Friday, September 24, 2010

ငါဖြစ်ချင်တာ ငါမလုပ်နိုင်ဘူး

စက္ကန့်နဲ့အမျှ သေဆုံးနေတဲ့
အသွေးအသားတွေ ရပ်တန့်သွားအောင်
ငါမလုပ်နိုင်ဘူး။

ငယ်ရွယ်ပျိုမျစ်ခြင်းတွေ
ပြန်လည်အသက်ဝင်လာဖို့
ငါမလုပ်နိုင်ဘူး။

ရင်ထဲက ခံစားချက်နဲ့ စိတ်ကူးစကားလုံးတွေကို
သီကုံးဖွဲ့ဆင် စာလုံးအသွင်ပြောင်းဖို့
ငါမလုပ်နိုင်ဘူး။

ဘာသာတရားအောက်မှာ ယောင်ဝါးဝါး လုပ်နေသူတွေကို
လမ်းပြပေးနိုင်လောက်အောင်
ငါမလုပ်နိုင်ခဲ့ဘူး။

ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က
ပူလောင်ကျွမ်းနေသူတွေကို တရားချပေးနိုင်ဖို့
ငါမလုပ်နိုင်ဘူး။

ရေငတ်နေတဲ့ကလေးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို
နားခိုရာ အေးရိပ်ကလေး တည်ဆောက်ပေးချင်တာ
ငါမလုပ်နိုင်ခဲ့ဘူး။

စစ် ကဗျာထဲက ဒုံးဒုံးဒက်ဒက် တုံးလုံးပက်လဲကို
ရယ်ရွှင်မြူးတူး သံစုံကြူးအောင်
ငါမလုပ်နိုင်ခဲ့ဘူး။

လစ်ဟင်းနေတဲ့တာဝန်တွေကို အစားထိုး ၀န်ထမ်းလိုက်ချင်ရဲ့
ကယ်တင်ရှင် တစ်ယောက်ဖြစ်ချင်ပါလျှက်
ငါမလုပ်နိုင်ခဲ့ဘူး။

မြေပြင်ပေါ်က အဖြူရောင် အဆောက်အဦးထဲမှာ
သစ်သားတွေ ကာရံထားတဲ့ အနက်ရောင်အခန်းကျဉ်းထဲက ငါ
ငြိမ်းချမ်းရေးတရား တည်ဆောက်မယ့် ကင်တင်ရှင် အဖြစ်လဲ
ငါမလုပ်နိုင်ခဲ့ဘူး။

မိုးယံ(24.9.2010)

4 comments:

Anonymous said...

လုပ်နိုင်တာ တစ်ခုတော့ ရှိတယ် သယ်ရင်း..
မင်းအပြုံးလေး တစ်ပွင့်ကို ဘာသာမရွေး လူမျိုးမရွေး
အားလုံးမျက်နှာဆီ ပစ်ပေါက်နိုင်တယ်..။

Maung Myo said...

ကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူးလို့ထင်တာ မလုပ်ကြည့်ရသေးလို့ပါ လက်လှမ်းမှီသလောက် ပေးကမ်းနိုင်ရင်လည်း အလှူတန်းကြီးမလုပ်နိုင်ပေမယ့် ကုသလိုလ်ရပါတယ်လေ ။ ပြတိုက်လေး ပြောထားသလို ဘာသာတရား တွေ အသာရောင်တွေ ကျားမ မခွဲခြားမှာ လူတိုင်းကို အပြုံးမျက်နှာလေး တပ်ဆင်ဆက်ဆံကြည့်လိုက်ပါ ပျော်ရွှင်မှုတွေကို ရလာမှာ အသေချာ ။. ဖတ်ဖူးတဲ့ စာသားလေး လက်ဆောင်ပေးခဲ့ချင်တယ် ။

ပြုံးတာဟာ ဘာမှမခက်ပါဘူး
လူမှုဆက်ဆံရေး နယ်ပယ်မှာ ပေါင်းကူးတံတား ထိုးပေးမယ့် အလွယ်ကူ အထိရောက်ဆုံးဟာ ပြုံးချင်ပါတဲ့ ။

ကိုဇော် said...

မလုပ်နိုင်တာတွေကို ချရေးရင် ကုန်မှာ မဟုတ်ဘူး။
ဘာလို့လဲ ဆိုတော့ မလုပ်နိုင်တာတွေကို စဉ်းစားနေမိတာကိုး။ ဒီတော့ လုပ်နိုင်တာတွေကို စပြီး စဉ်းစားမိရင် လုပ်နိုင်တာတွေ မြင်လာလိမ့်မယ်။
ဒါကြောင့် လုပ်နိုင်တာတွေကို စစဉ်းစားရအောင်. . .
အခု အချိန်ဆိုတာ အရေးအကြီးဆုံးပါပဲ။

လသာည said...

အိမ်သာတက်ရင်း ရတဲ့အိုက်ဒီယာလေးနဲ့ ရေးတာလို့ လာကြွားသွားလို့ အသေအချာ လာဖတ်သွားပါတယ်း)))

ဖြစ်ချင်တာတွေထဲက အနည်းဆုံး တစ်ခုခု လုပ်နိုင်တဲ့နေ့ကျရင် အခုလို ကဗျာထပ်စပ်ဦးနော်။ သိပ်မကြာခင် စပ်နိုင်မှာပါ။ Please do.You can do it!!