Wednesday, October 20, 2010

C-Box ထဲမှ စကားများ

မကြာမကြာရောက်တဲ့ ဆရာတော်ရဲ့ ဆိုက်ကနေ စကားတွေလည်း ကိုယ်တိုင်ဝင်ပြော တစ်ခြားသူတွေ ပြောတာလဲ နားထောင် ဆရာတော် ရှင်းပြတာတွေလည်း မှတ်သားရင်း ဘာသာရေး ဗဟုသုတများ များစွာ ရမိပါသည်။ ထို စကား များထဲမှ ဒကာတစ်ယောက် မေးထားတဲ့ မေးခွန်းနှင့် ဆရာတော်၏ အဖြေကို နှစ်သက်မိသောကြောင့် အများအတွက် လည်း အကျိုးရှိမည် ထင်သော ဆွေးနွေးမေးမြန်း ချက် လေးကို ပြန်လည်ကူးယူတင်ပြအပ်ပါသည်။

winkotoe: တပည့်တော်သည် ဗေဒင်လက္ခဏာပညာရပ်ဖြင့် အသက်မွေးချင်ပါသည်။ သို့သော် အခြားသောဆရာများကဲ့သို့ အဓိပါယ်မဲ့သော ယတြာမျာအစား သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် ဆောက်ထိန်းစေခြင်း၊ သမထ၊ ၀ိပသနာဘာဝနာပွားများစေခြင်းဖြင့် ကံ (မီးပျက်သွားလို့ပါဘုရား) ကို မြှင့်တင်အောင် ပြုခိုင်းပါမည်ဘုရား။ ထိုကဲ့သို့ အများအကျိုးဆောင် သာသနာပြုပါမည်ဘုရား။ တပည့်တော် ဆရာကြီးဦးဆန်းလွင်၏ တကယ့်ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ စာအုပ်နှင့် ရွေပြည်သာဆရာတော်၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စာအုပ်များကို ဖတ်ပီး အောက်ပါမေးခွန်း ပေါ်လာပါသည်ဘုရား။ ဗေဒင်လက္ခဏာပညာရပ်ဖြင့် အထက်ပါ တပည့်တော် လျှောက်ထားသည့်အတိုင်း အသက်မွေးဝမ်းကျောင်းပြုလျှင် သမာအာဇီဝ ဖြစ်ပါမည်လားဘုရား။ လုပ်သင့်မလုပ်သင့် တပည့်တော်အား ဖြေကြားပေးတော်မူပါ ဘုရား။ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။ ဘုန်းဘုန်း သက်တော်ရာကျော်ရှည်ပီး သာသနာတော်အကျိုးကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းပါသည် ဘုရား။

lknt: ဒကာလေး lwinkotoe ရေ... လူတစ်ယောက်အနေနှင့် လက္ခဏာပညာရပ်ဖြင့် အသက်မွေးတာ ရပါတယ်... အမှန် သိသည့်အတိုင်းဟောမယ် မလိမ်ဘူးဆိုရင် သည်အထိ သမ္မာအာဇီဝမည်ပါတယ်... မသိပဲ လိမ်ရင် ညာရင်တော့ မိစ္ဆာဇီဝ ခေါ်ပါတယ်... ဗေဒင်ကြည့်တဲ့သူဘက်က ဗေဒင်ဆရာ ခိုင်းတဲ့ ယတြာလေးလုပ်လို့ ငါအောင်မြင်တာပဲလို့ ယူခဲ့ရင်တော့ ကံ ကံ၏အကျိုး ယုံကြည့်မှုပျက်ပါတယ်... ဒါဆို သူ့ကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ပြောဖို့ ခက်သွားပြီ...

တခြား ဗေဒင်ဆရာများလို ယတြာများအစား ((သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် စောင့်ထိန်း စေခြင်း၊ သမထ၊ ၀ိပဿနာဘာဝနာ ပွားများစေခြင်းဖြင့် ကံကို မြှင့်တင်အောင် ပြုခိုင်းပါ့မယ်)) ဆိုတာလေးက စေတနာတော့ ကောင်းပါတယ်...

ဒါပေမဲ့ လုပ်ရပ်ကတော့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ မလုပ်သင့်ဘူးလို့ မြင်မိပါတယ်...

ဘာကြောင့်လည်းဆို... ဘုန်းကြီးတို့ ကိုးကွယ်ကြတဲ့ မြတ်ဗုဒ္ဓ ဘုရားဖြစ်အောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီး ကျင့်ခဲ့တာဟာ ယတြာအခြေခံဖို့အတွက် ကျင့်ခဲ့တာ မဟုတ်လို့ပါ... မှန်ကန်သော သစ္စာဉာဏ်တွေ ဖြစ်စေဖို့... သတ္တ၀ါအများ ဆင်းရဲတွင်းက လွတ်စေဖို့ ဘုရားဖြစ်အောင် ကျင့်ခဲ့တာ ဖြစ်ပါတယ်... မြတ်ဗုဒ္ဓကို ယတြာဆိုပြီး အသုံးချနေကြတာ တကယ်တော့ ဗုဒ္ဓသာသနာကို သေးသိမ်အောင် လုပ်သလို ဖြစ်နေပါတယ်... ဗုဒ္ဓဘာသာဝင် လူဖြစ်စေ ရဟန်းဖြစ်စေ လုံးဝ မသုံးသင့်တဲ့ အသုံးအနှုံး အပြုအမူတွေ ဖြစ်တယ်လို့ ခံယူမိပါတယ်...

