Friday, September 17, 2010

Weekly Eleven မကွေးသတင်းထောက်ကိုအောင်သူငြိမ်းအား ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေး

Weekly Eleven မကွေးသတင်းထောက် ကိုအောင်သူငြိမ်းအား မကွေးမြို့အမှတ် (၁) ရဲတပ်ဖွဲ့စခန်းအတွင်းရှိ မြို့နယ်မှူးရုံးတွင် စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ ခေတ္တထိန်းသိမ်းထားရာမှ ယနေ့ စက်တင်ဘာလ (၁၇) ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါသည်။ "ညှိနှိုင်းဖြေရှင်းပေးတဲ့အတွက် ကျွန်တော်တို့ သတင်းထောက် ပြန်လွတ်လာပါပြီ။

ကျွန်တော်တို့ ဘာခံဝန်မှ လက်မှတ်မထိုးခဲ့ပါဘူး။ အခုလိုမျိုး ပြန်လွှတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါဟာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရဲ့ ပြယုဂ်တစ်ခုအဖြစ် ကြိုဆိုပါတယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာ လိုက်နာ ကျင့်သုံးရမယ့် ပြည်သူတွေတင်မကဘဲ လက်ခံကျင့်သုံးမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေ အဆင့်ဆင့်မှာလည်း တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီး အနေနဲ့လည်း ကျွန်တော်တို့လိုပဲ တရားဥပဒေ အမှန်စိုးမိုးရေးအတွက် ရင်ဆိုင်ဖြေရှင်းနိုင်ကြဖို့ ဆုတောင်းပါတယ်" ဟု Weekly Eleven တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောပါသည်။ မကွေး သတင်းထောက် ကိုအောင်သူငြိမ်းကလည်း "ဒီကိစ္စက ဒီလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့လဲ မထင်ပါဘူး၊ ဒါပေမဲ့ အခုလို အေးအေးဆေးအေး ဖြစ်သွားတဲ့ အတွက် ၀မ်းသာကျေနပ်ပါတယ်။ ကျွန်တော့်ဘက် က ရပ်တည်ကူညီပေးခဲ့တဲ့ Eleven Media Group နဲ့အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။" ဟုပြောပါသည်။

အဆိုပါ သတင်းထောက် ပြန်မလွတ်မီ နံနက် ၉ နာရီဝန်းကျင်ခန့်က မေးမြန်းမှုအရ ၀ါရင့် သတင်းစာဆရာ၊ ဂျာနယ်လစ်အချို့၏ အမြင်
ဆရာလူထုစိန်ဝင်း

ဒီဖြစ်စဉ်မှာ သတင်းထောက်ကို ဖမ်းထားတာတော့ လုံးဝကို မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စပါ။ လက်ရှိ တရားဥပဒေတွေနဲ့လည်း မညီပါဘူး။ သတင်းထောက် တစ်ယောက်မှာ သတင်းယူပိုင်ခွင့်၊ သတင်းဓာတ်ပုံ ရိုက်ကူးယူခွင့် ရှိပါတယ်။ ဒါက သတင်းထောက် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။

ဆရာမောင်ဝံသ

သတင်းထောက်ကို သတင်းဓာတ်ပုံ ရိုက်တဲ့ အတွက်ကြောင့် ထိန်းသိမ်းတယ် ဆိုတာကိုတော့ အံ့သြမိပါတယ်။ သတင်းယူတာ၊ သတင်းဓာတ်ပုံ ရိုက်တာ သတင်းထောက်ရဲ့ တာဝန်ပါ။ သတင်းဓာတ်ပုံရိုက်လို့ အရေးယူတယ်ဆိုတဲ့ ကိစ္စက တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းရင် ပြေလည်နိုင်တဲ့ ကိစ္စလို့ ထင်ပါတယ်။ ညှိနှိုင်းဖြေရှင်း ပေးနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။

ဦးကိုကို(စက်မှုတက္ကသိုလ်) မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့-အတွင်းရေးမှူး

ဂျာနယ်က တရားဝင် ခန့်အပ်ထားတဲ့ သတင်းထောက် တစ်ယောက် အနေနဲ့ သတင်းဓာတ်ပုံ ရိုက်ကူးတဲ့ အခါမှာ နိုင်ငံတော် လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နေရာတွေ၊ ဥပဒေနဲ့ ဆန့်ကျင်မှု မရှိတဲ့ နေရာတွေကလွဲပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘယ်နေရာမှာ မဆို သတင်းယူခွင့်၊ သတင်းဓာတ်ပုံ ရိုက်ယူခွင့် ရှိပါတယ်။ တရားဝင် ခန့်အပ်ထားတဲ့ သတင်းထောက် ဖြစ်ဖို့တော့ လိုပါတယ်။

ဒီကိစ္စရပ်အပေါ်မှာ အခုလို ဖြစ်လာပြီဆိုရင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က လျစ်လျူနေမှာတော့ မဟုတ်ပါဘူး။ ဒီလို ဖြစ်စဉ်မျိုးကို အရင်က ဖြေရှင်းခဲ့ဖူးခြင်း မရှိပေမယ့် အခု ကိစ္စမှာတော့ တတ်နိုင်တဲ့ နည်းလမ်းကနေ အကောင်းဆုံး ဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

http://www.news-eleven.com/

0 comments: