Friday, March 19, 2010

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ လူငယ်တွေ တရားစခန်းပိုဝင်ကြမည်



ယခုနှစ်ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ထားသော်လည်း လူငယ်အချို့ သင်္ကြန်ကာလအတွင်း ပျော်ရွှင်မှုထက် တရားစခန်းဝင်၍ ကုသိုလ်ယူရန်နှင့် လူငယ်များစုပေါင်း၍ ကုသိုလ်ယူကြရန် အစီအစဉ်များကိုသာ ပိုမို စိတ်ဝင်စားနေကြောင်း လူငယ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


လူငယ်အများစုက ရန်ကုန်မြို့ သင်္ကြန်ကာလကို ကုသိုလ်ရေး အစီအစဉ်များဖြင့် ဖြတ်သန်းကြရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ ယခုနှစ်တွင် နေပြည်တော်ရှိ ၀န်ကြီးဌာနအားလုံးတွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များ ထားရှိမည်ဖြစ်ပြီး ယိမ်းအဖွဲ့ ၃၀ ဖြင့်ဖျော်ဖြေမှု များပေးသွားမည်ဟုလည်း သိရသည်။ ယင်းအပြင် နေပြည်တော်ဟိုတယ်ဇုန်၌ ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်များ တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည် ဟုလည်း သိရသည်။ နေပြည်တော် မြို့တော်ခန်းမရှေ့တွင် နေပြည်တော် မြို့တော်ဝန်ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နာမည်ကျော်အဆိုတော်များ၊ သရုပ်ဆောင်များလာရောက် ကြမည်ဟုလည်း သိရသည်။


ယခုနှစ်တွင် ရန်ကုန်မြို့၌နှစ်စဉ် သင်္ကြန်ရေကစားမဏ္ဍပ်များဖြင့် စည်ကားခဲ့သော ရန်ကုန်မြို့၏ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်ဘဲ အခြားနေရာများတွင် မဏ္ဍပ်များကို ဖြန့်၍ဆောက်လုပ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၀၉ ခုနှစ် သင်္ကြန်ကာလ အတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီမှုမရှိသော သရုပ်ပျက်ရေကစားမဏ္ဍပ် အများဆုံးတည်ရှိသည့်နေရာမှာ အင်းလျားလမ်းတွင်ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ခွင့်မပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ ၂၀၀၉ ခုနှစ် သင်္ကြန်ကာလအတွင်း အားနည်းချက်များကို ပြန်လည်သုံးသပ်ခဲ့ရာတွင် သင်္ကြန်မဏ္ဍပ် အများစုမှာနာမည်ပေးရာ၌ လျောက်ထားစဉ်ကနာမည်မဟုတ်ဘဲ အခြားစာသားများပါဝင်နေသည်ကို တွေ့ရှိခဲ့ ရကြောင်း၊ မဏ္ဍပ်အရွယ်အစားများမှာ လည်းလျောက်ထားစဉ်ကထက် လက်တွေ့တွင်အရွယ်အစားကြီးမားနေခြင်း နှင့် သောက်စားမူးယစ်သူများ၊ သရုပ် ပျက်ဝတ်စားဆင်ယင်မှုအပြင် ယာဉ်စည်းကမ်းလိုက်နာမှု လုံးဝမရှိခဲ့၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရသည်။



ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ပြည်လမ်း၌ ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုခဲ့ဘဲ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ဆောက် လုပ်ခွင့်ပြုခဲ့ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့နေရာအနှံ့၌ ရေကစားမဏ္ဍပ်အရေအတွက် ၂၀၀ကျော် ရှိခဲ့ပြီး အင်းလျားလမ်းတွင် မဏ္ဍပ်အရေအတွက် ၃၈ ခု ရှိခဲ့ကြောင်း သိရှိ ရသည်။


''ဒီနှစ်ပိုင်း ရန်ကုန်သင်္ကြန်က ဟိုးအရင်နှစ်တွေကလောက် မစည်ကားတော့ဘူးလို့ ပြောရပါမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မနှစ်ကတုန်းက အတွေ့အကြုံအရ ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့လောက် မှာပဲ လူတွေစည်ပြီး ရေပက်ခံကား တွေတိုးဝှေ့နေရတာကို တွေ့ရတယ်။ ကျန်တဲ့နေရာတွေအနေနဲ့ ပြောရင် မြို့ထဲပိုင်းတစ်နေရာလောက်ပဲ စည်ကားပြီး တခြားမြို့နယ်တွေမှာ ပါဝင်ဆင်နွှဲသူ နည်းပါးခဲ့ပါတယ်။ ဒီနှစ် လည်း အနုပညာရှင်တွေနဲ့ လူငယ် တချို့ကလည်း နေပြည်တော်သင်္ကြန် မှာပဲ ဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။ ဒါကြောင့် ရန်ကုန်သင်္ကြန်ကအရင်နှစ်တွေလောက်တောင် စည်ကားတော့ မယ်လို့မထင်ဘူး''ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောပြခဲ့သည်။
သင်္ကြန်ကာလအတွင်း၌ ပျော်ရွှင်မှုထက် ကုသိုလ်ယူလိုသော လူငယ်များအနေဖြင့် ယခုအချိန်ကတည်းပင် တရားစခန်းများကို ဆက်သွယ်စာရင်းပေးရန် စီစဉ်လျက်ရှိနေပြီး . . .


ယခုနှစ်တွင် ရန်ကုန်သင်္ကြန်၏ အစည်ကားဆုံးနေရာများဖြစ်သော အင်းလျားလမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်း တို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုသည့်အတွက် ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း နှင့် မြို့တွင်း Down Town ဧရိယာ များတွင် စည်ကားနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့နေပြည်သူအချို့က ဆိုပါ သည်။


'' ဒီနှစ်သင်္ကြန်မှာတော့ အပျော်တွေလျော့ပြီး ကုသိုလ်ရေးတွေကို ပိုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ပြီး တော့ နှစ်ဆန်းတစ်ရက်နေ့မှာ သက် ကြီးရွယ်အိုတွေကိုခေါင်းလျော်တာတို့၊ လက်သည်းခြေသည်းညှပ်ပေးတာတွေ လုပ်ပြီးကုသိုလ်ယူဖို့လည်း စိတ်ကူးထား ပါတယ်။ ရိပ်သာမှာတရားစခန်းဝင်ဖို့ လည်းရှိပါတယ်''ဟု လူငယ်တစ်ဦးက ဆိုသည်။


သင်္ကြန်ကာလအတွင်း၌ ပျော် ရွှင်မှုထက် ကုသိုလ်ယူလိုသော လူငယ်များအနေဖြင့် ယခုအချိန်ကတည်းပင် တရားစခန်းများကို ဆက်သွယ်စာရင်းပေးရန် စီစဉ်လျက်ရှိနေပြီး ကုမ္ပဏီ အစုအဖွဲ့များမှ လူငယ်များမှာလည်း သင်္ကြန်ကာလအတွင်း ပဉ္ဇင်းတက်ရန် နှင့် တရားစခန်းများဝင်ရောက်ရန် စီစဉ်မှုများရှိနေကြောင်း ကုမ္ပဏီအချို့မှ စုံစမ်းသိရှိရသည်။


ယခုနှစ်သင်္ကြန်အတွက် တရားစခန်းများတွင် တရားစခန်းဝင်ရန်နှင့် ဒုလ္လဘ၀တ်ရန် စာရင်းပေးသွင်းထား သူများ၊ သင်္ကြန်ကာလအတွင်း တရားစခန်းများတွင်ဝေယျာဝစ္စကုသိုလ်ယူရန် စာရင်းပေသွင်းထားသူ လူငယ်အများအပြားရှိကြောင်းလည်း စုံစမ်းသိရှိရ သည်။


''ကျွန်တော်တို့ကုမ္ပဏီက လူငယ် တွေ ဒီနှစ်တော့စုပြီးမလည်ကြတော့ဘဲ သင်္ဃန်းကျွန်းဘက်က တရားရိပ်သာတစ်ခုမှာ ရိပ်သာလာဝင်ကြတဲ့ လူတွေ ကို ဝေယျာဝစ္စကုသိုလ်လုပ်ဖို့အတွက် စာရင်းပေးခဲ့ပါတယ်။ ရပ်ကွက်ထဲမှာ လည်း နှစ်ဆန်းတစ်ရက်နေ့ကျရင် လုပ်မယ့် သက်ကြီးပူဇော်ပွဲအတွက် ဘိုးဘွားတွေကိုကြိုပို့ တာဝန်ယူဖို့ စာရင်းပေးထားပါတယ်''ဟုသင်္ဃန်းကျွန်း မြို့နယ်မှ လူငယ်တစ်ဦးက ပြောပြခဲ့ သည်။


စမ်းချောင်းမြို့နယ်ရှိ သမိဒ္ဓေါဒယ သုခိတာရာမဒေါ်ဉာဏစာရီ မြန်အောင် သီလရှင်စာသင်တိုက်တွင် ယခုနှစ် အတွက် အ.ထ.က(၂)စမ်းချောင်းမှ ကျောင်းသူ အယောက် ၁၀၀ ခန့် သီလရှင်ဝတ်ရန် စာရင်းပေးသွင်းထားကြောင်းလည်း သိရသည်။


''သင်္ကြန်တွင်းအတွက် ဒုလ္လဘ ၀တ်ကြဖို့ ကြိုတင်စာရင်းသွင်းတာမျိုး မရှိပေမယ့် နှစ်တိုင်းသင်္ကြန်တွင်း ရောက်ရင်တော့ ဒုလ္လဘကအနည်းဆုံး ၄၀၊ ၅၀ လောက်တော့ ရှိနေကြပါပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ မတ်လနဲ့သင်္ကြန်တွင်း အပါအ၀င်ဆိုရင် ဒုလ္လဘ ၃၀၀ လောက်ရှိခဲ့ပါတယ်''ဟု သီလရှင် ဆရာကြီးတစ်ဦးက ပြောပြခဲ့သည်။