ဒကာလေးအနေနဲ့ စီးပွားရေးအရ ဗေဒင်လည်း ဟောချင်တယ်... လူတွေကို သရဏဂုံ သုံးပါးလည်း တည်စေချင်တယ်ဆိုရင်တော့... ဗေဒင်ကို ဗေဒင်သတ်သတ်ဟော ယတြာကို ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အဓိပ္ပါယ်မဲ့ အရာတွေနဲ့ပဲ ချေခိုင်းပါ... ပြီးမှ ဒါန သီလ ဘာဝနာကို လုပ်ကြဖို့ ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏လို့ ကံ ကံ၏အကျိုးတရား ဟောပေးလိုက်ပါ... သင့်ပါတယ်... ဘုန်းကြီးများ အနေနဲ့ကတော့ လုံးဝကို ဗေဒင်ဟော ဟိုလိုလို ဒီလိုလို အကြားအမြင်ပြော မလုပ်သင့်ပါ... တလောက ဗေဒင်ဟော ဘုန်းကြီးတစ်ပါးနဲ့ ဗေဒင်မေးသူ ဒကာမ အမှားတွေ ဟောလို့ဆိုပြီး... အကြီးအကျယ် ရန်ဖြစ်ကြပါတယ်... သည်အဖြစ်အပျက်ဟာ မသင့်တော်ပါဘူး... ဘုရားပေးတဲ့ ရွှေဝါရောင် သင်္ကန်းလေးဝတ်ပြီး... မြတ်ဗုဒ္ဓကိုတော့ မစော်ကားစေလိုပါ... သည်သင်္ကန်းလေးဖြစ်အောင် ယက်ခဲ့ရတာ လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာပါတယ်...

ဒါကတော့ အတွင်းစကား ( ) ထဲကမို့...

(ဗေဒင်မေးကြတာ ဘုန်းကြီးတို့ ဖာသိဖာသာ ဗုဒ္ဓဘာသာတွေ များပုံပေါ်တယ်... ဗေဒင်ဆရာတွေ ယတြာချေခိုင်းလိုက်ရင် ဗုဒ္ဓဘုရားကို စက္ကူထီး၅-လက် လှူလိုက်ပါ... အရှေ့ထောင့်ကနေ ဗုဒ္ဓဘုရားကို ရေလောင်းပါ စသည်ဖြင့်ပဲ တွေ့ရတာ များတယ်... အလာရှင်ကို ရေ ၅-ခွက်လောင်းပါလို့ ပြောတာမျိုး လက်ဝါးကပ်တိုင်ကို ၉-ပတ်ပတ်ပါ ဆိုတာမျိုး မကြားရဘူး... ဘုန်းကြီးတို့ မြန်မာ ဗုဒ္ဓဘာသာဝင်တချို့ အတော်ညံ့ပါတယ်... ကိုယ့်ဟာကို မကြိုးစားချင်ကြဘူး... သူများခိုင်းတာပဲ လုပ်ချင်ကြတယ်...။ လာချေတဲ့ ယတြာတွေကလည်း ဘုန်းကြီးတို့မှာ ဘာမှလုပ်မရ... ဘုရားပေါ်မှာ အမှိုက်ရှုပ်တာပဲ များပါတယ်...)

အားလုံးပဲ မှန်မှန်ကန်ကန်နဲ့ ဘ၀တက်လမ်းတွေ ဖြောင့်တန်းကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၅.၂၃.၂၀၁၀

15 May 10, 19:46


ဤစာစုများဖြင့် ဆရာတော် ဦးလောကနာထ အား ရိုသေစွာဦးခိုက်ပါ၏။

4 comments:

မြစ်ကျိုးအင်း said...

ဗုဒ္ဓဘာသာ အတွက် ကျေနပ်ဖွယ် အားတက်ဖွယ် ရာ အဖြေ လေးပါပဲ။
ဖတ်ရတာကိုက အရသာ ရှိတယ်။

မြစ်ကျိုးအင်း said...

မိုးယံရဲ့ ဘလော့ဂ်ကို ဟိုနေ့ထဲက ဝင်မရတာ ဝင်လိုက်တာနဲ့ ရပ်သွားပြီး တခြားဖွင့်ထားတာ တွေပါ ပိတ်ကုန်ရော။ ဘာဖြစ်တာလဲတော့ မသိဘူး။
ဒီနေ့မှ ဝင်လို့ရလို့ ဓါတ်ပုံတွေပါ ကြည့်သွားတယ်။

Anonymous said...

လာချေတဲ့ ယတြာတွေကလည်း ဘုန်းကြီးတို့မှာ ဘာမှလုပ်မရ... ဘုရားပေါ်မှာ အမှိုက်ရှုပ်တာပဲ များပါတယ်...ကောင်းလိုက်တာအဲဒါလေးကိုပဲနှလုံးသွင်းမိရင်တော့ ယတြာထက်ဘုရားတရားပိုလုပ်ဖြစ်ပြီ

မိုးယံ said...

ဦးမြစ်ရေ weidget တွေ များနေလို့ ဖြစ်မယ် ။ လျော့ပေးပါမယ့်။
ညီမဖြူရေ ယတြာထက် ဘုရားအလုပ်ပို လုပ်ဖြစ်မယ် ကြားရတော့ ၀မ်းသာတယ်ဗျို့။ ကျွန်တော့် မျှဝေမှုလေးတွေ ကြောင့် လူတွေ အကျိုးတစ်စုံတစ်ရာ ရတယ်ဆိုလျှင် ဖြင့် ၀မ်းသာလှပါပြီ။

အားလုံးကိုကျေးဇူးတင်လျက်
ခင်မင်မှု များစွာဖြင့်
မိုးယံ