Tuesday, July 13, 2010

လူမုန်လာဥ၊ လူကြက်ဥ နဲ့  လူလက်ဖက်ခြောက်

““လူမုန်လာဥ၊ လူကြက်ဥနဲ့၊ လူလက်ဖက်ခြောက်””

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက်ရှိကြတယ်တဲ့.....
......
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကိုတိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေ များနေတယ်ပေါ့။

ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။
တိုက်ခိုက်ရတာ ၊ ရုန်းကန်ရတာလည်း သမီးမှာမောလှပါပြိရှင်။ ပြဿနာတစ်ခု
ပြေလည်လို့မှ မနားရသေးဘူး။ နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာတာနဲ့၊ ဘ၀ဆိုတာ
ဒုက္ခတွင်းကြီးထဲ ဇောက်ထိုးဆင်းနေရသလိုပါဘဲ ဖေဖေရယ်၊ သမီးတော့ စိတ်ညစ်တယ်။
လူတောင် ဆက်မလုပ်ချင်တော့ဘူး။ ဘာညာ စသဖြင့် ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလိုညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကိုလက်ဆွဲပြီး
မီးဖိုချောင်ထဲ ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး
မီးပြင်းပြင်းနဲ့ မီးဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး။
မီးတွေကပြင်းတော့ အိုးသုံးလုံးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။

ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ
ထည့်လိုက်ပါတယ်။

ပြီးတော့ အိုးတွေကိုသည်အတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေနှယ် ဘာတွေများလုပ်နေပြန်တာလဲလို့ တွေးရင်း
စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့
ဖအေအကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့
စောင့်နေရပါတော့တယ်။


ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက
မုန်လာဥတွေကိုဆယ် ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်း ဆယ်ပြီး တခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက
လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ
သမီးဘက်လှည့်ပြီး မေးလိုက်တယ်။
““ ကဲ ........ သမီးရေ၊ ဒါတွေက ဘာတွေလဲ ”
““ မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါဖေဖေ ””
အဲသလိုဖြေလိုက်တော့ ဖအေက သမီးကိုသူ့နားလာခိုင်းပြီး မုန်လာဥတွေ စမ်းခိုင်းတယ်။ သမီးက
ဖခေိုင်းတဲ့အတိုင်း မုန်လာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်ပြီးနောက် ““
ဖေဖေ မုန်လာဥတွေကလည်း ပျော့ပြဲနေပြီ ”” လို့ပြောလိုက်ပါတယ်။

ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး ခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကို ခွာလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက
ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့
ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်
မွှေးပျံ့ပြီးအရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။

““ ဖေဖေ ဘာကိုပြောချင်တာလဲဟင်”
““ မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့
ရေနွေးပူပူထဲမှာ တပြိုင်တည်းတညီတည်း ထည့်အပြုတ်ခံရတာချင်းအတူတူ
တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့””
မုန်လာဥဟာ ရေနွေးထဲမရောက်ခင်တုန်းကတော့ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ..... ဒါပေမဲ့ ရေနွေးနဲ့လည်းအပြုတ်ခံရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး
ချိနဲ့သွားတော့တာဘဲ....

ကြက်ဥကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး။ ထိခိုက်လိုက်တာနဲ့
ဖတ်ခနဲကွဲသွားမှာအသေအချာနော်။ ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်း
ကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိနေတဲ့ အတွင်းသားတွေအားလုံး မာကုန်တာဘဲ
မဟုတ်လား သမီးရဲ့....

အေး.... လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်.......

““ ကဲ
...... အဖေ့သမီးကရောဘာလဲ? မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။
လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပါပဲ သမီးရဲ့၊ အဲဒီလောကဓံနဲ့
နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးကဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုန်လာဥလို တုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊ လက်ဖက်ခြောက်လို
တုံ့ပြန်မလား၊ သမီးဘာသာ စဉ်းစားပေတော့ကွယ်......””

ပုံပြင်လေးကတော့ ဒါပါဘဲ။
သူငယ်ချင်းရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုန်လာဥလို မာမာချာချာတောင့်တောင့်တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။









ဒါမှမဟုတ် ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်းပျော့တယ်၊ ဒါပေမဲ့ သေချင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်
ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ ..... လောကဓံဆိုတဲ့စိတ်ဓါတ်၊
ထီမထင်တဲ့ စိတ်ဓါတ်နဲ့ မာကျောကျော၊ တောင့်တောင့်ကြီးဖြစ်သွားမယ့်
လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးကြက်ဥလိုဘဲ အပြင်ပန်းအမြင်မှာ
သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့
လူများဖြစ်နေမှာလား။

ဒါမှမဟုတ် မင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာ ကောင်းလေလေပေါ့။
လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေကို အရှိန်တက်လေလေ၊
အရည်အချင်းတွေပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

ကဲ .............. သူငယ်ချင်း မင်းရော လောကဓံကို ဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။
သူငယ်ချင်း မင်းကရော လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား?
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါ

0 comments: