Wednesday, December 22, 2010

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၅၀ ဘီလျံခန့်ရန်ပုံငွေရရှိ

ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် အကူအညီ ရန်ပုံငွေဒေါ်လာ ၄၉ ဒသမ ၃ ဘီလျံထိ စံချိန်တင်ရရှိထားကြောင်း ယင်းရန်ပုံငွေများဖြင့် အဆင်းရဲဆုံးနိုင်ငံ ၇၉ နိုင်ငံကို အတိုးမဲ့ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ကလေးသန်း ၂၀၀ ခန့်ကို ကာကွယ်ဆေးထိုးပေးရန် လူသန်း ၃၀ ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုပေးရန် လူသန်း ၈၀ ကျော်ကို ရေရရှိမှုအကူအညီပေးရန်တို့တွင် ရန်ပုံငွေများတိုးမြှင့်သုံးစွဲ သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ "အလှူရှင်နိုင်ငံတွေက ဒီလိုကူညီခဲ့တာဟာ ဖွံ့ဖြိုးရေးရန်ပုံငွေကို အကူအညီပေးရုံအတွက်သာမက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ်ပါ ရှုမြင်ကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့တိုးတက်မှုအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တိုးတက်မှုက လိုအပ်ပါတယ်"ဟု ကမ္ဘာ့ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး နာဂိုဇီအိုကိုအမ်ဂျိုအီဝီအာကာက ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့သို့ ကူညီရန်ကတိပြုထားမှုသည် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုသည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ အဓိကအလှူရှင်နိုင်ငံများ ဘရပ်ဆဲလ်တွင် တွေ့ဆုံခဲ့ပြီးနောက် ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းရန်ပုံငွေသည် ဆင်းရဲသော အာဖရိက ၃၉ နိုင်ငံအပါအ၀င် နိုင်ငံ ၇၉ နိုင်ငံအတွက် ကမ္ဘာ့အကြီးဆုံးရင်းမြစ်တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံအပါအ၀င် အလှူရှင် ၅၁ နိုင်ငံက အရေးပေါ်အကျပ်အတည်း ကူညီရေးရန်ပုံငွေတစ်ရပ် ထူထောင်ထားသောအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့သို့ ထည့်ဝင်ကူညီနေကြသည်။ အကူအညီရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂနိုင်ငံများက ကူညီကြသည်။


၁၉၆၀ က စတင်တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ရန်ပုံငွေသည် ဒေါ်လာ ၂၂၀ ဘီလျံကျော်ကူညီထားပြီး ပြီးခဲ့သည့်နှစ်များအတွင်း တစ်နှစ်လျှင် ပျမ်းမျှဒေါ်လာ ၁၄ ဘီလျံခန့် ကူညီခဲ့သည်။ ၂၀၀၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော အစည်းအဝေးတွင် ၂၀၁၁ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့် စီမံကိန်းများအတွက် ဒေါ်လာ ၄၁ ဒသမ ၇ ဘီလျံထိ ရရှိခဲ့သည်။

http://www.news-eleven.com/

0 comments: