Sunday, August 15, 2010

အပျိုဟိုင်းကြီးရဲ့ ပျော်ရွှင်စရာ မွေးနေ့ပွဲ၊ အနုပညာ မောင်နှမများစွာဖြင့် ဆင်နွှဲ

ကြော်ငြာ ခေတ်ဦးကာလက အောင်မြင်တဲ့ ကြော်ငြာ သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်ရင်ထဲ နေရာယူနိုင်ခဲ့တဲ့ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ ပျော်ရွှင်စရာ မွေးနေ့ ပွဲကို ဂျူလိုင်(၃ဝ) ရက်နေ့၊ ညချမ်းအချိန်က မိုးရေတဖွဲဖွဲ ရွာသွန်းနေတဲ့ ကြားကနေပဲ အောင်မြင်စွာ ကျင်းပ သွားနိုင်ခဲ့ပါတယ်။ အနုပညာ အသိုင်းအဝိုင်းနှင့် မိသားစု၊ သူငယ်ချင်းများက ချစ်စနိုးဖြင့် ''ချောချော''လို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် လှဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲမှာ အနုပညာ ညီအစ်မများဖြစ်ကြတဲ့ သရုပ်ဆောင် မြသဉ္ဇာလီ၊ ဆုပန်ထွာ၊ ဂန္ထဝင်၊ ဆုရွှန်းလဲ့၊ ဆုကဗျာ၊ ခွန်းဆင့်နေခြည်၊ ဖြိုးသီရိခေတ်နှင့် မော်ဒယ်လေးများ ကလည်း မွေးနေ့အမှတ်တရ ဖက်ရှင်ရှိုး လျှောက်ပြကာ ဖျော်ဖြေတင်ဆက် ခဲ့ကြပါတယ်။ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲမှ Dream Boat အဖွဲ့မှ ဆန်းထွဋ်နှင့် မောင်မောင်အေး သရုပ်ဆောင် အရိုင်းနှင့်ညောင်ညောင်၊ ဧရာတို့က အစီအစဉ် တင်ဆက်သူများအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပြီး အနုပညာရှင်များ ဖြစ်ကြသော အကယ်ဒမီလူမင်း၊ ရဝေအောင်၊ မိုးအောင်ရင်၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ ချောရတနာ၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျှင်၊ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်၊ စုစုစန္ဒီ၊ စိုးပြည့်သဇင် အစရှိသူတို့ တက်ရောက်ချီးမြှင့် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။ သရုပ်ဆောင် လှအဉ္ဇလီတင့်ရဲ့ မွေးနေ့ပွဲအတွက် AROMA Shooping Centre မှ ကိုအောင်မြတ်သူနှင့် ကိုစိန်လင်း တို့ကလည်း အဝတ်အစားနှင့် မိတ်ကပ်များကို ပံ့ပိုးကူညီ ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ချောချောကို ချစ်ခင်ကြတဲ့ အနုပညာရှင်များစွာနဲ့ အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးမြင့်သိန်းဖေနှင့် အကယ်ဒမီမောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ကလည်း မွေးနေ့ အမှတ်တရ စကားများကို ပြောကြားပေးခဲ့ကြပါတယ်။

သရုပ်ဆောင် လှအဉ္ဇလီတင့် @ ချောချောတစ်ယောက် ကျန်းမာရေး ကောင်းမွန်စွာဖြင့် မွေးနေ့ပွဲကို ကျင်းပသွားနိုင်တဲ့ အတွက် သူမကို ချစ်ခင်ကြတဲ့ သူများက ဝမ်းသာကျေနပ်နေကြပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ ယနေ့အချိန်ထိတိုင် မိခင်ကြီးဒေါ်ခင်အေးနှင့် မိသားစုများအတွက် အနုပညာလုပ်ငန်းဖြင့် ပြန်လည် ကျေးဇူးပြုနေသလို၊ တစ်ကိုယ်တည်း နေထိုင်နေခဲ့ခြင်းကြောင့် သူမကိုချစ်ခင်ကြတဲ့ ပရိသတ်များက အားမလိုအားမရ ဖြစ်နေကြပြန်ပါတယ်။ မွေးနေ့ မင်္ဂလာပွဲ ပြီးတဲ့အခါ အခြားသော မင်္ဂလာပွဲတွေ အတွက်လည်း ကူညီပံ့ပိုးပေးချင်တဲ့သူ များပြားနေတယ်လို့ သိရပါတယ်။

လျှပ်တစ်ပြက်ဂျာနယ် မှ ကူးယူဖေါ်ပြပါသည်။


0 comments: