သက်သည့် အဆိုကျော် ကိုသန်းလှိုင်၏ သီချင်းက ရင်ထဲမှာ တိုးတိုးမွေ့မွေ့ ထွက်ပေါ် လာနေ ပါသည်။) ဒါကိုသိတော့ ကျွန်တော်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ မော်ဒယ်လ်ရုပ်ရှင် သရုပ်ဆောင် မိုးယုစံ ကလေးက ပြီးခဲ့လေသော သင်္ကြန်တုန်းက ( ၀ါးတား ၀ါးတား လာမလုပ်နဲ့ ) ဆိုပြီး မပီကလာ ပီကလာ နဲ့ စောင်းမြောင်း ဆိုသွားသေးရဲ့...။
ငယ်ငယ်ကပေါ့လေ.. အိမ်မှာစားစရာမရှိလို့ ထမင်းအိုးထဲက ထမင်းကြမ်းခဲလေးကို ဇလုံလေးထဲထည့်ပြီး သားအမိနှစ်ယောက်ရဲ့ အလယ်မှာထားပြီး သားနဲ့အမိ မျက်နှာချင်းဆိုင် အဓိပ္ပါယ်ပါတဲ့ အကြည့်တွေကို ကြည့်နေကြရင်း ..........၊ အမေက ဖျာအောက်မှာထည့်ထားတဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံပါ တစ်ကျပ်တန် အစိမ်းရောင်လေး တစ်ရွက်ကို ဆတ်ခနဲဆွဲယူလိုက်တယ်... ကျွန်တော်ကလဲ မနေ့က ကျောင်းမှာ မစားဖြစ်ခဲ့တဲ့ မုန့်ဖိုးဖြစ်တဲ့ အနီရောင်ကျပ်တန်လေးကို ကျွန်တော့်လွယ်အိတ်စုတ် ကလေးထဲက သွားယူပြီး အမေ့လက်ထဲ ထည့်လိုက်တယ်.. ဈေးကွက်ထဲမှာ ကုလားဒယ် (သရက်သီးသနပ်) တစ်ထုပ်ကို မြန်မာငွေ သုံးကျပ်ပေါက်ဈေးရှိတဲ့ အချိန် ကျွန်တော်နဲ့ အမေက အစာအိမ်နဲ့ စစ်ခင်းဖို့ လက်နက်ဝယ်ရန် ပြင်ဆင်ကြသလို အူယားဖားယားပါပဲ... အမေက ဖျာအောက်ကို ထပ်လှန်ကြည့်သေးတယ် ၊ တော်တော် မြင့်မြင့်ရောက်အောင် မြှောက်ပင့်ကြည့်တာတောင် ဖုန်တက်နေတဲ့ ၀ါးကြမ်းခင်းလေးသာ မျက်စိရှေ့မှာ ။ ခေါင်းအုံးအောက်ကို နှိုက်၊ စောင်ခေါက်တွေလှန်... စာအုပ်တွေဖြန့်တာတောင် ငါးမူးစေ့ တစ်စေ့မတွေ့ ၊ အပေါ်ကိုမော့လို့ ဓနိကြားထဲလက်နှိုက်တော့လဲ.. မိုးရေ၀ပ်နေတဲ့ ဓနိမိုးနဲ့ ထိတွေ့မိလို့ လက်ကလေးတွေတော့ အေးသွားသား ၊ ဒါပေမယ့် အစာအိမ်ကတော့ ပူလောင်လို့ကောင်းနေတုံး..။
အမေနဲ့ ကျွန်တော် အဓိပ္ပါယ်ပြည့်ဝတဲ့ အကြည့်တွေနဲ့ မျက်နှာချင်းဆိုင်မိပြီး သကာလ.၊ အမေ နောက်ဖေးချောင်ထဲ ၀င်သွားတယ် ။ မကြာခင်ပြန်ထွက်လာတော့ အမေ့လက်ဖ၀ါး ဖြူဖြူလေးပေါ်မှာ အမေ့လက် ထက်ပိုဖြူတဲ့ အဖြူရောင် အမှုန့် သေးသေးလေးတွေ ..၊ ထိုနေ့က လည်ပင်းကြီးရောဂါ ကို သားအမိနှစ်ယောက် မတိုင်ပင်ပဲ အိုင်အိုဒင်းဓါတ် လုံလောက်စွာဖြင့် ကာကွယ်မိသွားတယ်။
ငယ်ငယ်ကဆို ကျောင်းမှာ တော်တဲ့လူတွေ စုထားတဲ့ အခန်းကနေ လူမိုက်တွေ ပေါင်းထားတဲ့ အခန်းကို ခဏခဏ ရွှေ့ခံရတယ်။ စာနဲ့ရတဲ့ အမှတ်ကြောင့်သာ တော်တဲ့အခန်းရောက်တာ ၊ ပြီးတော့ စည်းကမ်းမရှိဘူး ရန်ဖြစ်တယ် .. ဘာဖြစ်တယ် ညာဖြစ်တယ်တွေနဲ့ ခဏခဏ အခန်းပြောင်းရတာပါပဲ။ ကျွန်တော်က လူတော် လူမိုက်ဗျ ။ စိတ်ပညာလဲ စိတ်ဝင်စားတယ်၊ လူတိုင်းနဲ့တော့ တည့်အောင်မပေါင်းတတ်သေးဘူး၊ (စိတ်မှ မပါတာ) အင်္ဂုလိမာလ တို့ ဂဠုန်ဆရာစံ တို့လိုလူမျိုးတွေနဲ့ ပလဲနံပ သင့်အောင်တော့ မနေနိုင်ပေါင် ။ တက္ကသိုလ်ရောက်ရင်တော့ စိတ်ပညာ ဘာသာရပ်ကိုပဲ ယူမယ် ၊ လူတွေရဲ့စိတ်ကို လေ့လာမယ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် လေ့ကျင့်မယ်လို့ ရည်မှန်းချက် ထားဖူးတယ်။ တက္ကသိုလ်မရောက်သေးပါဘူး ၊ ခုနှစ်တန်း ရှစ်တန်းကျောင်းသားလောက် ကတည်းက စိတ်ပညာစာအုပ်တွေ ဖတ်တယ်၊ စိတ်တန်ခိုးကျင့်စဉ်တွေ ကျင့်တယ်၊ လူက ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှု မရှိဖြစ်လာတာကိုတော့ ခံစားမိတယ်။ ဒါပေမယ့်လည်း အတွေးအခေါ် ဖီလော်ဆော်ဖီ တွေပါ ပေါင်းဖတ်မိပြီး ရပ်ကွက်ထဲက လူတွေနဲ့ ကျွန်တော် စကားပြောရတာ အဆင်မပြေတော့တာပဲ။
ကိုယ်ပြောတာလည်း သူတို့နားမလည် ၊ သူတို့ ပြောတာလဲ ကိုယ်က လက်ခံလို့မရဖြစ်လာတော့တာပဲ။ သူများတွေ နဲ့ ဖြစ်တဲ့ ပြဿနာကို ပြောနေရင် သူတို့ကွယ်ရာမှာ ပြောလို့ အတင်းဖြစ်နေဦးမယ်။ တစ်ကယ်တော့ ကျွန်တော်ကတစ်လုံးခြင်း ရိုက်ပြနေတာပါ။ နောက်ဆုံးတော့ဗျာ သူတို့က ကျွန်တော့်ကို ဘ၀င်ရူး လို့ သတ်မှတ်ပြီး ကျဉ်လိုက်ကြတယ်။ ကျွန်တော်ကလဲ အသိဥာဏ်နဲတဲ့လူတွေ ၊စာလဲမဖတ်ကြဘူး ဆိုပြီး ခပ်ရှောင်ရှောင်နေတယ်။ ဒါပေမယ့် လမ်းထဲက ပညာတတ် စာဖတ်ဝါသနာ ပါသူတွေနဲ့ တော့ စကားပြောဖြစ်တယ်။
ဘ၀မှာ ဖြစ်ချင်တာတွေက သိပ်များနေမလားပဲ ။ မွဲတေလွန်းတဲ့ ဘ၀ထဲ ကျင်လည်ကြက်စား ... အဲ ကျင်လည် ကျက်စားလာခဲ့သူမို့ သန်းကြွယ်ချင်တာ.... သူဌေးဖြစ်ချင်တာလဲ မိုးယံပဲ ။ အိုနာစစ် အကြောင်းရှာဖတ်သလို ဘီလ်ဂိတ်ကိုလဲ ဆရာတင်ထားတယ်၊ ပီနန်းကျွန်းကို ပိုင်တဲ့ စာတစ်လုံးမှ မတတ်သူ တရုတ်အဘိုးကြီး လိုဘွန်စွီး ကိုလည်း အတုခိုးမလို့ မလေးရှားထွက်လာခဲ့သေးတယ်.။ ဒီကြားထဲ ချဲလ်ဆီးအသင်းပိုင်ရှင်ကို တောင် မနာလို ဖြစ်မိသေးချိန်မှာပဲ ဗြိတိန်က ၁၆ နှစ်သားလေးက သန်းကြွယ်သူဌေးဖြစ်သွားပြီဆိုပဲ။ ဗြုန်းဆို... မန်ချက်စတာယူနိုက်တက် အသင်းကြီး ကိုလက်တွေ့ အကောင်အထည် ဖေါ်လုဆဲဆဲ ပုဂ္ဂိုလ်ကြီးကိုတောင် ဘာမဆိုင် ညာမဆိုင် ....။
တက်ကျမ်းတွေကို ထရံပေါင်ဖြစ်မတတ် ဖတ်ဖြစ်ခဲ့တယ်.. ပီမိုးနင်းကအစ နပိုလီယံဟီးလ်အထိ အကုန်ဖတ်တယ်၊ မြန်မာပြန်တွေလဲပါပေါ့၊ နောက်ပိုင်းမှာ ပုံနှိပ်စာလုံးမြင်သမျှ အကုန်ဖတ်တယ် ၊ ညဘက် လမ်းထိပ်မှာ ဘယာကြော် သွားစားဖြစ်တဲ့ ညတွေမှာဆိုရင်လည်း ဘယာကြော်ထုပ်တဲ့ စက္ကူတွေကအစ မလွတ်စေရဘူး ၊ နောက်ပိုင်း အဆင်ပြေလာတော့ စာအုပ်ဆိုင်မှာ ငှားဖတ်နိုင်လာခဲ့တယ်။ ကျွန်တော်လဲ ငါးဆယ် တစ်ရာရတဲ့ အလုပ်တွေလုပ်နိုင်နေတော့ အဲဒီချွေးနည်းစာလေးတွေ စုပြီး စာအုပ်ငှားဖတ်တယ်.။ အဲဒီမှာ အားမရဖြစ်တာက စာအုပ်တွေမှာတွေ့ရတာက တစ်ချို့ဘာသာပြန်စာအုပ်တွေဆိုရင် စာအုပ်ထိပ်မှာရေးထား တာတွေက ဆီလျော်အောင်ပြန်ဆိုသည် ဆိုတာတွေကို မကြာမကြာတွေ့ရတော့။ မူရင်းစာအုပ်တွေကို လက်လှမ်းမှီရာလိုက်ကြည့်လိုက်ပြီး အဘိဓါန်နဲ့ တိုက်ကြည့်တော့ စာရေးဆရာတွေ တင်ပြပုံကတစ်မျိုး မူရင်းရေးသူကတစ်ဖုံ တင်ပြတယ်ဆိုတော့ ၊ ဘာမှမဟုတ်တဲ့ကောင်က ပညာရှင်တွေ ဘာသာပြန်တာကို စော်စော်ကားကား မာနထားပြီး ကိုယ်တိုင်မူရင်းတွေဖတ်မယ် စိတ်ကူးမိပြန်ရောဗျာ... ဘာပဲဖြစ်ဖြစ်လေ... နိုးနိုး ဒါလင်ကို ကျွန်တော်က “မဟုတ်ဘူး မဟုတ်ဘူး ယောက်ျားလို့” ဘာသာပြန်တာပေါ့... ဒါပေမယ့် စာရေးဆရာကတော့ “ဟင့်အင်း ဟင့်အင်း အချစ်ရယ် ”လို့ပြန်တယ်လေ၊ အဲဒါနဲ့ ကိုယ်လဲ သူများဘာသာပြန်တာတွေပဲ ပြန်ဖတ်ဖြစ် တော့တယ်၊ ကိုယ်ပြန်လဲ လွဲနေမှာကိုး ။ ဒါတောင် မာနကမလျော့ သေးဘူး။ ကမ္ဘာကျော် သီတဂူဆရာတော်ဘုရားကြီးက အသက် နှစ်ဆယ့်ငါးမှ အင်္ဂလိပ်စာ စသင်တာဆိုတော့ ၊ ကိုယ်ကလဲ အားမလျော့သေးပါဘူး.. အခုလည်း လက်လှမ်းမီရာ လေ့လာနေတယ်.. အခုဆို ရက်စ် တို့ နိုး တို့ ကောင်းကောင်းနားလည်နေပြီဗျ။
ဘ၀မှာ လိုချင်တာ ဖြစ်ချင်တာတွေကို အိမ်သာတက်ရင်းတောင် စဉ်းစားတယ်ဗျာ... တစ်ခါတစ်ခါဆို ဖြစ်ချင်လွန်းတာတွေကို ရင်နဲ့ မဆန့်လို့ ဒီနေရာမှာတောင် “ ငါဖြစ်ချင်တာ ငါမလုပ်နိုင်ဘူး ” ဆိုပြီး ငြီးတွားမိသေးတယ်။
ငယ်ငယ်က သူဌေးဖြစ်ချင်တယ်။ စာရေးဆရာ ဖြစ်ချင်တယ် ။ စိတ်ပညာ ပါရဂူဖြစ်ချင်တယ်...
အခုဖြစ်နေတာက ဂိုဒေါင်မှာ ကူလီ ၊ ရုံးခန်းထဲမှာ ပြာတာ ၊ ဆန်းဒေးမှာ ဈေးသည်ပေါ့လေ၊ ငယ်ငယ်ကလို ရေနံဆီမီးခွက်ရယ်.. နိုင်ငံတော် အစိုးရရဲ့ မေတ္တာစေတနာရယ် ပေါင်းပြီး စာဖတ်ဖြစ်တဲ့ ဘ၀တွေကို တမ်းတမိ သေးတယ်။ ညနေ ခုနှစ်နာရီလောက် လမ်းမီးလာရင် အိမ်ရှေ့က စားသောက်ဆိုင်ရဲ့ မိလ္လာကျင်း အုတ်ခုံလေးပေါ်မှာ ခွေးခြေ အပုလေးနဲ့ထိုင်ပြီး မိလ္လာနံ့လေးနဲ့ စာဖတ်တယ်..၊ ညဆယ်နာရီလောက်ဆို မီးက ပြတ်ပြီ။ ဒါဆိုရင်တော့ ရေနံဆီ မီးခွက်ကလေးနဲ့ မီးခိုးငွေ့လေးရှူပြီး စာဖတ်တယ်.။ အလုပ်အားတဲ့ ရက်များဆို လွယ်အိတ်ထဲ စာအုပ်တွေ ထည့်သွားပြီး လမ်းကနေ ပေါင်မုန့်ထုပ်ကလေးနဲ့ လက်ဖက်ရည်တစ်ခွက်ဝယ်သွားပြီး ပုသိမ်တက္ကသိုလ်ရဲ့ ပိတောက်တောထဲမှာ တစ်နေကုန် ထိုင်ဖတ်တယ် ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ စာဖတ်ချိန် မရှိဆို ငါးနာရီအထက်တော့ ရှိတယ်.။ သေချာတာက တစ်နေ့ကို ၀တ္ထုတစ်အုပ်ကို ဖတ်ပြီးတယ်၊ မဂ္ဂဇင်း ၊ ရွှေသွေး ၊ ဂျာနယ် . အဲဒါတွေ ဖတ်ဖြစ်တယ်.၊ ကျောင်းစာကတော့ ကျောင်းမှာထားခဲ့တယ်လေ၊ မဖတ်တာ ဆိုလို့ သတင်းစာနဲ့ သိုင်းဝတ္ထုပဲ ရှိတယ်၊ ဟုတ်တယ်လေ ကိုယ့်မှာ မီးခိုးမွှန် အီးစော်နံ ပြီးဖတ်ရတာ... အခုဆို ၀တ္ထုတောင် မဖတ်ဖြစ်တော့ဘူး။ အချိန်ရှားလာတယ်ရယ်. ဦးနှောက်က လက်မခံတော့တာရယ်ကြောင့်လဲ ပါတာပေါ့၊
စာဖတ်ချိန်တွေ အရမ်းကိုရှားသွားခဲ့လို့ အေးအေးဆေးဆေး စာဖတ်ချိန်လေးတွေ ပြန်လိုချင်မိတယ် ။ မိဘတွေကို ထောက်ပံ့နိုင်မယ့် ငွေလေးကို အေးဆေးဆေးဆေး ရချင်တယ် ၊ အလှူအတန်းတွေ လုပ်နေရချင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်စာအတွက် စေတနာ သဒ္ဓါ မှာလည်း လှူမယ်လို့ အားခဲ ထားတယ်။
အော် အဓိကကို မေ့နေတယ်။ ကျွန်တော်က ယောကျာ်းဆိုတော့ မဟေသီတစ်ပါးတော့ လိုတာပေါ့.. သူများတွေလို တဏှာကြူးတဲ့ ရာဂ ဘီလူးမှ မဟုတ်တာ ၊လေး ငါးယောက်တော့ မလိုချင်ပါဘူး ၊ (ရမှ မရနိုင်တာ ဒီရုပ်နဲ့) ၊ မဟေသီလေးက 34 28 36 လောက်ဆို အတော်ပါပဲ၊ အသားဖြူဖြူ အရပ်ရှည်ရှည် .. ပိတုန်းရောင်ကေသာက ခါးအထက်မှာဝဲပြီး ဆာမူရိုင်းဓါးလေးလို အဖျားလေးက အထက်ကိုပြန်ကော့ သွားရမယ် ။ သွေးမကြီးတဲ့ စနေသမီးပေါ့လေ.။ ဆရာဝန် မလေးတော့ ဖြစ်စေချင်တယ် ဒါမှ အသက်ကြီးလာရင် ဆေးပေးမီးယူပိုအဆင်ပြေမှာ။ (ဆေးထိုးသတ်ရင်ဒွတ်ခ) ။ စနေသမီးလိုချင်တာက ဒီလိုလေ...။ ကိုယ်က ဗုဒ္ဓဟူးသား မို့လား.... ။ ဒါကြောင့် ..၊ “ စနေ ဗုဒ္ဓဟူး ရူးတောင် ထမင်း မငတ်ဘူးဆိုတဲ့ ” စကားကလည်း ရှိသေးတာကိုး။ (ရူးမှတော့ ဟိုလူကျွေးဒီလူကျွေးနဲ့ ဘယ်ငတ်မတုန်း)
နောက်တစ်ခုက ကျွန်တော့်မဟေသီလေးဟာ စာဖတ်ဝါသနာပါရမယ်၊ စာပေကိုတန်ဖိုးထားရမယ်၊ အတွေးအခေါ်ရင့်သန်ရမယ်၊ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဖြစ်ရမယ်၊ ကျွန်တော့်လို နုံတိနုံချာ အူတူတူ အတတ ၊ ဘာကိုကြောက်မှန်းမသိ လူတောမတိုး မဖြစ်ရပါဘူး။ ကျွန်တော် အသက်ကြီးလာလို့ မျက်စိအားနည်းလာရင်ပဲဖြစ်ဖြစ် ၊ စာဖတ်ချိန်အရမ်းရှားသွားလို့ ပဲဖြစ်ဖြစ် ၊ ညစဉ် စာဖတ်ပြနိုင်ရပါမယ်။ အဖြတ်အတောက် အသံနေအသံထား မှန်ရပါမယ်။ (ကျွန်တော်က မှားတတ်လို့) ဥပမာ ...မသာရထား ငှားရန် ရှိသည် ကို၊ မသာရ ဓါးငှားရန် ရှိသည်ဟု အဖြတ်အတောက်မှားဖတ်ပါက ဒုက္ခရောက်ဦးမည်။ တစ်ကယ်ပါ အဲဒါက တစ်ကယ်ကြီးကို စဉ်းစားထားတာ၊ တစ်ချိန်မှာ ကျွန်တော် မတော်တဆ မျက်လုံးဆုံးရှုံးခဲ့မယ် ဆိုရင် (သို့) အားနည်းနေပြီဆိုရင် ။အသံကောင်းတဲ့ ....ဥပမာ ဂျင်းနီတို့ ချစ်သုဝေတို့ကို ကျွန်တော် အကူအညီတောင်းမှာပါ ။သူတို့နဲ့ကိုယ်က ငြိဖူးတယ် (သူတို့ ထမီနဲ့ ကိုယ်ရဲ့ခေါနေတဲ့ ချိန်ကွမ်းမင်နဲ့ တူတဲ့ သွားလေးနဲ့)။ကျွန်တော့်လောက် မဖတ်တတ်ရင်တောင် ကျွန်တော့လောက်တော့ မဆိုးနဲ့ပေါ့... ဒီမှာ နမူနာပေးထားတယ်.. အဲဒီကွာလ်တီကို ထပ်မနိမ့်အောင် ဖတ်နိုင်ရပါမယ်. (စိတ်ဝင်စားသူ ဥစ္စပေါ ရုပ်ချောမိန်းကလေးများ ယခုကတည်းက ကျင့်ထားပါ)

ဆုံမှတ်လွဲငြိမ်းချမ်းမှု
http://www.4shared.com/video/BwvbdRoQ/____.html

နောက်ပြီး ကျွန်တော် မတော်တဆ အက်ဆီးဒင့်တွေ ဘာတွေနဲ့များ သေခဲ့မယ်ဆိုရင် မျက်ကြည်လွှာကောင်းတဲ့အချိန် မှီမယ်ဆိုရင် လှူဒါန်းခဲ့ချင်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ အဲလိုလုပ်ထားဖြစ်မယ်။ တော်ကြာ အိမ်က ဒေ၀ မဟေသီက သူ့လင် ငယ်ငယ်လေးနဲ့ သေတာ၊ ရုပ်ရည်ရူပကာက ချောချောလှလှ လေးရှိသေးတယ် (သူ့မျက်စိထဲပြောပါတယ်) အခုပဲ သေတာ ၊ သူတောင် ၀အောင် မကြည့်ရသေးဘူး ...၊ ဆေးရုံကလူတွေက လာဖောက်နေကြပြီ ။ “အမလေး မလုပ်ကြပါနဲ့ ရှင် ကျွန်မယောက်ျားကို လှလှလေး သေပါစေ ” ဘာညာ လူကြားမကောင်း သူကြားမကောင်း ဟစ်နေရင် ... ဘေးနားက ဂျင်းနီတို့ ချစ်သုဝေတို့ မိုးယုစံ တို့ကို အားနာစရာ (သူတို့လည်း ကိုယ့်အတွက် ငိုချင်းရှည်ဦးမှာလေ ..။)
ဒါပေမယ့် မိန်းမကိုတော့ ကြိုပြောထားရဦးမယ် ၊ သားသုံးယောက် သမီး နှစ်ယောက်တော့ မွေးပါလို့... ဒါမှလည်း ကမ္ဘာကျော်မိုးယံရဲ့ ပေါကြောင်ကြောင် အတွေးအခေါ်တွေ အယူအဆတွေကို ဆက်ခံမယ့် ရတနာလေးတွေများမယ် မဟုတ်လားဗျာ၊ပထမဆုံး မွေးတဲ့ သားဦးကိုတော့ ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်ကို ထာဝရ လှူဒါန်းမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ သဘောတူပါက မိန်းကလေးများ ရည်းစားစာပေးပါရန် ။ (ပိုးဆိုးပက်စက် လက်ခံနေပါပြီ)။ မိန်းမရေ .. မောင်တော့ ဒီနေရာလေးမှာ ဒီလောက်လှူခဲ့တယ် မင်းကိုလည်း အမျှပေးဝေပါတယ် သာဓုခေါ်ကွာ ရှင်မရာ ဆိုရင် သာဓု ... သာဓု ...သာဓု ပါလို့ ၀မ်းမြောက်ဝမ်းသာ သုံးကြိမ်သုံးခါ ခေါ်ဆိုပါမည် လို့ကတိပေးပါ။
အဲ ... နောက်ဆုံးတော့ လင်တော်မောင် အသက်လေးဆယ့်ငါးနှစ် ပြည့်ရင် တစ်ခုလပ် ဖြစ်တဲ့ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ် (မနေနိုင်လို့ ထပ်ယူလဲယူပေါ့) ။ တို့ကတော့ အမြိုက်မီးမလာ စိတ်ပုတီးမပါပဲ ရဟန်းဘ၀နဲ့ အေးငြိမ်းချမ်းသာ နိဗ္ဗာန်မဟာသို့ တက်လှမ်းမှာဖြစ်ပါတယ်... လူဘ၀နဲ့သွားရင်တော့ ကြာတာပေါ.. တစ်ချိန်လုံးဆိုးခဲ့ မိုက်ခဲ့တာတွေ က နည်းမှ မနည်းကိုး။ ဝေးဝေးမကြည့်နဲ့ ရေခြားမြေခြားက အမေကိုတောင် သာကြောင်းမာကြောင်း ဖုန်းမဆက်ဖြစ်တာ အခုဆို နှစ်လကျော်ကြာပြီ။ အဲလို မိုက်တဲ့ကောင် လူပြည့်က ဗြဟ္မာကို ကျော်ပြီး မမြင်နိုင်တဲ့ ဗြဟ္မာကို တ နေတဲ့ကောင်။ ဆိုတော့ကာ ....ကျွမ်းကျင်သော ဆင်ဦးစီးပမာ စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းကွပ်နိုင်သော ၊နှစ်ဆယ့်တစ်ရာစု မျိုးဆက်သစ် တွေးခေါ်ပညာ ရှင် ၊ လူသန်းပေါင်းများစွာကို အယူအဆပြောင်းလဲစေရန် ဖော်ကျူးရေးသား နိုင်ခဲ့သောကမ္ဘာကျော် စာရေးဆရာကြီး ၊ ကမ္ဘာ့သန်းကြွယ် သူဌေးကြီး မောင်မိုးယံ ဟာ နိဗ္ဗာန်ရွှေပြည် အရောက်လှမ်းနိုင်ဖို့ လူ့ဘောင်စခန်းကို ကျော်လှမ်း ခဲ့ပြီလေ။
ဟုတ်လား မဟုတ်လားလဲ မသိဘူး။ တဂ် ဆိုတာကိုရေးဖို့ လူတစ်ကာကိုမေးတယ်. ဘကျောက်လဲ ရှင်းပြဖူးတယ်။... အထူးသဖြင့် ဦးမြစ် နဲ့ ကိုဏီလင်းညို တို့ ရှင်းပြကြ သင်ပေးကြတယ်။ မဟုတ်ဘူး ဆိုရင်လည်း သူတို့နဲ့ မဆိုင်ပါဘူး။ကျောင်းသားညံ့တိုင်း ဆရာ မတော်တာမှ မဟုတ်တာ ၊ ဆရာ တော်တိုင်း လည်း ကျောင်းသား တတ်တာမှ မဟုတ်ပဲ ၊ ထားတော့....။
နားမှမလည်တာကိုး... ကိုယ့်ပေါင် ကိုယ်လှန်းထောင်းသလိုဖြစ်လို့ ဘလော့ဂ်တော်တော်များများ လက်ရှောင် ကြတယ်ဆိုလားပဲ... (ကြောင်မျိုးပြောတာ) သေချာတော့မသိဘူး။ အေးဆေးပါ။ ကိုယ်တို့က အရှက်နဲ့ လူလုပ်တာမှ မဟုတ်တာ။ မရေးတတ်ရိုးအမှန်မို့ ခေါင်းစဉ်နဲ့လွဲရင်လဲ လွဲမယ်.။ ရေးတဲ့ပုံမှားချင်လည်း မှားနိုင်တာမို့ အားလုံးကို တောင်းပန်ပါတယ်.. ဒီအထိဖတ်လာတယ်ဆိုတော့ ကျေးကျေးပါ.။
