Sunday, October 17, 2010

မြန်မာနိုင်ငံရှိ Mobile Station အားလုံးတွင် Solar စနစ်သုံး လျှပ်စစ် ဓာတ်အားပေး ကိရိယာများ တပ်ဆင်သွားမည်။



မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး ဆိုင်ရာ Mobile Station အားလုံး တွင် Solar စနစ်သုံးလျှပ်စစ်ဓာတ် အားပေးကိရိယာများတပ်ဆင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပါင်းတပ်ဆင် မှုများပြုလုပ်နေသည့် Solar Hut ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် Mobile Station တွင် Solar စနစ်ဖြင့် စမ်းသပ်လည်ပတ်ခြင်းကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ စတုတ္တပတ်အတွင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများရှိ Mobile Station များ၌ပါ တိုးချဲ့တပ်ဆင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မိုင်းဖုန်းများ သုံးစွဲနိုင်သည့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် Signal များထားရှိကြောင်း၊ အဆိုပါ Mobile Station များ၌ ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်များကို ထားရှိရကြောင်း၊ ၎င်းတာဝါတိုင်များသည် မိုဘိုင်းဆက်သွယ်ရေးအတွက် Solar များ အချိန်ပြည့် ထုတ်လွှင့်နိုင်ရန်အတွက် ၂၄ နာရီမီးရရှိရန် လိုအပ်သည့် အတွက် Solar စနစ်သုံး လျှပ်စစ်ဓာတ်အားပေး ကိရိယာများကို တစ်နိုင်ငံလုံးရှိ Mobile Station များတွင် တပ်ဆင်နိုင်ရန် မြန်မာဆက်သွယ် ရေးလုပ်ငန်းနှင့်ပူးပေါင်းစီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

Solar Hut ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက" မြောင်းတကာစက်မှုဇုန် က Mobile Station တစ်ခုမှာရှိတဲ့ Mobile Communication System တစ်ခုကို Solar စနစ်နဲ့ စတင်စမ်းသပ် လည်ပတ်တာ အောင်မြင်ခဲ့တဲ့အတွက် နောက်ထပ် အခြားဒေသတွေမှာ တိုးချဲ့တပ်ဆင်မှုတွေ ပြုလုပ်ဖို့ရှိပါတယ်။ လောလောဆယ်မှာ ဖားကန့်ဒေသ တစ်ဝိုက်မှာရှိတဲ့ Station သုံးခု မှာတပ်ဆင်နိုင်ဖို့ စီစဉ်နေပါတယ်။ နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Station အားလုံးမှာ Solar စနစ်တပ်ဆင်သွားဖို့ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

လျှပ်စစ်မီးမရရှိသည့် ဒေသများရှိ Mobile Station များတွင် ဆက်သွယ်ရေးစနစ်များ လည်ပတ်နိုင်ရန် မီးစက်ကိုအသုံးပြုကာ ဆောင်ရွက်နေရကြောင်း၊ ဆိုလာစနစ်များ တပ်ဆင်ပြီးသွားပါက လျှပ်စစ်မီး မလိုဘဲ ဆက်သွယ်ရေးတာဝါတိုင်များ လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

3 comments:

Myanmar Good Knowledg Co., Ltd said...

သတင်းလေး ကျေးဇူးပဲ။ လာဖတ်သွားပါတယ်။

Anonymous said...

သတင်းကောင်းလားသတင်းဆိုးလားဟင်...နောက်ဆိုမီးပိုပျက်မယ်ဆိုတဲ့သဘောလား၊

Unknown said...

ဒါဆို မီးပျက်လဲ စိတ်မညစ်ရတော့ဘူးပေါ့။ သဇင်