Monday, May 24, 2010

အင်တာမှ ထွက်ခွါကာ ရီးယဲလ်သို့ ပြောင်းရွှေ့မည်ဟု မော်ရင်ဟို ပြောကြား


Sunday, 23 May 2010 11:03
အင်တာမီလန် အသင်း အတွက် ဥရောပ ချန်ပီယံလိဂ် ဖလား ရယူပေးခဲ့သူ မော်ရင်ဟိုက ၎င်းအနေဖြင့် အသင်းမှ ထွက်ခွါတော့မည် ဖြစ်ကြောင်းနှင့် ရီးယဲလ်သို့ ပြောင်းရွှေ့မည်ဟု ပြောကြားခဲ့သည်။
၂၀၀၄ခုနှစ်က ပေါ်တို အသင်းနှင့် အတူ ချန်ပီယံလိဂ် ဖလား ရယူခဲ့စဉ်ကလည်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့မည်ဟု ထုတ်ဖော် ကြေညာခဲ့ဖူးသူ မော်ရင်ဟိုက ယခုအခါ အင်တာ အသင်း အတွက် သမိုင်းသစ် ရေးထိုးပေး နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် အခြား ကလပ် အသင်းကြီး တစ်သင်းသို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း ပြောကြား လာခဲ့သည်။

"ကျွန်တော် အလုပ်က ပြီးဆုံးသွား ပါပြီ။ ကျွန်တော် ကလပ် အတွက် သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပြီး အခု တခြား အသင်း အကြီးတစ်သင်းနဲ့ အတူ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ အင်တာက ထွက်ခွါ ပါတော့မယ်" ဟု မော်ရင်ဟိုက ဘိုင်ယန်မြူးနစ်အား အနိုင်ရ အပြီးတွင် ပြောကြားခဲ့သည်။ ထို့နောက် သတင်းဌာန တစ်ခုက ရီးယဲလ်သို့ ပြောင်းရွှေ့မည်လောဟု မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ယခုနှစ်ဘောလုံး ရာသီတွင် အင်တာ အသင်း အတွက် ဖလား ၃လုံး ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး ၎င်းက "တကယ့်ကို အံ့မခန်း ဘောလုံး ရာသီ တစ်ခုပါပဲ။ ကျွန်တော် ဘယ်လို ခံစားရလဲ ဆိုတာကို စကားလုံးတွေနဲ့ မဖော်ပြ နိုင်အောင် ပါပဲ။ အရမ်းကို ပျော်ပြီး အရမ်းကို ဂုဏ်ယူ မိပါတယ်" ဟု ဆိုခဲ့သည်။

အင်တာမီလန်မှ ထွက်ခွါရမည့် ကိစ္စနှင့် ပတ်သက်၍ "အင်တာ အတွက် နောက်ဆုံးပွဲ ဖြစ်ခဲ့တဲ့ အပေါ်တော့ စိတ်မကောင်း ဖြစ်ရပါတယ်။ အင်တာဟာ ကျွန်တော့် အိမ် ကျွန်တော့်ယာ ပါပဲ။ ချယ်လ်ဆီး လိုမျိုးပါပဲ။ ချယ်လ်ဆီး တုန်းကလည်း ထွက်ခွါဖို့ ခက်ခဲ ခဲ့ပါတယ်။ အင်တာလည်း အတူတူပါပဲ။ ဒါပေမယ့် ဒါဟာ ဘ၀ပါပဲ။ ဒါဟာ ဘောလုံးမှာ ဖြစ်တတ်တဲ့ အရာပါ" ဟု ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက်တွင် အဘယ်ကြောင့် ရီးယဲလ်သို့ ပြောင်းရွှေ့ ပါသလဲဟု မေးမြန်းရာ "ကျွန်တော့်ကို အလိုရှိတဲ့ တစ်သင်းတည်းသော ကလပ်ပါ" ဟု ဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင်မူ မော်ရင်ဟိုက "ကျွန်တော် ဘယ်သူနဲ့မှ စကား မပြောရ သေးပါဘူး။ ရီးယဲလ်က စိတ်ဝင်စား နေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ကလည်း စိတ်ဝင်စား တယ် ဆိုတာ အမှန်ပါပဲ" ဟု မတင်မကျ ပြန်လည် ပြောကြားခဲ့သည်။
www.soccermyanmar.com မှ ကူးယူဖေါ်ပြပါသည်။

0 comments: