
တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။
ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့် နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။

လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။
“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။

ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက်လာခြင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။
သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ပိုမိုအလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေသည်ဟု သိရသည်။
အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများလည်း မြင့်တက်လာသည်ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ်မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။

ဒေါက်တာ Marianna Virtanen နှင့် အပေါင်းအပါများက အဆိုပါတွေ့ရှိချက်ကို European Heart Journal တွင်ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန်တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။
“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါမှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီးပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့နေရာမှ လုပ်ငန်းခွင်ဖိအားတွေပါ အပိုတွဲပါလာတတ်ပြီး အဓိကအချက်ကတော့ ဒါတွေက နှလုံးသွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မားလာတာပါပဲ” ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။
မြို့တော်ပုသိမ် သတင်းစဉ် PatheinCity News
7 comments:
ကျေးဇူးပါပဲဗျာ ကျနော်လဲ နှလုံးမကောင်းပါ အလုပ်ချိန်များများလုပ်တာ မထိခိုက်ဘူးထင်နေတာပါ
ကျနော့်အလုပ်က မနက် ရ ည ရ ဖြစ်နေတာပါ. ခုပို့စ်ဖတ်ပြီး အလုပ်ချိန်လျှော့ချဖို့ လုပ်ပါတော့မယ်..
ကိုချစ်ဖေ နှလုံးမကောင်းဘူး ကျွန်းခံနေတယ် ဟားဟားးးး
စတာနော် လူတွေအကျိုးရှိတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကျန်းမာရေးအသိပေး မျှဝေခြင်းအတွက်ကျေးဇူးပါ.
အဆင်ပြေပျော်ရွှင်ပါစေ..။
ဟုတ်တယ်ဗျာ ၊ဒါမျိုးတွေ သိသင့်ပါတယ်....
နောက်ဝေမျှပါဦးဗျာ ..
အလုပ်ချိန်လျှော့တော့မယ်...
မလုပ်ဘဲနေရ ပိုကောင်းလေးမလား မသိး)
သားလည်း နှလုံးမကောင်းတော့ဘူး တစ်နေ့မှာ 10 အထက် အိပ်နေလို့း)
မင်း ဘလော့ကိုဝင်ရတာ ခဲဆွဲထားသလိုပဲ လေးလိုက်တာ တရားခွေတွေကော သီချင်းတွေကော ဘာတွေ ညာတွေကော ဆိုဒ်ပွင့်ဖို့စောင့်ရတာက 10မိနစ် အလုပ်ထဲကနေ ခိုးလည်ရပါတယ်ဆို ။
Post a Comment