Saturday, October 9, 2010

မြန်မာနိုင်ငံတဝန်း မိုးသည်းထန်ပြီး ရေကြီး


လွန်ခဲ့သည့် ၂ ရက်က မိုးလေဝသဂြိုလ်တုမှ ရိုက်ယူထားသောပုံ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့်
အလယ်ပိုင်းဒေသများတွင်
မိုးတိမ် ထူထပ်လျက်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်
မုန်တိုင်းငယ်ကြောင့် ယင်းသို့ တိမ်ထူထပ်ပြီး မိုးကြီးရခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်၏ Myanmar
Climate Change Watch (MCCW) ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။ (ဓာတ်ပုံ - MCCW)

မင်းနိုင်သူ Saturday, October 09, 2010
မြန်မာနိုင်ငံ အထက်ပိုင်း၌ မိုးရွာပြီး ရေကြီးမှုများ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌လည်း မုန်တိုင်း အဖျားခတ်ခဲ့သဖြင့် ဒေသများတွင် ရေကြီးမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့ခံတဦးက “ဧရာဝတီမြစ်ရေက တိုးလာတော့ ကျမတို့ ၁၆ လမ်းဘက်က အိမ်တွေ ရေမြုပ်တယ်။ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ဖြစ်တာပေါ့နော်။ ၁၀ လမ်းက ဘုန်းကြီးကျောင်းကို သွားစုနေကြရတယ်။ ခုထိတော့ ရေက တက်လိုက် ကျလိုက်ပဲ။ နယ်ဘက်က ရွာတချို့လည်း မြုပ်တယ်ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်လေးဆည် ရေလျှံမှုကြောင့် မန္တလေးမြို့သစ်နှင့် အောင်ပင်လယ်ရှိ ရပ်ကွက် ၇၀ ခန့် ရေမြုပ်နေကာ မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင် ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရေနစ်မြုပ်ကြောင်း သိရသည်။

ပြင်ဦးလွင် မြို့ခံတဦးက “မိုးများပြီး ခဲလောင်းချောင်းရေ လျှံလာလို့ ပြည်တော်သာ ရပ်ကွက်ဘက်မှာ ရေမြုပ်တယ်။ မန္တလေး-ပြင်ဦးလွင် ကားလမ်း တချို့နေရာတွေမှာလည်း ရေကျော်နေတယ်လို့ ကြားတယ်။ ပြင်ဦးလွင် ကန်တော်ကြီးကလည်း ရေတိုးတိုးလာနေလို့ စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိနေပါတယ်” ဟု ပြောသည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများ၌ မိုးသည်းထန်ပြီး ရေနစ်မြုပ်မှုများရှိကြောင်းနှင့် ကားလမ်း၊ ရထားလမ်းတချို့ ပျက်စီးကြောင်း ဖော်ပြထားသော်လည်း ဆည်တော်လေးဆည် ရေလျှံမှုကြောင့် မန္တလေးမြို့ ရေလွှမ်းခံရခြင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် တံတားဦး၊ မန္တလေးနှင့် ပြင်ဦးလွင်တို့သည် မိုးရေချိန် စံချိန်သစ်များ တင်ခဲ့ပြီး မန္တလေးမြို့တွင် မိုးရေချိန် ၅.၁၂ အထိ ရွာသွန်းခဲ့ပြီး ၆၄ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီနေ့ ထပ်ကြားနေရတာက မန္တလေးကနေ မိုးကုတ်အသွား လမ်း မိုင် ၃၀ လောက်မှာ ကားလမ်းကို ရေကျော်နေလို့ ကားအသွားအလာ မရှိတော့ဘူး” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မြစ်ကြီးနား မြို့ခံတဦးက “မြစ်ကြီးနားမှာလည်း မိုးက တစိမ့်စိမ်ရွာနေတာ တပတ်လောက်ရှိပြီ။ ဧရာဝတီမြစ်ရေ တက်တာတော့ မရှိသေးဘူး။ မန္တလေး-မြစ်ကြီးနား ရထားလမ်း ပျက်သွားတယ်လို့ ကြားတယ်။ မနေ့ကတော့ ရထားတွေ ပြန်ထွက်နေပါပြီ” ဟု ပြောသည်။

စစ်ကိုင်းတိုင်း အောက်ပိုင်း ယင်းမာပင်မြို့နယ်တွင်လည်း ယမားချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာတချို့ ရေနစ်မြုပ်ခဲ့ပြီး မုံရွာမြို့ရှိ ကန်သာယာတွင်လည်း ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကန်သာယာ အရှေ့ဘက် ကန်ရော၊ အနောက်ဘက်ကန်ပါ ရေလျှံနေလို့ ဒေါနခြံရပ်ကွက်က ကန်တော်မင် ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ရေမြုပ်တယ်။ သလ္လာဝတီရပ်ကွက်က အိမ်တချို့လည်း ရေမြုပ်တယ်။ ဒီနေ့တော့ ကန်ထဲက ရေတွေကို ချင်းတွင်းမြစ်ထဲ ဖောက်ထုတ်နေတယ်” ဟု မုံရွာမြို့ခံက ပြောသည်။

စက်တင်ဘာ လကုန်ပိုင်းကလည်း ကျောက္ကာဆည်ရေ ဖောက်ချမှုကြောင့် မုံရွာတက္ကသိုလ် အနီးအထိ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာတွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းငယ်တခု ဖြစ်ပေါ်နေပြီး မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျနိုင်ကာ ရေပြင်၊ မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။

5 comments:

မောင်သီဟ said...

သတင်းဖတ်သွားတယ်ဗျာ
ဒီသတင်းက စိတ်ပူစေတယ်
နာဂစ်ကိုပြန်သတိရပြီး

Unknown said...

သတင်းအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အိမ်လည်း ရေမြုတ်နေတယ်တဲ့.. စိတ်ပူလို့ ဖုန်းဆက်နေဆဲ.. ရသေးဘူး။

Anonymous said...

သတင်းလာဖတ်မိတာ တော်တော်လေးကို
မှန်သွားတယ်။ တင်ပေးထားတဲ့အတွက်
ကျေးဇူးပါ စာရေးသူ။ ညီမတို့ မြို့ လဲ
မိုးကြီးတဲ့ ထဲမှာ ပါနေတယ်လေ။
အိမ်ကို ဖုန်းဆက်လိုက်အုန်းမယ်။
...ခင်မင်လျှက်...ခင်မာလာအောင်..:)

ဇော်သိင်္ခ said...

ဟုတ်ပါတယ်ဗျာ.. မန်းလေး မှာလည်း ရေဘေး ဒုက္ခသည်တွေ ဘုရားပေါ်မှာ ထမင်းထုတ် ဝေနေ၇ပါတယ်..

SHWE ZIN U said...

ကျေးဇူး