Saturday, March 20, 2010

ဂျရတ်နှင့်တောရက်စ်ကို ရီးယဲလ်မက်ဒရစ် ခေါ်ယူရန်စီစဉ်နေ


ရီးယဲလ်မက်ဒရစ် အသင်းသည် လီဗာပူးလ်အသင်း၏ အဓိက ကစားသမား (၂)ဦးဖြစ်သော ဖာနန်ဒိုတောရက်စ်နှင့် စတီဗင်ဂျရတ်တို့အား ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ စပိန်နှင့် အင်္ဂလန် သတင်းစာများက ရီးယဲလ်သည် လီဗာပူးလ် အသင်းခေါင်းဆောင် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူအတွက် ယူရိုသန်း(၃၀)ဖြင့် ကမ်းလှမ်းလာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ ထို့အပြင် ရီးယဲလ်၏ မြို့ခံပြိုင်ဖက် အက်သလက်တီကို မက်ဒရစ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့သော စပိန်လက်ရွေးစင် တိုက်စစ်မှူး တောရက်စ်ကိုလည်း ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က သဘောကျနေသည်။ တောရက်စ်သည် လီဗာပူးလ်အသင်း အမှတ်ပေးဇယားတွင် ရုန်းကန်နေရခြင်းနှင့် ဥရောပ ချန်ပီယံလိဂ်မှ စောစီးစွာ ထွက်ခွာခဲ့ရခြင်းတို့ကြောင့် အသင်းအပေါ် စိတ်ပျက်စ ပြုနေပြီဟု မကြာသေးမီကမှ ၀န်ခံပြောဆိုထားသေးသည်။ ထို့အပြင် ကိုယ်တိုင်လည်း ချန်ပီယံလိဂ်မှ စောစောစီးစီး ထွက်ခဲ့ရသည့် ရီးယဲလ်က လီဗာပူးလ်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ကိုပါ နည်းပြအဖြစ် ကမ်းလှမ်းလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးပြီး ဘင်နီတက်ဇ်ကမူ ငြင်းဆန်ထားသည်။ ဘာနေဗျူးအခြေစိုက် အသင်းကြီးသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများဖြစ်သည့် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရီကာဒိုကာကာ၊ ဇာဘီအလွန်ဆို၊ ကီရင်မ်ဘန်ဇီးမား အစရှိသည့် ကစားသမားများကို ၀ယ်ယူထားသော်လည်း အောင်မြင်မှုများနှင့် ဝေးကွာနေဆဲဖြစ်သည်။ ရီးယဲလ်သည် တောရက်စ်နှင့် ဂျရတ်တို့အပြင် မန်ချက်စတာ ယူနိုက်တက်မှ ၀ိန်းရွန်နီ၊ ဘေယန်မြူးနစ်မှ ဖရန့်ခ်ရစ်ဘာရီ၊ ချယ်လ်ဆီးမှ အက်ရှ်လေကိုးလ်နှင့် ဖီအိုရင်တီးနားမှ ဂျူအန်မန်နျူရယ်လ် ဗားဂက်စ်တို့ကိုလည်း စိတ်ဝင်စားလျက်ရှိကြောင်း သတင်းရရှိသည်။

Source: koptalk

0 comments: