Thursday, October 7, 2010

အမေအဖြစ်မှစွန့် လွတ်ခြင်း

ကွန်မြူနစ်ဆန်ဆန် (သို့မဟုတ်) ကိုယ့်ကိုကို မချစ်တတ် မမုန်းတတ်အောင် နေမယ်လို့ ကြုံးဝါးနေတဲ့ ကျွန်တော့်ကို မျက်ရည်လည်စေခဲ့တဲ့ မေးလ်လေးပါဗျာ။ နည်းနည်းလောက် ခံစားကြည့်ပေးပါနော်။

ကျွန်တော် အမေ့ကိုမုန်းတယ်…
အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး….မျက်လုံးတစ်ဘက်ဘဲရှိတယ်… ရုပ်ဆိုးလိုက်တာ…အရမ်းကို ရှက်ဖို့ ကောင်းတာဘဲ… ဆိုင်လေး သေးသေး စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီးဟင်းရွက် လေးတွေရောင်းတယ် ဒီလိုဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ် အမေ့ကြောင့် လူတွေ က ကျွန်တော်တို့ကို အထင်သေး ကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေ တွေ လို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲဆိုတာ ကျွန်တော်ဖြင့် နားကိုမလည် နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို

ကျွန်တော် မချစ်ဘူး..မုန်းတယ်…

ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တယ်….ကျောင်းသား မိဘတွေကို ဖိတ် တယ်၊ကျွန်တော်အမေ့ကို မလာစေချင်ဘူး… ဒါပေမဲ့ အမေကကျောင်းကို ရောက်လာတယ်၊အမေ ဘယ်လို များ လုပ်လိုက်တာလဲ .. လူတွေကြားမှာ ကျွန်တော့ကို အရှက် လာခွဲတယ်…. ရှက်စရာကောင်းလိုက်တာ အခုတော့ ကျွန်တော့အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်း တွေ အကုန်သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်…ပြီးတော့ ကျောင်းထဲက နေ ပြေး ထွက် ခဲ့မိတယ်…

နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး “မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်။ကျွန်တော်ဒေါသလဲ ထွက်၊ ရှက်လဲ ရှက်မိတယ်….အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်း မိတယ်… သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံ လဲ မချမ်း သာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာဘဲ..

အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်.. “ အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာ လဲ အမေက သူများအမေတွေ လိုလဲ မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်၊ အမေက ဘာမှကိုပြန်မပြောဘူး ၊ ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ဘဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ် သွားမိတယ်… အမေ့ကို အဲလိုပြောလိုက်မိလို့.......ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်…ကျွန်တော် တစ်ချိန်လုံး အမေ့ကိုပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…......

အဲဒီည ကျွန်တော် တစ်ရေးနိုးလာတော့ရေဆာတာနဲ့ ရေသောက်ဖို့ထမင်းစားခန်း ထဲကိုအသွား တိတ် တိတ် လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံ မထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..
အမေ့ကိုကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်… တကယ်တော့ နေ့လည်က အမေ့ ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်း နှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမဲ့ အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်…

ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ် ငါ ရပ်တည် နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်..ဒီကနေ ငါ လွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲ ခြင်း ဆီကနေ….............

အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုလ်းမြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ် ကျွန်တော့် ဘ၀ အတွက်…… ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်းအောင် တော့ ဆိုလ်း တက္ကသိုလ် ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်....ခိုင်မာလာတယ်..

ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ် လာ တယ်.. သားသမီးတွေ ရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင် တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ ....ကျေနပ်နေပြီ…

ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူ တစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်..

"ဘုရားရေ…..အမေပါလား"

“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း… ဆိုးလိုက်တာဗျာ”..

ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက် တည်း နဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…

“ခင်ဗျားဘယ်သူလဲ...... ခင်ဗျားကို ကျုပ်မသိပါလား .......... ခင်ဗျားကကျုပ်အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ... ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ….

သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”


ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..

“အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ”…

အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ် သွား တယ်.တော်ပါသေးရဲ့..ဘုရား မ လို့၊အမေကျွန်တော့်ကို မမှတ်မိဘူး ကျွန်တော့်စိတ်တွေ အတော်သက်သာ ရာ ရသွားတယ်ကိုယ့်ကိုယ်ကို ပြောမိ တယ် “ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…”
ငါ့ဘ၀တစ်လျှောက် လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”

တစ်နေ့…..ကျွန်တော့်ဇာတိ ဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသား ဟောင်းတွေ ပြန်လည် တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေးရောက်လာတယ်၊ မသွားချင်ပေမဲ့ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမ ကို အမှန်အတိုင်း မပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာရှိတယ်လို့ ကျွန်တော်လိမ်လိုက်တယ်… ကျွန်တော့် ရဲ့ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…

တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်… အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး… အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ… ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီးကြည့်ချင်တာနဲ့ ထွက်လာ တာ ….

ဒီမှာဘဲ.. ကျွန်တော့အမေကို အေးစက် စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ် နည်းနည်း လေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်…

ကျွန်တော်ယူကြည့်လိုက်တော့အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထား တဲ့ စာမှန်း သိလိုက်ရတယ်…



သားလေးရေ…

အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင် တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီ တစ်ခေါက်လောက် လာလည် စေချင်လိုက် တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည် တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာ လိုက်တာ.. ဒါပေမဲ့ ကျောင်းကို အမေ မလာဖို့ ဆုံးဖြတ် ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်…အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေ တာ အမေ ၀မ်းနည်း ပါတယ်သားရယ်.

အမေပြောပြပါ့မယ်သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိ တစ်ဖက် ပျက်စီး သွားခဲ့တယ်. အမေ တစ်ယောက် အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင် ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်….ကြီးလာရင်
ငါ့သားလေး ရှက်မယ် ဆိုတာ အမေ သိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်း ရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်း ကောင်း မွန်မွန် ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး အမေ၀မ်းသာမိတယ်......ဂုဏ်ယူမိတယ်…. ဒီ့အတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး..၀မ်းလဲ မနည်း ခဲ့ပါဘူး. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုး ခဲ့ဖူးတယ်..စိတ်ဆိုးပြီး အမေ့ ကိုပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး….ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေ တွေးခဲ့ပါတယ်.....
အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..


အိုး.. ကျွန်တော့်အသည်းတွေကွဲပါပြီ…..အမေရယ် ….သားကိုခွင့်မလွှတ်ပါနဲ့ …ဘယ်တော့မှ သားမိုက်ကို ခွင့် မလွှတ်ပါနဲ့…..


ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့ အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရ ပါပြီ...............


ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည် တွေ နဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…......


ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရ တဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ….*

----သူငယ်ချင်းတစ်ယောက်မှပို့ပေးလိုက်တာပါနော်------
သူငယ်ချင်းတို့လဲသူ့လိုအဖြစ်မျှိုးနဲမကြုံပါစေနဲလို.---မိဘသေမှနောင်တ မရပါစေနဲနော် သူ့လိုမျိုး



အလုပ်များနေပေမယ့် စစ်ရမယ့် မေးလ်ကို လာစစ်ရင်း ဖတ်မိသွားရကနေ ကြိုက်လို့ ပြန်တင်ပေးမိတာပါဗျာ။“ မြန်မာချစ်သူများ ” မှ ဖြိုးနှင်းဝေ ၏ ပို့စ် ဖြစ်ပါသည်။
ဖြည့်စွက်
ဒါလေးက အဟောင်းလေးပါခင်ဗျာ မူရင်းဘာသာပြန်သူကတော့ မချော(အစိမ်းရောင်လွင်ပြင်) ဖြစ်ပါသည်။
ဘာသာပြန်ပေးသော မချောအား ဤနေရာမှ ပင် ကျေးဇူးစကားဆိုပါသည် ခင်ဗျာ။

8 comments:

ကိုလတ် said...

ကိုမိုးယံရေ ပိုစ့်လေးကအရမ်းကောင်းတယ်ဗျာ
မိဘဆိုတာဘယ်လိုပုံစံမျိုးပဲရှိရှိ..ဘယ်လိုအကျင့်မျိုးပဲရှိရှိ
မိဘဟာမိဘပါပဲဗျာ....


ခင်မင်လျက်
ကိုလတ်

ဂျူလိုင်ဖြူ said...

ကိုမိုးယံရေ..ဖြူအနေနဲ့ တော့ကြိုက်ပါတယ်..ဆိုးလ်ဆိုတာလေးပါတော့ဘာသာပြန်လို့ ထင်တာပဲ..တကယ်တော့ဖြူအကြိုက်ဆုံးပုံစံတူဝတ္တုဆိုရင်တော့...မင်းကတော်ညွန့် မေနဲ့ ရှေ့ နေမောင်သောင်းဖေတို့ ရဲ့ ဇာတ်လမ်းကပိုပြီးမြန်မာမှုဆန်တယ်...ပိုပြီးလဲခံစားရတယ်...ကျောင်းတုန်းကဆို..အဲဒီအကြောင်းအရာကိုမကျက်ချင်ဘူး...အမြဲမိခင်ဖခင်နေရာတွေကခံစားပြီးငိုရလို့ ...ပြောရင်းတောင်ငိုချင်လာပြီ...ဖြူကြိုက်တာလေးကိုပြောပြတာပါနော်အကို..အခုချိန်ထိဒီဇာတ်လမ်းလေးကိုရင့်နှင့်အောင်ကြိုက်လွန်းလို့ ပါ.....

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးယံရေ
အစ်မ အဲဒီပိုစ့်ကို စရေးတုန်းကတော့ မိခင်တစ်ယောက်ရဲ့စွန့်လွှတ်ခြင်းဆိုပြီး ရေးခဲ့တာ။
ခုတော့ နံမည်က ဘယ်လိုလုပ် “မိခင်အဖြစ်မှ စွန့်လွှတ်ခြင်း” ဆိုပြီး ဖြစ်သွားတယ် မသိဘူး
နှစ်ကာလ ကြာတော့ နံမည်လဲ ပြောင်းသွားတာဖြစ်မယ်..
အဲဒီပိုစ့်လေးကို အစ်မ ဘလော့ဂ်စရေးတုန်းက ဘာသာပြန်ခဲ့တဲ့ ပိုစ့်လေးပါ။ ဒါလေးက အဲဒီပိုစ့်ရဲ့ လင့်ခ်ပါ။ http://www.missgreenlady.com/?p=68
အဲဒီပိုစ့်လေးကို ဘာသာပြန်တုန်းက ကိုယ်တိုင်လဲ တော်တော် ခံစားခဲ့ရပါတယ်.. ရေးနေရင်းနဲ့ မျက်ရည်တောင် ၀ဲမိပါတယ်။ မိဘကျေးဇူး မသိတတ်တဲ့ သားသမီးတွေ လျော့နည်းသွားစေချင်မိပါတယ်။

မေဓာဝီ said...

ဖတ်နေရင်းနဲ့ ကိုရီးယားကားလိုပဲ ဇာတ်နာလိုက်တာလို့တွေးနေမိတယ်။
ကွန်မန့်ဖတ်မှ ချော ဘာသာပြန်ထားတာမှန်း သိရတယ်။
နာမည်က မိခင်တယောက်ရဲ့ စွန့်လွှတ်ခြင်းဆိုတာ ပိုဖြစ်သင့်တယ်နော်။
ဂျူလိုင်ဖြူ ပြောသလို မင်းကတော်ဝတ္ထုလေးကတော့ ရင်ထဲကိုစွဲနေအောင် ကြိုက်မိတာ။ မင်းကတော်ထဲကလို မိန်းကလေးမျိုးလဲ ကြုံဖူးသေးတယ်။

ngwelamin said...

အင်း စိတ်မကောင်းဖြစ်ရတယ် ရင်နာရတယ်
သနားမိတယ် ခံစားရတယ် အမေဖြစ်သူကို သနားလိုက်တာ အဲဒီလိုသားမျိုး မုန်းစရာကောင်းတယ် တကယ်လည်း အပြင်မှာ ဒီလိုအဖြစ်အပျက်တွေ၇ှိကြမှာဘဲနော် ဘယ်လိုပြောရမလဲပေါ့နော် ရင်ထဲမှာမကောင်းဘူး တို့က စာဖတ်ရင် ပေါ့ပေါ့ပါးပါးလေးတွေဖတ်ချင်တာ ၀မ်းနည်းတတ်လို့လေ ..အင်း ..ကိုယ်လဲအဲလို သားသမီးမဖြစ်အောင်နေရမယ်...လို့ အတွေးလေးရပါတယ်

ရွှေရတုမှတ်တမ်း said...

မင်းကတော် ဝတ္ထုနဲ့ချွတ်စွပ်ပါပဲ..
ဦးဖိုးကြားရဲ့ တချို့ဝတ္ထုတွေက မြန်မာမှုပြုထားတာမို့..
ခု ကိုရီးယားဝတ္ထုလဲ ဘယ်ကနေ ကိုရီးယားမှုပြုထားသလဲမသိဘူး..
၂ပုဒ်လုံးဉာဏ်ချင်းတိုက်ဆိုင်တာတော့အမှန်..ဦးဖိုးကြားကတော့ နှစ်ပေါင်း ၈၀ လောက်ရှိပြီ..
မယ်ချောနဲ့ ဖြိုးနှင်းဝေကလဲ ဉာဏ်ချင်းတိုက်ဆိုင်ကြပုံရတယ်နော်..
လက်ရာကတော့ မယ်ချောလက်ရာ အသိသာကြီးပါ..
ဖြိုးနှင်းဝေ ဆိုတာ မရောက်ဖူးလို့ သွားကြည့်လိုက်ဦးမယ်..ဘလော့ post အလစ်သုတ်တဲ့ အမှုတွေကလဲ ခနခနတွေ့နေရတယ်..ကလေးများကလဲ ဒီလောက်လွတ်လွတ်လပ်လပ် ရေးရတဲ့ ဘလော့ ထဲမှာကို ကိုယ်တိုင်မကြိုးစားချင်ပဲ အလစ်သုတ်ချင်နေကြတာ စိတ်ပျက်ဖို့ကောင်းတယ်..

pretty said...

စာဖတ်ပြီး သီချင်းနားထောင်ရင်း မျက်ရည်ကျမိပါတယ်။

pretty said...

မျက်ရည်ကျမိပါသည်။
may