Friday, July 9, 2010

သာသနာ့ခံတပ်

ရုံးဆင်းတော့ သူငယ်ချင်း နှစ်ယောက်သား ဈေးကဖြတ်ပြီး ပြန်လာကြတယ်။ ဈေးတစ်နေရာရောက်တော့ Singapore Pools ဆိုတဲ့ စာလုံးကြီးတပ်ထားတဲ့ ဆိုင်ကိုမြင်တာနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တန်းစီနေတဲ့ လူတွေရဲနောက်ဆုံးမှာ ဝင်ပြီး တန်းစီလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှေ့ကတန်းစီတဲ့ လူတွေကုန်လို့ ကျနော်တို့ အလှည့်ရောက်တော့ Sweep လို့ပြောပြီး လက်ညှိုး ၂ချောင်း ထောင်ပြလိုက်ပါတယ်။ Sweep ဆိုတာ စင်ကာပူထီ ပါ။

ဒီလိုနဲ့ လမ်းမှာ ကျနော်က သူငယ်ချင်းကို မေးလိုက်မိတယ်။ မင်းထီပေါက်ရင် အရင်ဆုံး ဘာအတွက်သုံးမှာလဲ ပေါ့။ သူကလည်း သာမာန် တစ်ယောက် အနေနဲ့ပဲ ပြန်ဖြေတယ်။ အရင်ဆုံး မြန်မာပြည်ပြန်ပြီး ဘုရားတည်မည်တဲ့။ ကျနော်က ဆက်မေးတယ်။ ဘာရည်ရွယ်ချက်လည်း ဆိုတော့ ဘုရားဒကာ ဖြစ်ချင်လို့၊ နောက်တစ်ခုက ငါတည်တဲ့ ဘုရားများ သူများတွေ ကိုးကွယ်ပြီး ကုသိုလ်၊ ဘာဝနာ ပွားများစေဖို့တဲ့။ ကောင်းလိုက်တဲ့ ကုသိုလ်စိတ်ပဲနော်။ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကျနော် တစ်ခုတော့ စိတ်မကောင်းဖြစ်သွားတယ်။ စေတီဘုရားတွေအောက်မှာ ထိုင်ပြီး ဆွမ်းနပ်မမှန်တဲ့ ဘုန်းတော်ကြီး၊ ကိုရင်ငယ်တွေ ဘယ်လောက်များ ရှိလေမလဲလို့။ များပြားလှတဲ့ ဝိနည်းပေါင်းများစွာကို ထိန်းသိမ်းပြီး သာသနာတော်ကို ရွပ်ရွပ်ချွံချွံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရဟန်းသံဃာတော်တွေ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတွေ ကိုရင်ငယ်တွေ စတဲ့ မြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်တွေက ဆွမ်းတစ်နပ်အတွက် အတော့ကို ရုန်းကန်နေကြရတယ် မဟုတ်ပေမယ်။ မပြောကောင်းမဆိုကောင်း တချို့ဆို သူတောင်းစားနဲ့တောင် အယှဉ်ခံရသေးတယ်။ စာသင်တိုက်တွေ ဆိုရင်လည်း ဆွမ်းအတွက် အတော်လေး ရုန်းကန်နေကြရပါတယ်။ ကျနော်တစ်ခါက ရေးဖူးတဲ့ မနက်ခင်းဘုံလောင်းတစ်ခု မှာလို ဘုံလောင်းတွေကို အားကိုးနေရပါတယ်။

စာသင်သားတွေဆို ပိုဆိုးပါတယ်။ စာအုပ်ဖိုး ဘောပင်ဖိုးက စလို့ အရာရာ လိုအပ်နေကြပါတယ်။ ဆရာတော်တစ်ပါး ဟောတာ ကြားဖူးပါတယ်။ ကိုရင် ဘာလိုလဲ ကိုယ်တော် ဘာလိုလဲ မမေးပါနဲ့။ အကုန်လိုပါတယ်တဲ့။ ဟုတ်ပါတယ်။ အကုန်လိုပါတယ်။ ဝိနည်းနဲ့ အညီဆိုရင် ရဟန်းသံဃာတော်တွေက ဘာလိုတယ်၊ ညာလိုတယ် ဆိုပြီး အလှူမခံရပါဘူး။ ဒါကြောင့် ဝိနည်းကို အတော်အတန် စောင့်ထိန်းတဲ့ ရဟန်းတွေက နှုတ်က ထုတ်ပြီး အလှူခံမှာမဟုတ်လို့ ဒကာတွေအနေနဲ့ ဘာလိုအပ်သလဲ မမေးရပါဘူး လို့ ဆရာတော်က ဆုံးမထားပါတယ်။ မြန်မာလူမျိုးတွေ အလှူဒါန ရက်ရောတာ မြန်မာတိုင်းသိပါတယ်။ လှူလည်းလှူနေကြပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ဘုန်းတော်ကြီးတွေ ဆွမ်းအတွက် ရုန်းကန်နေကြရပါသလဲ။ စေတီတွေလည်း ပေါပါတယ်။ ကမ္ဘာမှာ စေတီတော် အများဆုံးတိုင်းပြည်ဆိုရင် မြန်မာနိုင်ငံ မှတပါး အခြားမရှိပါ။

ဘုရားဒကာဖြစ်ချင်လို့ စေတီတည်တယ်။ ဘုရားမှာ ကဗျည်းထိုးချင်လို့ စေတီတည်တယ်။ သာသနာပြုခဲ့တဲ့ မှတ်တိုင်တစ်ခုအနေနဲ့ စေတီတည်တယ်။ မှန်ပါတယ်။ ကောင်းသော သာသနာပြု အမှုကိစ္စပါ။ မှားတယ်လို့ မဆိုလိုပါ။ သို့သော် သာသနာသည် အဆောက်အဦး မဟုတ်ပါ။ ဘုရားတည် ကျောင်းဆောက်ရုံနဲ့ သာသနာ မခိုင်မြဲနိုင်ပါဘူး။

ဥပမာတစ်ခုပေး၍ ပြောချင်ပါသည်။ နှိုင်းကောင်းသည် မကောင်းဘူးကတော့ မပြောတတ်ပါ။ စာဖတ်သူကို ကွက်ကွက်ကွင်းကွင်း မြင်စေချင်၍သာ ဥပမာပေးခြင်းဖြစ်ပါသည်။ သာသနာတော်ကို ရွှေနန်းတော် တစ်ခုဟု ယူဆပါစို့။ စေတီ ပုထိုးတွေဟာ နန်းဆောင် နန်းတော်တွေသာဖြစ်မယ်ဆိုရင် ပဋိယတ္တိ စာသင်တိုက်တွေဟာ သာသနာတော်အတွက် မြို့တံတိုင်းတွေပါ။ အခုအချိန်အခါမှာ သာသနာတော်ဟာ ရန်သူတွေ ဝိုင်းနေတဲ့ ရွှေနန်းတော်တစ်ခုပမာ အဘက်ဘက်က ထိုးနှက်ခံနေရပါတယ်။ ဒီအတွက်လည်း ဓမ္မကထိက ဆရာတော်တွေကလည်း စစ်သူကြီးတွေပမာ သွေးအံမတတ် ဦးဆောင်ညွှန်ကြားနေကြသလို၊ ကမ္မဋ္ဌာနစရိယ ကမ္မဋ္ဌာန်းပြ ဆရာတော်တွေကလည်း မှူးကြီးမတ်ကြီးများကဲ့သို့ သာသနာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေကြပါတယ်။ အခုလိုအချိန်မှာမှ ဒီမြို့ရိုးတွေကို ခိုင်အောင် မတည်ဆောက်နိုင်ဘူးဆိုရင်၊ သာသနာ့ရဲဘော်တွေ ဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို လက်နက်ရိက္ခာဖြစ်တဲ့ ရှင်လေးပါး (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး) နဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် နန်းတော် နန်းဆောင်တွေဖြစ်တဲ့ စေတီပုထိုးတွေကိုလည်း ကာကွယ်စောင့်ရှောက နိုင်လိမ့်မယ်မထင်ပါဘူး။ ဒါကြောင့် သာသနာတော်ကြီး အဓွန့်ရှည်ဖို့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့ကြပေးစေချင်ပါသည်။ ဘယ်ဆရာတော်က ငါ့ဆရာတော်၊ ငါတို့က ဘာဂိုဏ်း၊ ငါတို့ဆရာက ဒီလိုပြောတာ လို့မသတ်မှတ်ပဲ မြေကြီးပေါ်မှာ ဘုရားတည်တာမဟုတ်ဘဲ နှလုံးသားထဲမှာ ရတနာသုံးပါးကိန်းအောင် ဆောင်ရွက်ပြီး သာသနာ့ ရွှေနန်းတော်ကြီးကို စောင့်ရှောက်ဖို့ မြို့ရိုးတံတိုင်းတွေဖြစ်တဲ့ ပဋိယတ္တိ စာသင်တိုက်တွေနဲ့ သာသနာ့စစ်သည်တော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကို ထောက်ပံ့လှူဒါန်းပြီး ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ သာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

*ကျနော့အမြင်သက်သက် မျှသာဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာ ရှိခဲ့ပါက ထောက်ပြဝေဖန် အကြံပေးနိုင်ပါသည်။*

ဗီလိန်

0 comments: