Monday, May 24, 2010

မီလီတို၏ သွင်းဂိုးများဖြင့် ချန်ပီယံ လိဂ်တွင် ဗိုလ်စွဲကာ ဖလား ၃လုံးရ အသင်း ဖြစ်လာသည့် အင်တာမီလန်

Sunday, 23 May 2010 09:24

ယမန်နေ့ ညက စပိန် နိုင်ငံ မက်ဒရစ် မြို့တွင် ဘာနေဗျူး အားကစား ကွင်းကြီး၌ ယှဉ်ပြိုင် ကစားခဲ့သည့် အင်တာမီလန်နှင့် ဘိုင်ယန် မြူးနစ် အသင်းတို့၏ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်တွင် အင်တာမီလန် အသင်းက မီလီတို၏ သွင်းဂိုး ၂ဂိုးဖြင့် ဂိုးပြတ် အနိုင် ရရှိခဲ့သည်ဟု သိရသည်။

ယခုပွဲတွင် ဘိုင်ယန် အသင်းက အင်တာမီလန် အသင်းအား ပွဲချိန် တော်တော်များများ ဖိကစား နိုင်ခဲ့ပြီး အင်တာမီလန် အသင်း အနေဖြင့် တန်ပြန် တိုက်စစ် များဖြင့်သာ ဘိုင်ယန် အသင်းအား ထိုးဖောက် ကစားရန် ပြင်ဆင် လာခဲ့သည်။ ထို့ကြောင့် အင်တာမီလန် အသင်း၏ အကောင်းဆုံး တန်ပြန် တိုက်စစ်များမှ တဆင့် မီလီတိုက အနိုင်ဂိုးများ ရရှိခဲ့ကာ ယခုကဲ့သို့ အသင်း အတွက် တတိယ အကြိမ်မြောက် ချန်ပီယံလိဂ် အောင်ပွဲ ဖြစ်စေခဲ့သည်။

ပထမပိုင်း ၃၅မိနစ်တွင် တန်ပြန် တိုက်စစ်ဆင် ကစားလာသည့် အင်တာ တိုက်စစ် ကစားသမား ရှနိုက်ဒါ အကောင်းဆုံး ဖန်တီးပေးမှု မှတဆင့် မီလီတို ဧရိယာ အတွင်း ဆွဲပြေး ကန်သွင်းခွင့် ရရှိခဲ့ကာ လှလှပပ အဆုံးသတ် နိုင်ခဲ့သည်။ ထို့ကြောင့် အင်တာမီလန် တို့က ပွဲအား ဦးဆောင် ထားနိုင်ခဲ့ပြီး ဒုတိယပိုင်း ပြန်စစချင်းတွင် ဘိုင်ယန် အသင်း ကစားသမား သောမတ်စ် မူလာ ဧရိယာ အတွင်း အပိုင် ပိတ်သွင်းခွင့် ရခဲ့သော်လည်း ဂိုးသမား ဂျူလီယို ဆီဆာ အကောင်းဆုံး ကာကွယ် နိုင်ခဲ့၍ ဘိုင်ယန်တို့ ချေပဂိုး မရခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပွဲချိန် မိနစ် ၇၀ အရောက်တွင် မီလီတို တစ်ကိုယ်တော် ထိုးဖောက် တိုက်စစ်ဆင် ရာမှ နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံ ရရှိခဲ့သည်။ လက်ကျန် မိနစ်များတွင် ဘိုင်ယန်မြူးနစ် အသင်း အနေဖြင့် ချေပဂိုး တစ်ဂိုးပင် ပြန်လည် သွင်းယူ နိုင်ခဲ့ခြင်း မရှိခဲ့ရာ အင်တာမီလန် အသင်းက ဗိုလ်စွဲ ခဲ့သည်။

ထို့ကြောင့် အင်တာမီလန် အသင်းသည် အများက မျှော်လင့် ထားသည့် အတိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အနိုင်ရရှိ ခဲ့ပြီး ကိုပါ အီတလီယာ၊ စီရီးအေ အမှတ်ပေး ချန်ပီယံ ဆုများနှင့် အတူ တစ်ရာသီတည်း ဖလား ၃လုံး ရရှိသည့် အသင်း ဖြစ်လာခဲ့သည်။
www.soccermyanmar.com မှကူးယူ တင်ဆက်ပါသည်။

0 comments: