Saturday, September 18, 2010

စာအုပ်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စာအုပ်ဝယ်ဖတ်သူ ရှားပါးလာ


စာအုပ်ဈေးနှုန်း ကြီးမြင့်လာသောကြောင့် စာအုပ်ဝယ်ယူစုဆောင်း နိုင်သူများလည်း ရှားပါးလာသည် (ဓာတ်ပုံ - ဧရာဝတီ)

နရီလင်းလက်
Friday, September 17, 2010

စာအုပ်ဈေးနှုန်းများ မြင့်တက်လာ ခြင်းကြောင့် စာအုပ် ၀ယ်ဖတ်သူများ ရှားပါးလာကြောင်း သိရသည်။

“နောက်ဆုံး ၀ယ်ထားတဲ့ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံ ဝတ္ထုစာအုပ်ဆို ကျပ် ၇ ထောင် ပေးရတယ်။ တခြားဘက်မှာ ချွေတာမယ်ဆိုပြီး ကြိုက်လွန်းလို့ သိမ်းထားချင်တာနဲ့ မျက်စိမှိတ်ဝယ်လိုက်တာ။ စာအုပ်ဈေးတွေကတော့ တခါဝယ်ရင် တခါဆိုသလို တက်လာတယ်။ ၀င်ငွေမကောင်းတဲ့လူဆို စာအုပ်နားတောင် ကပ်နိုင်မှာမဟုတ်တော့ဘူး” ဟု အမျိုးသမီး မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

“ကိုယ်က ရသ ကြိုက်တော့ မိုးမိုး (အင်းလျား) စာအုပ်တွေဆို စီးရီးလိုက် ထွက်သမျှ အကုန်ဝယ်နိုင်တယ်။ အခုနောက်ပိုင်း အနည်းဆုံး ကျပ် ၂ ထောင်၊ ၃ ထောင်ဖြစ်နေတော့ ၀ယ်မယ်ဆို ကိုယ့်လက်ထဲက ငွေကို ကြည့်ပြီး ပြန်ချိန်နေရတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

စာအုပ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လူလတ်တန်းစား စာဖတ် ပရိသတ်များပင် ၀ယ်ယူရန် ခက်ခဲလာကြောင်း၊ မ၀ယ် မဖြစ်သည့် စာအုပ်များသာ အဓိကထား ၀ယ်ယူဖြစ် တော့ကြောင်း ၎င်းအယ်ဒီတာက ပြောပြသည်။

“စာအုပ်ဈေးနှုန်းတွေ တက်လို့ စာဖတ်နှုန်းလျော့သွားတာ နည်းနည်းလောက်ပဲရှိမယ်။ အရင်က ၂ အုပ်ဝယ်ရင် အခု ၁ အုပ် လောက်ပဲ ၀ယ်နိုင်တော့မယ်ပေါ့။ တဘက်မှာ အငှားဈေးကွက် ပိုကျယ်ပြန့်လာမယ်။ ကိုယ်ရတဲ့ ၀င်ငွေအချိုးထက် ပိုများနေတော့ ၀ယ်သိမ်းပြီး ထပ်ခါထပ်ခါ ပြန်ဖတ်တဲ့ အလေ့တော့ လျော့လာမယ်” ဟု စာရေးဆရာ ဖေမြင့်က ပြောသည်။

စာအုပ် ထုတ်ဝေသူများဘက်က ကုန်ကျစရိတ် မြင့်မားမှုကြောင့် သတ်မှတ်ထားသည့် အကျိုးအမြတ် ပြန်လည်ရရှိစေရန် စောင်ရေနည်းနည်းနှင့် တန်ဖိုးကြီးကြီး ထုတ်ဝေရောင်းချလာကြောင်းလည်း သူက ဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေမှာ ပျမ်းမျှ သန်း ၆၀ ခန့် ရှိသော်လည်း အရောင်းရဆုံး စာရေးဆရာ၏ စာအုပ်ထုတ်ဝေ ရိုက်နှိပ်မှုသည် လက်ရှိအခြေအနေတွင် အုပ်ရေ ၁ သောင်းပင် မရှိကြောင်း စာအုပ်ထုတ်ဝေသူများထံမှ သိရသည်။

ဝယ်ယူဖတ်ရှုသည့် ဈေးကွက်နှင့် အငှားဈေးကွက်ရှိခြင်းကြောင့် စာဖတ်သူဦးရေ နှုန်းထားတွက်ချက်ရန် ခက်ခဲကြောင်း၊ မြန်မာနိုင်ငံတွင် စာတတ်မြောက်သူ ဦးရေသည် ရာခိုင်နှုန်း ၆၀ ခန့်ရှိနိုင်ကြောင်း ပညာရှင်များကလေ့လာ သုံးသပ်ကြသည်။

ပန်းဆိုးတန်းရှိ စာအုပ်အဟောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက “ပြန်ပြီး ပုံနှိပ်ခွင့်မရတဲ့ စာအုပ်မျိုးတွေ ဒီမှာ ရနိုင်တယ်။ နောက် ဈေးသက်သာတယ်။ ဒီအချက်တွေက စာအုပ်အဟောင်း ဆိုင်တွေရဲ့ အားသာချက်ပဲ။ နောက်ဆိုရင် စာအုပ်ဝယ်ဖတ်နိုင်တဲ့ လူတန်းစားတရပ်တောင် သပ်သပ်ဖြစ်လာမလားလို့ မြင်မိတယ်” ဟု ပြောသည်။

“စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ စကားပုံအတိုင်းပဲ စာအုပ် ထဲကနေ ပညာလေ့လာရတာဆိုတော့ စာဖတ်ေတဲ့အလေ့အထ ဖွံ့ဖြိုးလာအောင် အလွယ်တကူဖတ်လို့ရမယ့် ပတ်ဝန်းကျင်တွေ ဖန်တီးပေးတာမျိုး လုပ်သင့်တယ်” ဟုလည်း သူက ဆိုသည်။

စာဖတ်နှုန်း လျော့ကျလာခြင်း၊ ၀ယ်ယူသိမ်းဆည်းမှု လျော့နည်းလာခြင်းမျိုး ဖြစ်မလာစေရန် လူတိုင်းဝယ်ယူ ဖတ်ရှုနိုင်သည့် ဈေးနှုန်းနှင့် စာအုပ်များ ထုတ်စေချင်ကြောင်း စာရေးဆရာမ နုနုရည် (အင်းဝ) ကပြောသည်။

“လက်ရှိ မြန်မာပြည် လူဦးရေမှာ အုပ်ရေ ထောင်ကျော်ပဲ ရောင်းနေရတာမျိုး မဖြစ်သင့်ဘူး။ စာအုပ်ဈေးကြီးလို့လား၊ စာဖတ် တဲ့သူ နည်းလို့လား စဉ်းစားစရာပဲ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လူလတ်တန်းစား စာဖတ်သူတဦး၏ ၀င်ငွေသည် လစာ ကျပ် ၈ သောင်းမှ ၁ သိန်းခန့်သာ ရှိသောကြောင့် စာအုပ် တအုပ် ကျပ် ၇၀၀၀၊ ၈၀၀၀ ဆိုလျှင် ၎င်းဝင်ငွေ၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည်ဟု ဆိုရပေလိမ့်မည်။

အရောင်းရဆုံးစာရေးဆရာ၏ စာအုပ်ပင် အုပ်ရေ ၁၅၀၀၊ ၂၀၀၀ ခန့် ရောင်းချရန် အချိန် တလခန့် ကြာမြင့်သောကြောင့် ငွေပြန်ရရှိမှုနှောင့်နှေးပြီး ထုတ်ဝေသူများ ငွေကြေးလည်ပတ်ရန် အခက်အခဲရှိနေကြောင်း ဓူဝံစာပေမှ ကိုဝင်းချိုက ပြောသည်။

“အရောင်းထိုင်းတဲ့ စာအုပ်တွေဆို ပိုဆိုးတယ်။ ဒီတော့ ထုတ်ဝေသူတွေအနေနဲ့ ကွာလတီ မြင့်မြင့်၊ တန်ဖိုးကြီး၊ အုပ်ရေနည်း သဘောမျိုး ထုတ်လာကြတော့ စရိတ်လျော့သွားတယ်။ တဘက်မှာ ကျန်မှာလည်း မစိုးရိမ်ရတော့ဘူး။ ဒီလိုလုပ်လာတာ များတော့ စာဖတ်သူတွေဘက်က ၀ယ်ရတဲ့ ဈေးတော့ မြင့်သွားတာ ရှိတယ်” ဟု သူက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက မြန်မာပြည်တွင် စာဖတ်နှုန်းအများဆုံးမှာ လူလတ်တန်းစားထဲမှ ဖြစ်ကြောင်း၊ ဆင်းရဲသူများက ၎င်းတို့ စားဝတ်နေရေးအတွက် စာအုပ်ကို စိတ်မ၀င်စားနိုင်သကဲ့သို့ ချမ်းသာသည့် လုပ်ငန်းရှင်များသည်လည်း စီးပွားရေးကို ဦးစားပေး နေသဖြင့် စာမဖတ်နိုင်ကြောင်း ပြောသည်။

“အခု အခြေအနေက လူလတ်တန်းစားတွေတောင် ၀ယ်ဖတ်ဖို့ လက်လှမ်းမမီတော့ဘူး” ဟု ကိုဝင်းချိုက ဆိုသည်။

စာအုပ်တအုပ် ပုံနှိပ်ထုတ်ဝေရန် ယခုအချိန်တွင် ကျပ် ၄၅ သိန်းမှ ၅၅ သိန်းခန့်ကုန်ကျပြီး စာမူခကို ရာခိုင်နှုန်းအလိုက် များလျှင်များသလို ကုန်ကျစရိတ်ပိုမြင့်ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် နာမည်ကြီးထုတ်ဝေသူ တဦး၏ အဆိုအရ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်က ပုံမှန် ဝတ္ထုစာအုပ် တအုပ်၏ ထုတ်ဝေခမှာ ကျပ် ၂ သိန်းခွဲခန့်သာရှိပြီး စာအုပ်ရောင်းဈေးမှာလည်း ကျပ် ၃၀၀၊ ၄၀၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု သိရသည်။

“စာရွက်ကအစ ပုံနှိပ်မင်အဆုံး စာအုပ်တအုပ်ထုတ်ဝေရတဲ့ ဖြစ်စဉ်မှာပါသမျှ ပစ္စည်းတော်တော်များများက နိုင်ငံခြားက တင်သွင်းရတာဆိုတော့ နိုင်ငံခြားငွေဈေးပေါ်မူတည်ပြီး ပစ္စည်းဈေးနှုန်းတွေ တက်သွားတာကြောင့်လည်း စာအုပ်ဈေးက လိုက်တက်ရတာ ပါတယ်” ဟု သူက ပြောသည်။

စာရေးဆရာများသည် ပုံနှိပ်သည့် စာအုပ်အရေအတွက်အပေါ် မူတည်၍ စာမူခကို ရာခိုင်နှုန်းနှင့် ရရှိသကဲ့သို့ တချို့မှာလည်း ရောင်းချရသည့် အုပ်ရေ အပေါ် မူတည်၍ ရကြကြောင်း၊ နာမည်ကြီးသည့် အပေါ် မူတည်၍ စာမူခ ရာခိုင်နှုန်း မြင့်တက် သွားလေ့ရှိကြောင်း ထုတ်ဝေသူများက ဆိုသည်။

“ထုတ်ဝေသူတွေအနေနဲ့ စာရေးဆရာတယောက်ကို သူကြိုက်လို့ထုတ်တယ်၊ ဒါပေမယ့် မရောင်းရဘူးဆိုရင် နောင် ဒီစာရေးဆရာကို အရှုံးခံပြီး မထုတ်တော့ဘူး။ အဲဒါကြောင့် တကယ်တော်တဲ့ စာရေးဆရာတွေ စာအုပ် မထွက်လာတာတွေ ရှိတယ်။ အဓိက စီးပွားရေး ပြေလည်နေမယ်ဆိုရင် စာအုပ်တွေ များများထုတ်လာနိုင်မယ်” ဟု မန္တလေးမြို့ခံ ကဗျာဆရာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “စာကိုဖတ်လေ့မရှိတဲ့ သူတောင် ကိုယ့်ရှေ့မှာ စာအုပ်စာပေတွေ ဖောဖောသီသီ တွေ့နေမြင်နေရမယ် ဆိုရင် အနည်းဆုံး ဆွဲကိုင်မိဦး သူ့အနေနဲ့ ပညာတခုခုတော့ ရသွားမယ်။ ဒါကြောင့် မြန်မာ ပြည်သူတွေအတွက် စာကြည့် တိုက်တွေ၊ အငှားဆိုင်တွေ ၊ စာအုပ်ဈေးနှုန်းကျဆင်းတာတွေ ဖြစ်ဖို့ လိုတယ်” ဟု သူက ဆက်ပြောသည်။

စီးပွားရေး တက္ကသိုလ်မှ MBA ကျောင်းသူတဦးက “အင်တာနက်ကနေ စာအုပ်တွေ ဆွဲချပြီး ဖတ်လို့ရပေမယ့် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ပြီး ဖတ်ရတဲ့ ရသနဲ့ စာအုပ်ကိုင် ဖတ်ရတဲ့ရသ မတူဘူး” ဟု ဆိုသည်။

ယခုခေတ် လူငယ်များ စာအုပ်ဖတ်သည့် အလေ့အထ၊ ၀ယ်သိမ်းသည့် အလေ့အထ ပျောက်ကွယ်လာရခြင်းထဲတွင် အိုင်တီ နည်းပညာများ မြင့်မားလာခြင်း၊ အင်တာနက်များပေါ်လာပြီး ဂိမ်းကစားခြင်း၊ ဗီဒီယိုကားများကြည့်ခြင်း စသည့် ဖျော်ဖြေမှုများ တိုးပွားလာခြင်းသည်လည်း အကြောင်းရင်းတချက်အဖြစ် ပါဝင်ကြောင်း သူက ပြောသည်။

စာရေးဆရာမ မစန္ဒာကလည်း စာရေးဆရာတယောက်အနေနှင့် ပရိသတ် လက်ထဲသို့ မိမိစာအုပ် များများစားစား ရောက်စေချင်ကြောင်း သို့ရာတွင် စာအုပ်ဝယ်မဖတ်နိုင်သူက များသောကြောင့် အငှားဆိုင်ကိုသာ အားကိုးကြရကြောင်း၊ အငှားဆိုင်တိုင်းကလည်း စာအုပ်အစုံ မတင်နိုင်ကြောင်း ပြောဆိုသည်။

“၀ယ်နိုင်တဲ့ လူက ကိစ္စမရှိပေမယ့် မ၀ယ်နိုင်တဲ့လူကျတော့ အငှားဆိုင် အားကိုးရတယ်။ အငှားဆိုင်တိုင်းက ကိုယ်ဖတ်ချင်တဲ့ စာအုပ် မတင်တာမျိုးရှိတယ်။ ဒီတော့ စာဖတ်ပရိသတ်အတွက် အခက်အခဲ ဖြစ်ရတာ အမှန်ပဲ။ စာအုပ်ဝယ်ပြီး သိမ်းထားရဖို့ က တော်တော်လေးကို စဉ်းစားရတဲ့ အခြေအနေမျိုးဖြစ်နေပြီ။ တကယ်ကို ကြိုက်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ချင်မှ ၀ယ်ကြတာ” ဟု မစန္ဒာက ပြောသည်။

စာပေဖတ်ရှုခြင်းသည် နိုင်ငံတနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရေးတွင် အရေးပါသောကြောင့် ယင်းပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု စာပေပညာရှင်များက ဆိုသည်။

http://www.irrawaddy.org/

3 comments:

ကိုဇော် said...

ဒါ ရင်လေးစရာပဲ...

Anonymous said...

ဝုတ်ပ..။
ငါစာအုပ်ထုတ်ရောင်းစားတော့မယ်လုပ်မှကွာ..ဟင်း..။:P

Maung Myo said...

ဟုတ်ပါ့ ၀ယ်စုထားချင်ပေမယ့် ဈေးကြီးတော့ သိပ်မ၀ယ်နိုင် ဆိုးတယ် ။ မင်း ၀န်ကြီးဖြစ်မှ ပြည်သူတွေက အလကားဝေနော့်း)