Wednesday, May 26, 2010

ပီကာဆို၏ ပန်းချီကားတစ်ကားအပါအ၀င် နာမည်ကျော်တို့၏ အနုပညာလက်ရာများ ပါရီပြတိုက်မှ ခိုးယူခံရ

ပီကာဆို၏ ပန်းချီကားတစ်ကား အပါအ၀င် အခြားနာမည်ကျော် ပန်းချီဆရာတို့၏ လက်ရာပန်းချီကားငါးချပ်အား ပါရီမြို့တော်မော်ဒန်ပန်းချီပြတိုက်မှ ခိုးယူခံခဲ့ရကြောင်း ပြင်သစ်ရဲများက မေလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

အီဖယ်မျော်စင်အနီးမှ စိန်းမြစ်ကမ်းတစ်ဖက်ရှိ ယင်းပြတိုက်မှ ခိုးယူသွားခဲ့သော ယင်းပန်းချီကား ငါးချပ်မှာ အမေရိကန်ဒေါ်လာ ၆၁၈ သန်း တန်ဖိုးရှိကြောင်း သိရသည်။ပန်းချီကားများမှာ မေလ ၁၉ ရက် ညဥ့်နက်ပိုင်းတွင် ခိုးယူခံခဲ့ရခြင်း ဖြစ်ကာ ပျောက်ဆုံးကြောင်းကို သက်ဆိုင်ရာတို့က မေလ ၂၀ ရက်နေ့နံနက်တွင် သိရှိခဲ့ရခြင်းဖြစ်သည်။

လုံခြုံရေးကင်မရာများမှ တစ်ဆင့်ပြန်လည်ကြည့်ရှုခဲ့ရာတွင် သူခိုးတစ်ဦးသည် ညဘက်တွင် ပြတင်းပေါက်မှတစ်ဆင့် ပြတိုက်အတွင်းသို့ ၀င်ရောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ကွဲနေသောမှန်ပြတင်းများနှင့် ပန်းချီကားငါးချပ် သိမ်းဆည်းထားသည့် နေရာ အားပိတ်ထားသော သော့ခလောက် တစ်ခုပျက်စီးနေကြောင်းကို တွေ့ရှိခဲ့ရသည်။သို့သော် အချက်ပေးစနစ်များမှ အဘယ့်ကြောင့်သတိမပေးခြင်းကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။

ခိုးယူခံခဲ့ရသည့် ပန်းချီကားငါးချပ်အနက် ပီကာဆို၏ Dove with Green Peas ပန်ချီကားမှာ တန်ဖိုးအကြီးဆုံးဖြစ်သည်ဟု သိရသည်။

မြို့တော် ပုသိမ် မှ ကူးယူဖေါ်ပြပါသည်။

0 comments: