Friday, October 29, 2010

မုန်ုတိုင်းကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့တွင် လူ ၂၂ ဦးသေ၊ ၁၅ဦးပျောက်ဆုံးနှင့်ပျက်စီးမှု အများဆုံးဖြစ်



မြေပုံမြို့တွင်း တစ်နေရာအား အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်


မြေပုံမြို့တွင်း တစ်နေရာအား အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်

ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်သည် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး မင်းပြားနှင့်ကျောက်ဖြူမြို့နယ်တို့သည်လည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ က ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် တွင် ၂၂ ဦးသေဆုံး၊ ၁၅ ဦး ပျောက်ဆုံးလျက်ရှိကာ တံတား နှစ်စင်း၊ အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ရှစ်ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်းနှင့် စက်လှေအစင်း ၈၀ တို့ နစ်မြုပ်ပျက်စီးခဲ့သည်ဟု အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

ထို့အတူ မင်းပြားမြို့နယ်တွင် ငါးဦးသေဆုံးကာ အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်းလေးကျောင်း၊ ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံအလုံး ၄၀၊ စာ သင်ကျောင်းနှစ်ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့သည်ဟု သိရှိရသည်။

ဆိုင်ကလုန်း မုန်တိုင်းဂီရိသည် ကျောက်ဖြူမြို့နယ်ကို စတင်ဖြတ်ကျော်ကာ ရခိုင်ပြည်နယ်တွင်းရှိမြို့နယ်များကို သက်ရောက်ခဲ့ပြီး မြေပုံမြို့နယ် မှာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်။
မြေပုံမြို့ပေါ်ရှိ ရပ်ကွက် ကိုးခု အတွင်း အိမ်ခြေ ၂၃၃၄ ၀န်းကျင်ရှိပြီး ကျားမလူဦးရေ ၁၂၅၄၄ ရှိကြောင်း၊ ကျေးရွာအုပ်စု ၅၂ အုပ်စုမှ ရွာပေါင်း ၁၃၉ ရွာ၌ အိမ်ခြေ ၂၂၁၀၀ ခန့် ရှိရာ တွင် လူဦးရေ ၂၀၆၄၄ ခန့်ရှိကြောင်း၊ မပျက်စီးဘဲကျန်ရှိခဲ့သော အိမ်အများစုမှာလည်း အမိုးလန်ပျက်စီးကြောင်း သိရသည်။

"အရင်ကလည်း မုန်တိုင်းတွေ ကြုံဖူးထားတော့ အရင်လိုပဲသစ်ပင်လဲ၊ ခေါင်မိုးအနည်းအကျဉ်းကွာရုံလောက် ဖြစ်မယ်ထင်ထားခဲ့တယ်လေ။ မိသားစု ကိုတော့ တိုက်အိမ်တစ်လုံးပေါ် သွားနေခိုင်းပြီး ကျွန်တော်က တစ်ယောက် တည်း ကျန်ခဲ့တာ။ ကံကောင်းလို့ အိမ်အောက်ကိုဆင်းပြေးတာမြန်ပေလို့ သာပေါ့၊ မဟုတ်ရင်သေတယ်။ ခေါင် မိုးတွေက အားလုံးပြုတ်ကျတာလေ၊ ပြီးမှ ဘေးအိမ်ကို ထွက်ပြေးလို့ လွတ်သွားရတာပါ"ဟု မြေပုံမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောကြားသည်။

စစ်တွေမြို့မှ ကယ်ဆယ်ရေး အဖွဲ့များ ၂၃ ရက်နေ့ ညပိုင်းတွင် မြေပုံမြို့သို့ ရောက်ရှိသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရှိရသည်။

ဒေသခံများသည် ဘေးလွတ် ရာသို့ကြိုတင် ပြောင်းရွှေ့နိုင်ခဲ့သဖြင့် အသေအပျောက် နည်းပါးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ သစ်ပင်ပိ၍ သေသူများပြားကြောင်းကိုလည်း သိရသည်။
ရွှေ့ပြောင်းခဲ့ရာတွင်လည်း ခိုင်ခန့်သည်ဟု ထင်ကြသော အိမ်ကြီးများ၊ ကုန်းမြင့်ပိုင်းများသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း အသက်ကယ်ကုန်းမြင့် များရှိသော်လည်း နေစရာ အဆောက်အအုံမရှိသဖြင့် ဘုန်းကြီးကျောင်းများ ကိုသာ အဓိက အားထားခဲ့ကြကြောင်း၊ ပြေးနိုင်ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သဖြင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု နည်းပါးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

"မြို့ပေါ်မှာ အသေအပျောက် မရှိသလောက်ပဲ။ ကျေးလက်မှာတော့ အသေအပျောက်ရှိခဲ့တယ်။ ကျေးရွာ တွေကို စက်လှေတွေနဲ့ သွားရတဲ့အပြင် အလှမ်းဝေးတယ်။ အသွားအပြန် တစ်ရက်နီးပါးကုန်နိုင်တယ်။။ စက်လှေ အလွယ်တကူငှားလို့မရဘူး။ တချို့ ရွာတွေမှာ ကိုင်း၊ ပျဉ်း၊ ၀ါးတွေနဲ့ ဆောက်လုပ်တဲ့အိမ်များတော့ တိုင် တောင်မကျန်ဘူး"ဟု မြေပုံမြို့နယ်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြား ခဲ့ပါသည်။

မြေပုံမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၂ ခုအတွင်း အဓိကပျက်စီးခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

"ကျောက်ဖြူမြို့ပေါ်မှာ ပြင်ဖြူ မော်၊ ကုလားပိုက်ဆိပ်၊ ဆားပြင်ကွင်း၊ စေတီတောင်နဲ့ ရပ်ကွက်အများစု ပျက်စီးမှုရှိပါတယ်။ လောလောဆယ် စာရင်းအရတော့ ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်း၊ စာသင်ကျောင်း လေး ကျောင်းနဲ့ ငါးသင်တန်းကျောင်းမှာ မုန်တိုင်းဒဏ်ခံရတဲ့သူ ၄၀၀၀ ကျော် လောက်ရှိနေပါတယ်" ဟု မြို့ခံတစ်ဦး က ပြောကြားခဲ့သည်။

"လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကူညီတဲ့အဖွဲ့အစည်း အစုံအလင် မရောက်ရှိသေးပါဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ မုန်တိုင်းဒဏ်သင့်တဲ့ သူတွေခိုလှုံနေပါတယ်။ လက်ရှိအထိတော့ မြို့ပေါ်မှာတင် ၅၇၀၀ ဦးကျော် ရှိနေတယ်။ နယ်တွေမပါသေးပါဘူး။ ဒေသခံတွေ၊ လူငယ်တွေကတော့ တတ်အားသရွေ့ ကူညီနေပါတယ်"ဟု ကျောက်ဖြူမြို့တွင် နေထိုင်သူတစ်ဦး က ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်မြို့နယ်များတွင် မုန်တိုင်းကြောင့် တောင်သူများ သိုလှောင်ထားသည့် ၀မ်းစာဆန်၊ ၀မ်းစာစပါးများပျက်စီးမှု များရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

http://www.news-eleven.com/

0 comments: