Sunday, January 16, 2011

အသက် ၁၃ နှစ်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦးအား ရေနွေးပူဖြင့် လောင်းခြင်း၊ပေါင်အား ဘရိတ်ဓားဖြင့် မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကိုရိုက်ခြင်း

အသက် ၁၃ နှစ်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦးအား ရေနွေးပူဖြင့် လောင်းခြင်း၊ပေါင်အား ဘရိတ်ဓားဖြင့် မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကိုရိုက်ခြင်း၊အပ်ဖြင့်ထိုးခြင်းစသည် ဖြင့်လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သူ အိမ်ရှင်အမျိုးသမီးအား အမှုဖွင့်အရေးယူထား .......

အိမ်ဖော်မိန်းကလေးငယ် တစ်ဦးအား ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူ အိမ်ရှင်အမျိုးသမီးအား သူတစ်ပါးကို အပြင်းအထန်နာကျင်စေသော ညှင်းပန်းနှိပ်စက်မှုဖြင့် ပန်းဘဲတန်းမြို့နယ်တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းရှိ ဦး---၏ နေအိမ်တွင် ပြင်ပမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာဒဏ်ချက်များဖြင့် ရောက်ရှိနေထိုင်နေကြောင်း လမ်းသူလမ်းသားများမှ ရပ်ကွက်ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့ကြောင်း၊ ရပ်ကွက် ဥက္ကဋ္ဌမှတစ်ဆင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံ ဆက်လက်အကြောင်း ကြားခဲ့ပြီး ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ရက် နေ့ညက အဆိုပါနေအိမ်ကို ဧည့်စာရင်း ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေအိမ်တွင် နေထိုင်သူ ဦး----နှင့် ဒေါ်----တို့မှာ ဧည့်စာရင်းဖြင့် နေထိုင်သူများဖြစ်ပြီး ဧည့်စာရင်းမှာ ရက်ကျော် နေပြီဖြစ်ကာ အထက်ပါမိန်းကလေးငယ်ကိုလည်း ဧည့်စာရင်းမတိုင်ဘဲ နေထိုင်စေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိန်းကလေးငယ်အား ဆေးကုသမပေးဘဲ နှိပ်စက်မှု ပြုလုပ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောမည်ဆိုပါက သုံးပိုင်းပိုင်း၍ သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးငယ်က ထွက်ဆို ...”

ထို့ကြောင့် ၎င်းတို့သုံးဦးအား ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ခေါ်ဆောင်၍ ဖြစ်စဉ်ကိုမေးမြန်းကြည့်ခဲ့ရာ အဆိုပါမိန်းကလေးငယ်အား ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အလယ်ဘလောက်)၊ ငါးလွှာတွင် နေထိုင်သူ ဒေါ်---- က ဦးခေါင်း၊ မျက်နှာ နှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများ ရရှိအောင်ပြုလုပ်ခဲ့ပြီး သာကေတမြို့ နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းရှိ ညီမဖြစ်သူ၏နေအိမ်သို့ မိန်းကလေးငယ်အား ပို့ဆောင် ထားစဉ် ယခုကဲ့သို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညှင်းပန်းနှိပ်စက်ခံထားရသူ မိန်းကလေးငယ်၏ ထွက်ဆိုချက်များအရ ၎င်းမှာ ပဲခူးမြို့တွင် နေထိုင် သူဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ခြောက်လခန့်မှ စတင်၍ ပန်းဘဲတန်းမြို့ နယ်၊ ၂၇လမ်း (အလယ်ဘလောက်)၊ ငါးလွှာတွင် နေထိုင်သူ ဒေါ်--- နေအိမ်တွင် အိမ်ဖော်အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ၀င်ရောက်လုပ်ကိုင်နေစဉ် ကာလအတွင်း မိန်းကလေးငယ် အား ဒေါ်---- က သုံးကြိမ်ခန့် ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းခြင်း၊ ပေါင်အား ဘရိတ်ဓားဖြင့် မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကို ရိုက်ခြင်း၊ အပ်ဖြင့်ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ငရုတ်ကျည်ပွေ့ဖြင့် ခေါင်းကိုထုခြင်းများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရှိရသည်။

ထို့ပြင် မိန်းကလေးငယ်အား ဆေးကုသမပေးဘဲ နှိပ်စက်မှုပြုလုပ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောမည်ဆိုပါက သုံးပိုင်းပိုင်း၍ သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးငယ်က ထွက်ဆိုခဲ့သည်။

ထို့ကြောင့် မိန်းကလေးငယ်အား လက်ခံထားသူ သာကေတမြို့ နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းတွင်နေထိုင်သည့် ဦး ---နှင့် ဇနီးဒေါ်---တို့နှစ်ဦးနှင့် အတူ မိန်းကလေးငယ်အား နှိပ်စက်မှုပြုလုပ်ခဲ့သည့် ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အလယ်ဘလောက်)တွင် နေထိုင်သူ ဒေါ်---- ကိုပါ ညတွင်းချင်း သွားရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့သုံးဦးအား ရပ်ကွက်ဥက္ကဋ္ဌက တရားလိုပြုလုပ်၍ သာကေတမြို့နယ် အမှတ်(၁)ရဲစခန်းတွင် (ပ) ၅၆၇/၂၀၁၀၊ ပုဒ်မ ၃၂၅/ ၃၂၆ ဖြင့် အမှုတည်ဆောက်ခဲ့ကြောင်း သိရှိရသည်။ နှိပ်စက်ခံထားရသူ မိန်းကလေးငယ်ကိုလည်း ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း၊ ၎င်း၏ မိဘများကိုလည်း ဆက်သွယ်၍ မရသေးကြောင်း၊ လက်ရှိတွင် ၎င်းအား သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်တွင် ထိန်းသိမ်းစောင့် ရှောက်ထားသည်ဟု တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရှိရသည်။

၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်မူ အဆိုပါအမှုအား ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်း၍ (ပ)၅၆၇/၂၀၁၀ ပုဒ်မ-၃၂၅/၃၂၆-၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

http://www.news-eleven.com/

1 comments:

...အလင်းစက်များ said...

လန့် လိုက်ထှာကွယ်... ၂ လုံးကောင်းဘူး.. :P