ခုနက မေပယ်လ် ဆီမှာ သွားဖတ်တော့ မောင်မျိုးက ပွစိပွစိ လာလုပ်ကြောင်း ၊ သူ့အကျင့်အတိုင်း ခနဲ့တဲ့တဲ့ ရွဲ့စောင်းစောင်းဖြစ်နေကြောင်း၊ ရေးချင်မှန်းမရေးချင်မှန်းမသိ ၊ ရေးတတ်မှန်း မသိ မရေးတတ်မှန်းမသိ အလိုက်ကန်းဆိုးမသိတဲ့ ချစ်သယ်ရင်းကြောင်မျိုး ဒီကိုပါ လာအော်နေမှာစိုးလို့။ ပြီးတော့ မေပယ်လ် ကို စာရှည်ရှည်မရေးလို့ စိတ်ဆိုးတယ်ဆိုလား။ ကျွန်တော်ကလည်း စကားတောင် လေးလုံးကွဲအောင် ပြောတတ်သူ မဟုတ်တော့ စာရှည်ရှည်ရေးဖို့ဆို ဝေလာဝေးပဲ။ ဒါတောင် ဟိုမီးမီးလေးက သူဒုက္ခရောက်တာတောင် ကိုယ့်ဒုက္ခကိုယ် လက်စ မသိမ်းနိုင်ပဲ သူများတွေကိုပါ (ကြိုက်ကြိုက်မကြိုက်ဆိုပြီး) ဒွတ်ခ သွားပေး ထားသေတယ်။ (လူတွေများနော်.ကိုယ်ကောင်းစားရင်သာ သူများကို ထပ်တူ မကာင်းစားစေချင်တာ ဒွတ်ခ ရောက်တော့ကျ သူများကိုလဲ ကိုယ့်လို ခံစေချင်သား။ ) ပြည့်မေတ္တာခံယူမည့် ကျွန်တော် မောင်မိုးယံ ကတော့ မေပယ်လ် နှင့် မောင်မျိုး အား ပယ်ပယ်နယ်နယ် နှိပ်ကွပ်ပြီး သကာလ ကိုယ့်ဒုက္ခကို ဇတ်သိမ်းပါတော့မည်။
အထက်က အပြာရောင် စာသားလေးတွေက သီချင်းစာသားမေ့နေလို့ ရွှေအမြူတေ အွန်လိုင်းမှ ရေးသူမောင်တင်ဆင့်ရဲ့ “ပျံသန်းနေတဲ့ ငှက်ကလေးတွေ” ဆိုတဲ့ စာတစ်ပုဒ်မှ ၏ သည် မရွေးကူးယူပါသည်။
မိုးယံ ( 17. Dec. 2010)

6 comments:
ဆိတ်မရှည်ဘူးဖြစ်နေတယ်...... နောက်တစ်ခေါက်ထပ်ဖတ်မယ်........ ခုတော့ ဆာ အမျည်း
အင်း ဖြစ်ချင်တာတွေ၊ မိန်းမတောင်အဆစ်ထည့်လိုက်သေးတယ်၊
ကောင်းသားဖတ်လို့...။ဟုတ်တယ်..စာတွေ မဖတ်နိုင်တော့
တာကြာပြီ..။ပြန်ဖတ်မယ်..ပြန်ဖတ်မယ်နဲ့ ဖတ်ဖြစ်တော့
ဘူး...။
၏ သည် မရွေးဖတ်သွားပါသည်။
ကျေးကျေးပါ..။
ငယ်ငယ်က ဖတ်ခဲ့တဲ့ စာတွေရဲ့အရှိန်က ခုထိ ထင်ဟပ်နေသေးတယ်။ စိတ်လေးတွေနဲနဲလျော့။
ဖြစ်ချင်တာလေးကို ရယ်ရယ်မောမော ရေးထားတော့ ဖတ်ရင်းနဲ့ ရယ်ရသေးတယ်။
အလောင်းအလျာကြီး မိုးထိ .. အဲ .. နာမည်ရင်းကတော့ မိုးပဲရွာရွာ မိုးကြိုးပဲ ထိထိပေါ့ကွာ၊ ထားပါတော့။
ဒီပို့မှာ ကွန်မန့်လာပေးဖို့က ချိန်ထားတာတော့ကြာပြီ၊ ခုရောက်ပြန်တော့လည်း မောင်းတင်ထားတာကြာလို့ စပရိန်ကပျော့သွားတာနဲ့ ပစ်လို့မရတော့ပြန်ဘူး :-)
ငါကတော့ မင်းရဲ့ 34 28 36 နဲ့မဟေသီလေးလဲ ရှာမပေးတတ်ဖူး၊
မျက်ကြည်လွှာလှူဖို့လည်း မစီစဉ်ပေးတတ်ဖူး၊
ဆိတ်ပညာရှင်ဖြစ်အောင်လည်း လမ်းမညွှန်တတ်ဖူး၊
သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ကတော့ ဝေလာဝေး အကြံမပေးတတ်ဖူးကွ။
ဒါပေမယ့် ဟိုစပ်စပ် ဒီစပ်စပ်နဲ့တော့ အကြံပေးခဲ့တာ မနည်းတော့ဘူး။
ငါအကြံပေးခဲ့တဲ့လူတွေများ ခုဆိုရင် အရက်စွဲနေတဲ့သူ၊ သေသွားတဲ့သူ၊ ကူလီလုပ်နေတဲ့သူတွေ အပုံကြီး။
ငါဆိုလိုတာက ငါပြောတာကို နားမထောင်ကြလို့ ဒီလိုဖြစ်နေကြတာကို ပြောတာပါကွာ :-)
(ကြွားပြောတယ်လဲမထင်နဲ့၊ ဘယ်သူမှ ငါ့စကား နားမထောင်ခဲ့ကြတာတော့ အမှန်ပဲ။)
ထားတော့ ငါသိတာနဲ့ ငါ့အတွေ့အကြုံအရ ပြောကြည့်မယ်နော်။
- မြန်မာပြည်က စာတွေထဲမှာ ဆရာဖေမြင့်ရေးခဲ့တဲ့ စာအုပ်တွေအားလုံးဖတ်နိုင်ရင် အခြေခံတဝက် လုံလောက်ပြီလို့ ငါထင်တယ်။
- ရွှေသွေး၊ တေဇ တွေကို အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် ယောင်ပြီးသွားမဖတ်ပါနဲ့။ အချိန်ပုပ်တယ်။
- ဝတ္ထုတွေကတော့ ရေးမယ်၊ အတုယူချင်တယ်ဆိုရင်တော့ ဖတ်ပေါ့ကွာ၊ ငါတော့ လုံးဝမဖတ်ဘူး။
- အင်္ဂလိပ်စာတိုးတက်ချင်ရင်တော့ အနည်းဆုံး
BBC Learning English
British Council - Learn English
VOA Learning English ဆိုဒ်တွေမှာ သွားကြည့်ဖို့ အကြံပေးချင်တယ်။ (ငါလည်း ဝက်ဆိုဒ်ကောင်းကောင်းတွေ စုနေတုန်းပဲ၊ ငါ့ဘလော့မှာလည်း ချိတ်ထားပေးဖို့ပါ၊)
- ဘဝတိုးတက်ဖို့ကတော့ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ ရေးတဲ့ David Kiyosaki, Zig Ziglar, Steve Pavlina စတာတွေကို youtube မှာနာမည်နှိပ်ရှာလို့ ရတဲ့အပြင် အခြားနောက်ဆက်တွဲ ဆရာကြီးတွေ အများကြီးထွက်လာတာ တွေ့ရမှာပါ။ သူတို့ရေးတဲ့ အင်္ဂလိပ်လို စာအုပ်တွေလည်း ဝယ်ဖတ်နိုင်ရင်ကောင်းပါတယ်။
- ပညာရှင်ဖြစ်ချင်ရင်တော့ ပညာအနှစ်ပေးနိုင်တဲ့ မူရင်းအင်္ဂလိပ်စာအုပ်တွေ ရှာဝယ်ဖို့အကြံပေးချင်တယ်။ ဒါပေမယ့် မိတ်ဆက်အဆင့်ကနေ စဖို့လိုသလို လမ်းညွှန်ပေးမယ့်သူလည်း (လူတိုင်းမဟုတ်ပေမယ့်) လိုတာတော့ စိတ်ထဲထည့်ထားရပါမယ်။ ကကြီးမတတ်ပဲ ဃကြီးသွားဖတ်မိရင်လည်း ရွာလည်နေတတ်တယ်။
- ဘန်ကောက်မှာ နေတာဆိုရင်တော့ Mabon Crown နားမှာ ကိုမြင့်ငွေတို့ဖွင့်ထားပေးတဲ့ အင်္ဂလိပ်စာသင်တန်းကို တနင်္ဂနွေနေ့တိုင်း သွားတက်လို့ရတယ်။ (မလေးရှားဆိုရင်တော့ စဉ်းစားလို့မရသေးဖူး။)
- တခါတလေတော့ သက်ဆိုင်တဲ့ ပညာရပ်စာအုပ်အဟောင်းတွေ ရှာဝယ်လို့ရရင် (တကယ်လဲ လိုချင် လိုအပ်တယ်ဆိုရင်) ပို့ပေးလို့ရနိုင်ပါတယ်။ ငါလည်း စာအုပ်တွေဝယ်စုနေတာ မိန်းမက ပိုက်ဆံမရှိပဲ လိုက်ဝယ်နေလို့ဆိုပြီး တော်တော်နားညီးခံ လုပ်နေရတော့ ရှိတာပေါ့ကွာ။ :-)
ဒီလောက်ဆို တော်လောက်ပြီထင်ပါရဲ့၊ အကယ်၍မင်းက ပို့စ်အဖြစ်သဘောနဲ့ ရေးထားတာဆိုရင်တော့လည်း အဖိုးကြီးတစ်ချက်တော့ ခံလိုက်ရပြီလို့ သဘောထားလိုက်ပေါ့ကွာ။ အဲ .. ပြောရင်းနဲ့ အရှိန်ကတက်လာပြီ၊ ဗဟုသုတပို့စ်တစ်ပုဒ်လောက် အမြန်ရေးဦးမှပဲ :-)
Post a Comment