Friday, September 17, 2010

သရုပ်ဆောင် မော်ဒယ်လ် ချမ်းမီမီကိုနှင့် တွေ့ဆုံခြင်း


အနုပညာ ပန်းခင်းထဲတွင် ပန်းရောင်စုံများက အသွင်သဏ္ဍာန် မျိုးစုံဖြင့် ဖူးပွင့်နေကြသည်။ ယင်းပန်းကလေးများထဲတွင် ပရိသတ်မှတ်မိသိရှိလာသူ ပန်းကလေးတစ်ပွင့်ဟု တင်စားနိုင်သည့် သရုပ်ဆောင် မော်ဒယ်လ် ချမ်းမီမီကို။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မိုးယံရွှေလမင်းပြိုင်ပွဲနှင့် အော်ရာမင်းအက်ဖ်ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ပြီးနောက် သရုပ်ဆောင် တစ်ဦးအဖြစ်ပါ ဆက်လက်တွေ့မြင်လာရသူ ချမ်းမီမီကိုသည် လတ်တလော ထွက်ရှိထားသည့် 'ကကြိုးရုပ်' ဇာတ်ကားနှင့် ပရိသတ်၏စတင် အသိအမှတ်ပြုခြင်းကို ရယူထားနိုင်ပြန်သည်။ ယင်းသို့အချိန်တိုအတွင်း လင်းလက်လာခဲ့သည့် ချမ်းမီမီကို၏ အနုပညာနှင့် ပတ်သက်သည့် ပစ္စုပ္ပန်အနာဂတ်အရေး ယုံကြည်မျှော်လင့်ချက်တို့ကို မေးမြန်းဖော်ပြပေးဖြစ်ပါသည်။

မေး- အနုပညာခြေလှမ်း အစပြုပုံကနေ စပြီး ပြောပြပေးပါလား။

ဖြေ- ချမ်းမီ ပထမဆုံး ဒီလောကထဲ စ၀င်ဖြစ်တာက ဆရာဂျွန်လွင်သင်တန်းမှာ တက်ဖြစ်ရာကနေ ရောက်လာခဲ့တာပါ။ သင်တန်းတက်ပြီးတော့ ပထမဆုံး အတွေ့အကြုံအနေနဲ့ မိုးယံရွှေလမင်းပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ မမျှော်လင့်ဘဲ မစ္စမိုးယံဆုကို ရရှိခဲ့ပါတယ်။ နောက်တော့ အော်ရာမင်းအက်ဖ်ပြိုင်ပွဲကို ထပ်ပြိုင်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ မှာလည်း Miss Oramin F ဆုကို ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲတွေက ချမ်းမီရဲ့အနုပညာခရီး လမ်းအစလို့ ဆိုလို့ရပါတယ်။

မေး- သရုပ်ဆောင် တစ်ယောက်အဖြစ်ကရော ဘယ်လိုစပြီး လှုပ်ရှားဖြစ်တာလဲ။

ဖြေ- သရုပ်ဆောင် တစ်ယောက်အဖြစ် က ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)ရိုက်ပြီး ကြည်ပြာရောင် နဂ္ဂတစ်များကို ပြန်ရိုက်တဲ့'အချစ်ရဲ့နေ့စွဲများ' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးရပါတယ်။ အဲဒါကသရုပ်ဆောင် ဘ၀ပထမဆုံးပါပဲ။ အဲဒီဇာတ်ကား ပြီးတော့မှ နောက်ထပ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖြစ်တာပါ။

မေး- ပထမဆုံး သရုပ်ဆောင်ရတဲ့ကားက အရင် က အရမ်းအောင်မြင်ခဲ့တဲ့ 'ကြည်ပြာရောင် နဂ္ဂတစ်များ' ဖြစ်နေတဲ့အတွက်ရော အခက်အခဲ ရှိလား။


ဖြေ- အခက်အခဲကတော့ ရှိပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ပထမဆုံးစလုပ်ရတာ ဆိုတော့ အရမ်းကြောက်မိတယ်။ မီးတွေ၊ မှန်တွေထိုးပြီး ကင်မရာရှေ့မှာ လုပ်တော့လို့ဆိုတာနဲ့ ကျက်ထားတဲ့ ဒိုင်ယာလော့ခ်တွေ မေ့ ရင်မေ့၊ မမေ့ရင်လည်း အမူအရာပိုင်းကို သိပ်မလုပ်တတ်နဲ့ အခက်အခဲ ရှိပါတယ်။ အဲဒါကို ဒါရိုက်တာကလည်း စိတ်ရှည်ရှည်နဲ့ သင်ပေးသလို တခြား စက်အဖွဲ့တွေကလည်း စိတ်ရှည်ပေးခဲ့ကြတဲ့အတွက် အချိန်နည်းနည်း ကြန့်ကြာပေမယ့် အဆင်ပြေခဲ့တယ် လို့ ဆိုရမှာပါ။

မေး- နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်တဲ့ အခါမှာရော ဇာတ်ကားကို ဘယ်လိုရွေးချယ်လဲ။

ဖြေ- ချမ်းမီက ရွေးချယ်တယ်ဆိုတာထက် ချမ်းမီတို့လို အသစ်တွေကျတော့ ပရိသတ်နဲ့ထိတွေ့ခွင့်ရမှပဲ ဖြစ်မှာပါ။ ဒါကြောင့် လာပြီးပြောတဲ့ ဇာတ်ကလေးတွေထဲက ဇာတ်ကောင် စရိုက်လေးတွေကို သေချာဖတ်တယ်။ ပြီးတော့ ချမ်းမီတတ်နိုင်သလောက် ကလေး ကြိုးစားပြီး လုပ်ဖြစ်ပါ တယ်။ အခုထက်ပိုပြီးလည်း လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။

မေး- ဒီလောကထဲကို အနုပညာမျိုးရိုးနောက်ခံ မရှိဘဲဝင်ခဲ့တာဆိုတော့ ပိုပြီးခက်ခဲတာမျိုးရော ရှိလား။

ဖြေ- အခက်အခဲ ဆိုတာကတော့ ဘယ်အလုပ်မဆို ရှိမှာပါပဲ။ ချမ်းမီအတွက် ကြုံလာတဲ့ အခက်အခဲတွေကိုလည်း ဒီလိုပဲအားတင်းပြီး ဖြေရှင်းတာပါပဲ။ အနုပညာမျိုးရိုးမရှိတဲ့ အတွက်ကတော့ ပိုပြီးနည်းနည်း ခက်တာပေါ့လေ။ ဒါ ကလည်း ဒီလောကထဲရောက်လာတဲ့ အခါ ၀ိုင်းဝန်းကူညီပေးကြပါတယ်။ မသိသေးတာတွေသင်ယူ၊ သိချင်တာရှိရင်လည်း လိုက်မေးရတာပေါ့။ သူများထက်တော့ ပိုပြီးကြိုးစားရမယ်လို့ ထင်တယ်။

မေး- အနုပညာအလုပ်ကို လုပ်ဖြစ်တဲ့ ခံယူချက် ကရော။

ဖြေ- ပထမတော့ ၀ါသနာပါတယ်ဆိုရုံပါပဲ။ ဆရာဂျွန်လွင်ဆီမှာ သင်တန်းတက်ဖြစ်ပြီး မမျှော်လင့်ဘဲ အခုလို သရုပ်ဆောင် တစ်ယောက်အဖြစ် ကြိုးစားဖြစ်တဲ့အချိန်မှာတော့ ဒီအလုပ်က အရမ်းခက်ခဲတယ် ဆိုတာ တဖြည်းဖြည်း နဲ့နားလည်လာပါတယ်။ အဲဒီလို ခက်ခက်ခဲခဲနဲ့ လျှောက်လာရတဲ့ လမ်းကလေးကို လွယ်လွယ်နဲ့တော့ အလျှော့မပေးချင်တော့ဘူး။ ကိုယ်ကြိုးစား နိုင်သလောက် အတိုင်းအတာထဲမှာတော့ အစွမ်းကုန်ကြိုးစားမယ်လို့ ခံယူထားပါတယ်။

မေး- လူငယ်အနုပညာရှင် တစ်ယောက်အတွက် လျှောက်လှမ်းရတဲ့ခရီးလမ်းမှာ ရိုးသားမှုဆိုတာ ဘယ်လောက် အရေးပါတယ်လို့ထင်လဲ။

ဖြေ- ရိုးသားမှုက အရေးပါပါတယ်။ လူတစ်ဦးချင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လူအများနဲ့ ဆက်ဆံရေးမှာပဲဖြစ်ဖြစ် ရိုးသားမှုကိုအရင်းခံမှပဲ ရေရှည်အဆင်ပြေလိမ့်မယ်လို့ ယုံကြည်လက်ခံ ထားတယ်။ အဓိကတော့ ကိုယ့်ကိုယ် ကိုယ်လိပ်ပြာသန့်ဖို့ လိုမယ်ထင်ပါတယ်။ ဒါကြောင့် ချမ်းမီအနေနဲ့လည်း အတတ်နိုင်ဆုံး ရိုးရိုးသားသားနဲ့ ကြိုးစားသွားမှာပါ။ အနုပညာ ဆိုတာမျိုးကတော့ ကံ၊ ဥာဏ်၊ ၀ီရိယ အပြင် စန်းဆိုတာမျိုးကလည်း ရှိသေးတယ်လေ။

မေး- ကကြိုးရုပ် ဇာတ်ကားလေးမှာ ပရိသတ် လက်ခံကြတယ်နော်။ အဲဒီကား ရိုက်တုန်းက အတွေ့အကြုံလေးတွေလည်း ပြောပြပါဦး။

ဖြေ- အဲဒီဇာတ်ကားမှာ ချမ်းမီကိုပရိ သတ်လက်ခံတယ်လို့ ပြောကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တမ်း ပြန်ကြည့်ရင်တော့ အဲဒီဇာတ်ကားမှာ ချမ်းမီအတွက် လိုအပ်ချက်တွေအများကြီးပါပဲ။ အဲဒီကားရိုက်တုန်းကဒါ ရိုက်တာကလည်းအများကြီး သင်ကြားပြသပေးသလို တွဲဖက်သရုပ်ဆောင် တွေကလည်း အများကြီး ကူညီပေးခဲ့ပါတယ်။ သူတို့တွေရဲ့ကူညီသင်ပြပေးမှုကြောင့်သာ အခုလိုလေးဖြစ်သွားတာပါ။

မေး- အနုပညာနဲ့ ပတ်သက်လို့ရော ဘယ်လောက် ရည်မှန်းချက်ထားထားလဲ။

ဖြေ- ချမ်းမီသရုပ်ဆောင် တစ်ယောက် ဖြစ်ချင်ပါတယ်။ ဇာတ်ရုပ်အစုံကို သရုပ်ဆောင်နိုင်တဲ့သူ တစ်ယောက် ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။

http://www.news-eleven.com/

0 comments: