Wednesday, December 15, 2010

ကားဝယ်မယ် ဆိုရင် ဈေးချောင်တိုင်း စိတ်မ၀င်စားနဲ့ ဒါတွေရှိတယ်

ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်းတစ်နေရာကို ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး
စခန်းအတွင်းတစ်နေရာကို ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်

ယခုလပိုင်းများအတွင်း ရန်ကုန်ကားဈေးကွက်၌ ကားရောင်းဝယ်မှုများတွင် ၀ယ်ယူသူများအတွက် နစ်နာနိုင်သည့် အရှုပ်အရှင်းအချို့ ဖြစ်ပေါ်လျက်ရှိပြီး သတိထား ၀ယ်ယူရမည့် အခြေအနေများ ရှိလာသည်ဟု ကားဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

နံပါတ်တစ်ခုတည်းနှင့် ကားနှစ်စီး ဖြစ်နေတတ်သည့် ဖြစ်ရပ်မှာ အဓိကကြုံလာရသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်းနှင့် ၀ယ်ယူမိသူအချို့ ငွေပြန်တောင်းရခြင်း၊ ရှင်းလင်းရခြင်း၊ နံပါတ်တူ အတုလုပ်ခံရသည့် ယာဉ်ပိုင်ရှင်များမှာလည်း လိုက်လံ ရှင်းလင်းရခြင်းများ ဖြစ်ပေါ်နေသည် ဟု သတင်းရရှိပါသည်။

ထို့အတွက် ယခုနောက်ပိုင်း ကားဝယ်ယူမည်ဆိုပါက ၀ယ်ယူလိုသူများအနေဖြင့် ဈေးချောင်တိုင်း စိတ်ဝင်တစား မ၀ယ်ယူသင့်ဘဲ ၀ယ်ယူမည်ဆိုပါက သက်ဆိုင်ရာ က.ည.န ရုံးတွင် စုံစမ်းစိစစ်ပြီးမှသာ ၀ယ်ယူသင့်ကြောင်း သုံးသပ်လာကြသည်။

နံပါတ်ကတစ်ခုတည်း ကားကနှစ်စီး . . .

"နံပါတ်က တစ်ခုထဲကားက နှစ်စီးဖြစ်နေတာ။ နံပါတ်အတုနဲ့ ကားက လိုင်စင်အစစ်ကားထက် ကျပ်သိန်း ၅၀ နဲ့အထက် ဈေးလျှော့ရောင်းတယ်။ နောက်မှ ကိုယ်ဝယ်တဲ့ နံပါတ်နဲ့တူတဲ့ ကားတစ်စီးပေါ်လာတော့မှ ၀ယ်တဲ့သူလည်း အတုမှန်းသိတယ်။ အတုမှန်းသိတော့ ရောင်းလိုက်တဲ့သူဆီမှာ ငွေပြန်လိုက်တောင်း နဲ့ရှုပ်ကုန်တာပေါ့ဗျာ။ နံပါတ်အစစ် သမားကလည်း သူ့နံပါတ်နဲ့နောက် တစ်စီးပေါ်လာတော့ လိုက်စုံစမ်းလိုက်ရှင်းနဲ့ အလုပ်ရှုပ်ကုန်တာပေါ့။ ကားဝယ်တဲ့သူတွေ ဈေးချောင်တိုင်း စိတ်မ၀င်စားဖို့လိုတယ်။ ဒီလိုပြဿနာတွေ ရှိတယ်ဆိုတာလည်း သတိထားသင့်တယ်"ဟု ကားဝယ်ရောင်းတစ်ဦးက ရှင်းပြခဲ့သည်။

ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်းတစ်နေရာကို ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်းတစ်နေရာကို တွေ့ရစဉ်

နယ်လိုင်စင် စာရွက်စာတမ်းအတုနဲ့ ရန်ကုန်က ကားမျိုးဝယ်မိရင် . . .

"နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ နံပါတ်တစ်ခုတည်းနဲ့ ကားနှစ်စီး ဖြစ်နေတာ မဟုတ်ဘူး။ စာရွက်စာတမ်းအတု ပုံစံဖြစ်နေတာ။ နယ်မြို့တစ်မြို့မှာ လိုင်စင်ဝင်ထားတဲ့ ရန်ကုန်ကကားပေါ့။ တကယ်တမ်း ၀ယ်ပြီးလို့ အဲဒီနယ်မြို့ကို ဆက်သွယ်ကြည့်တော့ အဲဒီနံပါတ်နဲ့ လိုင်စင်ဝင်ထားတာ မရှိမှန်းသိပြီး ငွေပြန်တောင်း၊ ပြန်ရှင်းရနဲ့ ၀ယ်တဲ့သူလည်း တော်တော်အလုပ်ရှုပ်သွားတာပေါ့။ ရောင်းပေးရတဲ့သူလည်း မကောင်း ဖြစ်တာပေါ့။ ဒါကနယ်လိပ်စာနဲ့ လိုင်စင်ဝင်ထားပြီး ကားက ရန်ကုန်က ပိုင်တဲ့ကားပေါ့"ဟု ရန်ကုန်ကားဈေးကွက်အတွင်းမှ ကားပွဲစားတစ်ဦးက လည်းပြောပြခဲ့သည်။

ဝယ်ချင်ရင် က.ည.နကို အရင်သွားမှ ဖြစ်တော့မယ့်ကိန်းဆိုက်ပြီ . . .

ထိုသို့ ဖြစ်ရပ်များဖြင့် မကြုံတွေ့စေရန် ကားဝယ်ယူမည့်သူများ အနေဖြင့် ၀ယ်ယူမည့်ကားအတွက် သက်ဆိုင်ရာ က.ည.နရုံးများတွင် စုံစမ်းစိစစ်ပြီးမှ ၀ယ်ယူသင့်သည်ဟုလည်း ယာဉ်ပိုင်ရှင်များက ပြောကြားခဲ့သည်။

"ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို ကြည့်ရင်ဈေးက ပုံမှန်ထက် ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၈၀ လောက် သက်သာတယ်။ စာရွက်စာတမ်းလည်းရှိ နေတတ်တယ်။ တကယ်စစ်ကြည့်မှ စာရွက်စာတမ်းလည်း အတုဖြစ်မှန်း သိရတာမျိုးပါ။ ဒီအတွက် ကားဝယ်မယ့်သူတွေအနေနဲ့ က.ည.နမှာ အရင်စုံစမ်းကြည့်ပြီးမှ ၀ယ်သင့်ပါတယ်။ ဒီလိုပဲဝယ်ရောင်းတွေတောင်မှ စိစစ် ပြီးမှလက်ခံပြီး ရောင်းဝယ်ပေးသင့်လာတယ်။ မဟုတ်ရင်အားလုံး ခေါင်းကိုက်ရတယ်ဗျာ"ဟု ယာဉ် ပိုင်ရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။

"အခု ပြဿနာဖြစ်တဲ့ကားတွေ အားလုံးက နံပါတ်အမြင့်တွေနဲ့ ကားသစ်တွေမှာပဲ အဖြစ်များနေသလို မော်ဒယ်မြင့်ကားတွေလို့ သိရတယ်။ အဲဒီအတွက် နံပါတ်မြင့်တွေဆိုရင် ပိုတောင် သတိထားရမလို ဖြစ်နေတယ်။ ၀ယ်ချင်ရင် ကညနအရင်သွားရမယ့် ကိန်းဆိုက်နေပြီ"ဟု ၀ယ်ရောင်းတစ်ဦးကလည်း ပြောကြားခဲ့သည်။

ဈေးချောင်တိုင်း စိတ်မ၀င်စားနဲ့ လိုင်စင်နှစ်မျိုးနှစ်စား၊ ဈေးကနှစ်မျိုးနှစ်စားတဲ့

နံပါတ်တစ်ခုတည်း ကားနှစ်စီး ဖြစ်နေခြင်း၊ စာရွက်စာတမ်း အတုဖြင့် ရောင်းချလာသည့် ကားအမျိုးအစားများကဲ့သို့ပင် ၀ယ်ယူသူများ သတိပြုရမည့် နောက်ထပ်ဖြစ်ရပ်များ ကျန်ရှိနေသေးကြောင်း ကားဈေး ကွက်ကျွမ်းကျင်သူများက ဆိုသည်။

"နံပါတ်တစ်ခုတည်း ကားက နှစ်စီးမျိုးကို ၀ယ်မိတာ၊ စာရွက်စာတမ်း အတုနဲ့ကားတွေကို ၀ယ်မိတာမျိုးလိုပဲ ၀ယ်သူတွေ နောက်ထပ်သတိထားရမှာတွေ ရှိသေးတယ်။ တစ်ခုပဲ ထောက်ပြချင်တယ်။ တချို့နယ် ဘက်က အဖွဲ့အစည်း ဆိုင်ရာတွေနဲ့ လုပ်ထားတဲ့ကားတွေရဲ့ လိုင်စင်က နှစ်မျိုးဖြစ်နေတတ်တာ။ လိုင်စင်တွေကတော့ အစစ်တွေချည်းပါပဲ။ ဥပမာ အဖွဲ့အစည်းနဲ့လုပ်ထားတဲ့ လိုင်စင်ဝင်ထားတဲ့ကားတွေမှာ လိုင်စင်ပုံစံ က နှစ်မျိုးရှိတယ်။ တစ်မျိုးက အခွန်ပြေကြေပြီးသား၊ တစ်မျိုးက အခွန် မသွင်းရသေးဘူး။ အခွန်သွင်းပြီးသား လိုင်စင်နဲ့ကားက ဥပမာလင်ခရူဆာ ဆိုပါတော့ ကျပ်သိန်း ၃၃၀၀ နဲ့ရောင်းတယ်။ အခွန်မသွင်းရသေးတဲ့ လိုင် စင်နဲ့ကားကကျပ်သိန်း ၂၆၀၀ ပဲ ရှိ တယ်။ တန်တယ်ကွာလိုင်စင်လည်း ရှိပြီးသားဆိုပြီး ၀ယ်လိုက်ရင်တော့ နောက်ပိုင်း အခက်တွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ဝယ်ပြီး နာမည်ပြောင်းတဲ့အခါ ၀ယ်မိတဲ့သူက အခွန်ထပ်ဆောင်ရလိမ့်မယ်။ အခွန်ကနည်း နည်းလေးမဟုတ်ဘူး။ ကျွန်တော်သိ သလောက် အဲဒီလို လင်ခရူဆာ ဆို ကျပ်သိန်းထောင်ချီပြီး အခွန်ပေးသွင်းရတယ်။ အဲဒါကြောင့်ဝယ်တဲ့သူတွေ အနေနဲ့ ဒါကိုလည်းသတိပြုမိဖို့ လိုတယ်။ ဟိုကားလည်း လိုင်စင်နဲ့ ဒီကားလည်း လိုင်စင်နဲ့ပဲ ကျပ်သိန်း ၇၀၀ လောက် သက်သာတယ်ထင်ပြီး သွားဝယ်ရင် နောက်ထပ်ကျပ်သိန်း ၁၀၀၀ လောက် ထပ်စိုက်ရလိမ့်မယ်။ လိုင်စင်တွေက အစစ်တွေချည်းပဲ ဆိုပေမယ့် နှစ်မျိုးနှစ်စားကိုသိထားဖို့ လိုတယ်လို့ပဲပြောတာပါ"ဟု ကားပွဲစားတစ်ဦးက ရှင်းပြခဲ့သည်။

ဒီအရှုပ်တွေ ရှင်းဖို့ဆိုရင် ...

"ဒီလိုဖြစ်လာရတာက ကျွန်တော် ပြောခဲ့သလိုပဲ လိုင်စင်မဲ့ကားတွေ ကျန်တာ များပြားနေလို့ပေါ့။

လိုင်စင်မဲ့ကား များပြားရင် ဒီလိုဖြစ်ရပ် မျိုးတွေ ကြုံရမှာဖြစ်သလို နောက် ပိုင်းဆိုရင် ဖြေရှင်းရခက်တဲ့ ယာဉ် အမှုအခင်းတွေပါ ဖြစ်ပေါ်လာနိုင်တယ် လို့ ကျွန်တော် သုံးသပ်ထားပြီးသားပါ။ လိုင်စင်မဲ့ ကားပိုင်ဆိုင်ထားတဲ့ သူတွေအများစုကတော့ စက်တင်ဘာလ ၂၂ ရက်နေ့ညနေ၊ စက်တင် ဘာလ ၂၃ ရက် နေ့မနက်ကစပြီး လိုင်စင်မဲ့ယာဉ်တွေသတ်မှတ်ဒဏ်ကြေး ပေးသွင်းတဲ့ အစီအစဉ် ရုတ်တရက် ပိတ်သွားပြီးတဲ့နောက်မှာ လိုင်စင် ၀င်ဖို့ အချိန်မမီလိုက်ဘဲ လက်ဝယ်ပိုက်မိတဲ့သူတွေ များပါတယ်။ သူတို့ အားလုံးကြောင့်ဖြစ်တယ်လို့ ကျွန်တော် ဆိုလိုတာမဟုတ်ဘူး။ ဒီအထဲ က တချို့တစ်လေကြောင့်ပဲ ဖြစ်နိုင်တာပါ။ ပြောချင်တာကတော့ အတုတွေ များလာတာကတော့ လိုင်စင်မဲ့ကား တွေများနေလို့ပါ"ဟု ကားလုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။

"လိုင်စင်မဲ့ယာဉ်တွေက ဒေသအနှံ့မှာရှိနေတာဖြစ်တော့ နယ်လိုင်စင် လိုလို၊ ရန်ကုန်လိုင်စင်လိုလိုနဲ့ တချို့လည်းလုပ်ကြမှာပေါ့။ လိုင်စင်မဲ့ယာဉ်တွေများလို့ ဒီလိုဖြစ်ပေါ်လာရတာ။ လိုင်စင်မဲ့ယာဉ်တွေ မများအောင် လိုင်စင်မဲ့ယာဉ်တွေကို ဒဏ်ကြေးဆောင်ပြီး လိုင်စင်ပြန်လုပ်ပေးတဲ့ အစီအစဉ်ကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည် ဖွင့်ပြီးလုပ်ပေးမယ်၊ ဘယ်ကာလဆို အရေးယူမယ်ဆိုပြီး လုပ်လိုက်ရင်တော့ ပပျောက်ကုန်မယ်လို့ မျှော် လင့်ပါတယ်။ ဒီနည်းက နိုင်ငံတော် ဘဏ္ဍာလည်း ရမယ်၊ အချိန်မမီတဲ့သူတွေ အတွက်လည်း ဖြေသာမယ်လေ"ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်ခဲ့သည်။

http://www.news-eleven.com/

2 comments:

...အလင်းစက်များ said...

ကားဝယ်ချင်လို့  တစ်စီးဘယ်လောက်တုန်းဗျ... :P

မှတ်ချက်။.....။ ဆီမထည့်ပဲမောင်းနိုင်သည့် ကားဖြစ်ရမည်.... :D

Anonymous said...

ဖတ်သွားပါတယ်..
ကားဝယ်စီးနိုင်တော့မှနောက်တခါလာဖတ်မယ်:)