အလားတူပင် သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မပီယရိပ်သာကျောင်းတိုက်တွင်လည်း နှစ်စဉ် သင်္ကြန်တွင်း ၁၀ ရက်တရားစခန်းကို ဖွင့်လှစ်လျက်ရှိရာ တရားစခန်းဝင်သူဦးရေမှာ ၃၀၀ ခန့် အထိရှိပြီး ယခုနှစ်အတွက် ရိပ်သာဝင်မည့်သူ အရေအတွက်မှာ ယခင်နှစ် ထက်များနိုင်သည်ဟု ရိပ်သာမှ တာ ၀န်ရှိသူတစ်ဦးက ဆိုပါသည်။ ယင်း အပြင် မိုးကုတ်ဝိပဿနာ(ဌာနချုပ်) တွင် သင်္ကြန်အတွက် စာရင်းပေးသွင်း မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်လက်ခံမည်ဖြစ်ပြီး ယခင်နှစ်အတွေ့အကြုံ များအရစာရင်းပေးသွင်းရမည့်နေ့ မတိုင်မီကပင် ကြိုတင်လာသူများရှိတတ်ပြီး ယခုနှစ်တွင် သင်္ကြန်တွင်းတရားစခန်း များအတွက် လူငယ်လူလတ်ပိုင်း အ များစု မေးမြန်းစုံစမ်းများရှိနေကြောင်း လည်း သိရသည်။


ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင်လည်း နှစ်စဉ်အတွေ့အကြုံများအရ နေရာ အခက်အခဲများရှိခဲ့ကြောင်းနှင့် ယခု နှစ်အတွက် ကြိုတင်စုံစမ်းမှုများရှိနေ ကြောင်း သိရသည်။
ယင်းအပြင် ဘိုးဘွားရိပ်သာ များ၌လည်း သင်္ကြန်ကာလအတွင်း လူငယ်များ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လာရောက်၍ ဘိုးဘွားများအား လက် သည်းခြေသည်းညှပ်ပေးခြင်း၊ ခေါင်း လျော်ပေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကူညီလုပ်ကိုင်ပေးခြင်းဖြင့်ကုသိုလ် ယူလိုကြသူများ နှစ်စဉ်လာရောက် စာရင်းပေးလေ့ရှိပြီး ယခုနှစ်တွင် ပိုမိုများပြားနိုင်ကြောင်း နှင်းဆီကုန်းဘိုး ဘွားရိပ်သာနှင့် ရွှေသံလွင်ဘိုးဘွား ရိပ်သာမှ စုံစမ်းသိရှိရသည်။
ရန်ကုန်သင်္ကြန်က ဟိုးအရင်နှစ်တွေကလောက် မစည်ကားတော့ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကတုန်းက အတွေ့အကြုံအရ ရေကစားမဏ္ဍပ်အများဆုံးရှိတဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့ လောက်မှာပဲ လူတွေစည်ပြီး ရေပက်ခံကားတွေ တိုးဝှေ့နေရတာကိုတွေ့ရတယ်။


''သင်္ကြန်ကာလမှာ ဘိုးဘွား ရိပ်သာတွေကိုလာပြီးကုသိုလ်ယူကြတဲ့ လူငယ်အဖွဲ့တွေ များတယ်။ မနှစ်က ဆိုရင် သုံးလေးဖွဲ့လောက် ရှိပါတယ်။ တစ်ဦးချင်းတော့လာတာနည်းတယ်၊ လူငယ်တွေစုပြီးလာကြတာပဲ။ မနှစ်က အတွေ့အကြုံအရ ဒီနှစ်ပိုများနိုင်ပါ တယ်''ဟု နှင်းဆီကုန်းဘိုးဘွားရိပ်သာ မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ရွှေသံလွင်ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးကလည်း စီစဉ်ပေးသူ များဘက်မှ အခက်အခဲများမရှိစေရန် လာရောက်ကုသိုလ်ယူလိုသူ လူငယ်များအနေဖြင့် ကြိုတင်သတင်းပို့ထားရန် လိုအပ်မည်ဖြစ်သည်ဟုပြောပြခဲ့သည်။


''တကယ်တော့ သင်္ကြန်ဆိုတာ နှစ်တစ်နှစ် ကူးပြောင်းသွားတဲ့ ကာလ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အဟောင်း အညစ်အကြေးတွေ၊ အကုသိုလ်အပြစ်တွေကို အတာရေအေးနဲ့ဆေးတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ လူငယ်တွေ အပျော်ဘက်ကနေ ကုသိုလ်ရေးကိုကူး လာတဲ့အတွက် ကောင်းတယ်လို့ပြောရ မှာပါ။ သင်္ကြန်ကာလမှာ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတဲ့ ဓလေ့မှန် စရိုက်မှန်ကိုတော့ ရှင်သန်စေချင်ပါတယ်''ဟု ရန်ကုန်မြို့ခံ တရားရုံးချုပ်ရှေ့နေ စာရေးဆရာတစ်ဦးက ဆိုပါသည်။

0 comments: