Friday, December 31, 2010

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)

အရှင်ဧသက

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး

ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ

သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက်ဆိုတာကြွယ်ဝချမ်းသာဖို့

သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့

အတူလက်တွဲပြီး သာယာတဲ့ဘဝ

ခရီးလျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့

သဘာဝရှိတတ်တဲ့မျှော်မှန်းချက်တွေတော့

မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့်

အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။


သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။

အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေ

ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ မဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့

တာလည်းကြာခဲ့ပါပြီ။ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိသွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ

မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင် သွားမယ်ဆိုပြီး ဘယ်သူမှ မခေါ်

ဘယ်သူမှမတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်

လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ

အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။

ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး

တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်

ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း

ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့်

(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်

အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက

သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှာင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော် ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီးညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကိုမြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ

ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမလေးတွေက ညတိုင်းလာဖြားယောင်းနေပါလား”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး

ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ

စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေ တင်ထားပြန်တယ်။ ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း

ထွက်မိတယ်၊ဖြစ်နိုင်ရင် ၀ါးရင်းဒုတ်နဲ့အားလုံးကို မောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်

နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း

မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်

လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာမြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာ နေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာသနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော် မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ

ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်ဖြစ်စေအခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။

သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစော အလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။ သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။

ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊

ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ

ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်

နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ 

မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း

ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့

့ဗုဒ္ဓဘာသာ တွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်းအမှန်တရားကို လက္ခံကြမည်သာ…။


ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်

မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ့ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက် အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို၏လို့လည်း အကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။


ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်မည်သည်မရှိ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ပိုလို့ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်းဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင် ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။


သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို

အနှံ့ ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေတွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်းတစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ ချေးးဖို့ငှါးဖို့ ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး

ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန် အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။


နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့ နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ..။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလိုအရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။



ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။

အရှင်ဧသက

ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)

လော့စ် အိမ်ဂျလိစ်၊ အမေရိကန်

၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၇-ရက်။

5 comments:

မြစ်ကျိုးအင်း said...

ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်ရတယ်
နောက်တပိုင်းမှာ အောင်မြင်မှုကို ဖတ်ရမယ်လို့ မျှော်လင့်တယ်ဗျာ

အဖြူရောင်နတ်သမီး said...

ဘာသာရေးနဲ့ပတ်သက်လာရင်တော့ တော်တော်ကို စိတ်ကသိကအောက်ဖြစ်ရတဲ့မြင်ကွင်းပါပဲ...။
သာသနာတန်ခိုးနဲ့ နေရာမှန်ကို မကြာခင် ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။

ယွန်း said...

ဖတ်ပြီးတော်တော် စိတ်မကောင်းသလို ပုံတွေကြည့်ပြီး စိတ်တိုလာတယ် ..တကယ်ပဲ..

JUSTICE999BURMA said...

သူတို့ ဘုရားရှေ့မှာ ခုနှစ်လွှာအက ကပြီးလက်စားချေ ရမလား..... ကိုမိုးယံ ပူပေါင်းပါ...... :P

(စိတ်တော့မသက်မသာဖြစ်တာအမှန်)

အုပ်ကြီး said...

တကယ်စိတ်မကောင်းစရာပဲဗျာ ..ဒါပေမယ့် သူတစ်ယောက် ကြိုးစားနိုင်မှာပါ