Friday, March 19, 2010

ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အထက်တန်းကျောင်း အချို့အား ပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ဟုဆို



ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အထက်တန်းကျောင်း အချို့အားပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ပုံမှန်အတိုင်းသာ လည်ပတ်နေကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ တာဝန်ရှိသူတစ်ဦးမှ မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။


ယခုအခါ ကျောင်းသားမိဘ လူငယ်ထုကြားတွင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းများဖြစ်သော ဒဂုံ(၁)၊ လသာ(၁)နှင့် အင်းစိန်(၂) စသောကျောင်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချကာ ပုဂ္ဂလိကပိုင် ဖြစ်မည်ဆိုခြင်းကြောင့် ကျောင်းတက်ရောက်ရာတွင် စိုးရိမ်စိတ်များ ဖြစ်ခဲ့ရကြောင်း အဆိုပါကျောင်းများတွင် တက်ရောက်နေသူအချို့က ပြောပြခဲ့ကြသည်။


သို့သော်လည်း ယင်းသတင်းမှာ ကောလာဟလပင်ဖြစ်ကာ မမှန်ကန်ကြောင်းကို ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှတာဝန်ရှိသူက''ဒဂုံ(၁)ဆိုလည်း အဲဒီမှာတက်နေတဲ့ ကျောင်းသားတွေအားလုံးပုံမှန်ပါပဲ။ ကော လာဟလတွေပါ''ဟု မတ်လ ၇ ရက် နေ့တွင် ပြောကြားခဲ့ပါသည်။


ထို့ပြင် ဒဂုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ မတ်လ ၅ ရက်နေ့က သွားရောက်မေးမြန်းခဲ့ရာတွင် လတ်တလောအနေဖြင့် မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာမျ မရောက်ရှိသေးကြောင်း တာဝန်ကျဆရာတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။


တရားဝင်ဖွင့်ခွင့်ပြုလိုက်သော ပုဂ္ဂလိကကျောင်းများဟူသည် လက်ရှိလုပ်ကိုင်နေဆဲ ပုဂ္ဂလိကပညာရိပ်ငြိမ်၊ ဘော်ဒါဆောင်နှင့် ပညာရေးစင်တာ များကိုသာ ဆိုလိုခြင်းဖြစ်ပြီး နိုင်ငံပိုင် အထက်တန်းကျောင်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များလက်သို့ လွှဲပြောင်းပေးကာ ပုဂ္ဂလိကကျောင်း အဖြစ် တည်ထောင်သွားမည်ဆိုခြင်းမှာ ကောလာဟလများသာ ဖြစ်ကြောင်း တာဝန်ရှိသူကပင် ရှင်းပြခဲ့သည်။


ပုဂ္ဂလိကကျောင်းများ တရားဝင်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းအားဖြင့် အရည်အသွေးကောင်းမွန်သည့် ပညာရေးတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

0 comments: