Tuesday, August 31, 2010

အမေရိကန်နိုင်ငံတွင် ဗုဒ္ဓဘာသာ တဖြေးဖြေး ထွန်းကားလာခြင်း

အမေရိကန်နိုင်ငံသည် ပုံမှန်အားဖြင့် ခရစ်ယာန်၊ ဂျူး၊ နှင့် အစ္စလာမ်ဘာသာဝင် အများစုတို့ နေထိုင်ရာ နေရာဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ တရားစခန်းများလည်း ခေတ်စားစပြုလာသည်ကိုတွေ့ရသည်။ အများစုသည် ဗီယက်နမ် ဗုဓ္ဒဘာသာဝင်များ၊ အရှေ့တိုင်းသားများဖြစ်သော်လည်း ဥရောပနွယ်ဝင်များလည်း ဗုဒ္ဓဘာသာ တရားစခန်းများသို့  တရားထိုင်ရန် ရောက်ရှိလာကြသည်။

ရစ်ခ်ျမွန်းမြို့ ရှိ သာသန၀ိပဿနာတရားရိပ်သာသို့ တရားထိုင်ရန် ရောက်လာသော လူများထဲမှ ဟွမ်ထရန်ဆိုသူက ဗုဓ္ဒဘာသာဆိုတာ ဘ၀နေမှုပုံစံ တမျိုးပါ။ ဆိုလိုချင်တာက ခင်ဗျားအနေနဲ့ ဘာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဓ္ဒဘာသာဖြစ်ဖြစ်၊ ဖြစ်ချင်တာဖြစ် အရေးမကြီးဘူး၊ ဒီဘ၀နေမှုပုံစံကလေးကို လိုက်နာရုံပါပဲ။ အမေရိကမှာတော့ လွတ်လပ်တယ်။ ရွေးချင်တာကို ရွေးချယ်လို့ ရတယ်။ ဗီယက်နမ်မှာ နေခဲ့ရသလိုမျိုး ဘောင်ချထားတဲ့ စည်းဝိုင်းအ တွင်း နေရတာမျူိး မဟုတ်ဘူးဟု ထရမ် က ဆက်လက်ပြောဆိုသည်။


အမေရိကန်တွင် မွေးဖွားသူအများအပြားသည် ယခုနောက်ပိုင်းတွင်ဗုဓ္ဒဘာသာသို့ ကူးပြောင်းကိုးကွယ်လာကြသည်။ အဓိက အကြောင်း အရင်းမှာ မိရိုး ဖလာကိုးကွယ်လာခဲ့သော ဘာသာတရားကို သဘောမကျတော့၍ဟု ဆိုသည်။ အဆိုပါ ဘာသာများတွင် လူအများသိလိုသော အမေးပုစ္ဆာများသည် အဖြေမပေးနိုင်ပဲ တို့လို့ တန်းလန်းရှိနေသည်။ ထို့ အပြင် အခြားသောပြဿနာမှာ သိပ္ဗံပညာတွေ့ ရှိချက်များနှင့် ဘာသာရေးတွင်ပါဝင်နေသောအကြောင်း အရာများမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အတွက် လွန်စွာ စိတ်ပျက်ဘွယ် ဖြစ်သည်ဟု ရစ်ခ်ျမွန်းရှိ ဇင်ဗုဓ္ဒဘာသာအဖွဲ့ခေါင်းဆောင်နှင့်ဗာဂျီးနီးရား တက္ကသိုလ်မှ ဇင်ဗုဓ္ဒဘာသာ ပါမောက္ခ ကီဗင်ဟက်ဖာနမ် ကဆိုသည်။ ဗုဓ္ဒဘာသာတွင် စင်္ကြာဝဋ္ဌာကြီးကို မည်သူက မည်သို့ဖန်တီးခဲ့သနည်းဆိုသည်မှာ အရေးမကြီးပဲ ယခုလက်ငင်းတွင် ဘာလုပ်ကြရမည်၊ လူအဖြစ်ရှင်သန်ပြီး သေလွန်ကြရမည့်အချိန်တွင် ဘာတွေလုပ်ဘို့  လိုအပ်မည်မှာ ပိုမိုအရေးကြီး ကြောင်း၊ ဤကိစ္စများမှာ ပိုမိုလက်တွေ့ ကျပြီး အကောင်းဆုံးချဉ်းကပ်နည်းလည်း ဖြစ်ကြောင်း ဟက်ဖာနမ်က ဆက်လက်ဆိုသည်။

ဟက်ဖာနမ်သည် အက်ပီစကိုပါဘုရားရှိခိုးကျောင်းတွင် နေထိုင်ကြီးပြင်းလာခဲ့ပြီး ၁၉၆၀ပြည့်နှစ်များအတွင်း သေခြင်းတရား၊ လူသတ်ခြင်းနှင့် စစ်ပွဲများ အကြောင်းကို စဉ်းစားခဲ့ရာမှ ဒဿနိကဗေဒဘာသာရပ်ကို စတင်လေ့လာကာ နောက်ဆုံးတွင် ဗုဓ္ဒဘာသာသို့ ရောက်ရှိခဲ့သည်။

ဗုဓ္ဒဘာသာ ပြန့်ပွားလာရခြင်း၏ အခြားသောအကြောင်းတခုမှာ လူအဖွဲ့အစည်းတွင် အံမ၀င်ခွင်မကျဖြစ်နေသူများအတွက် သင်ကြားပြသပေးရန် နေရာ တခုလိုနေသည်ဟု အမေရိကန် လူမျိုးအများစုက ယူဆနေကြခြင်း ဖြစ်သည်။ အီကိုဂျီဗုဓ္ဒဘာသာ တရားစခန်းခေါင်းဆောင် အင်ဒီဝစ်ကိုရက်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာခြင်းဖြင့် တည်ငြိမ်ခြင်း၊ စုစည်းခြင်း၊ နှင့် ကောင်းမွန် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ သူ့ဘ၀တွင် အခက်အခဲများစွာ ကြုံဆုံရပြီး နောက် ဗုဒ္ဓဘာသာ တရားထိုင်ခြင်းများကြောင့် ဆေးဝါး သောက်သုံးနေရခြင်း၊ စိတ်ဓါတ်ကျနေခြင်းတို့ မှ ရုံးထွက်နိုင်ခဲ့ပြီး လမ်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟုလည်း သူကရှင်းပြ သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ဗုဓ္ဒဘာသာဝင်ဦးရေ နှစ်သန်း မှ သုံးသန်းအထိရှိပြီး အားလုံးသည် သိဒတ္ထဂေါဓမ္မဘုရား၏ လမ်းစဉ်ဖြစ်သော နိဗ္ဗန် ရောက်ရာလမ်းကို ဦးတည်ကြသည်။ နိဗ္ဗန်ရရှိခြင်းဖြင့် အစဉ်မပြတ်ဖြစ်ပျက်ပြောင်းလဲခြင်းကို ရပ်တန့်နိုင်မည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းမှုကို ရရှိမည်ဖြစ်သည်။

အမေရိကန်တွင် ဗုဒ္ဓဘာသာ အမျိုးမျိုးကို လေ့လာလိုက်စားပြန့်ပွားလျှက်ရှိရာ မဟာရန၊ ထေရ၀ါဒ၊ ဝိပဿနာ၊ ဇန်ဗုဓ္ဒဘာသာ၊ ခရစ်ယာန်တို့ နားလည် လွယ်အောင် တီထွင်ထားသော Pure Land ဗုဒ္ဓဘာသာ စသည်ဖြင့် အမျိုးအစားစုံလင်လှသည်။ ဝိပဿနာ ဗုဒ္ဓဘာသာ ကမူ နေရာအနှံအပြား တွင် ပြန့်ပွားနေသည်။

ဗုဒ္ဓဘာသာ ကို အမေရိကန်နိုင်ငံအနှံအပြားတွင် တွေ့ရှိနိုင်ပြီး ကာလီဖိုးနီးယားပြည်နယ်တွင် ဗုဒ္ဓဘာသာ မျိုးကွဲများ အားလုံးကို တွေ့နိုင်သည်၊ သို့ သော် ဗုဒ္ဓဘာသာ ၀င်များသည် ခပ်အေးအေး နေထိုင်ကြပြီး လူသိရန် ပြုလုပ်ခြင်းမရှိသည့်အတွက် ရှာရခက်ကောင်း ခက်နိုင်သည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာဝင် အများစုအနက် ဗီယက်နမ်၊ ကမ္ဘောဒီယား၊ နှင့် တိဗက်လူမျိုးများမှ အသိသာအထင်ရှားဆုံး ဖြစ်သည်။ အပါတ်စဉ် တရားပွဲများကျင်းပရာတွင် ဘုန်းကြီးများ အစား ဘာသာရေးဆရာများ၊ တရားဟောဆရာများ၊ တက္ကသိုလ်ဆရာများက ဦးဆောင်ကျင်းပကြသည်။


1 comments:

SHWE ZIN U said...

မဖတ်ရသေးတာတွေ အားလုံး စုဖတ်သွားတယ်

ကျေးဇူး

ရွှေစင်ဦး