Friday, May 21, 2010

သမ္မတအိုဘားမားကို လုပ်ကြံရန် သင်ခန်းစာ ဥပမာအတွက် သင်္ချာဆရာအလုပ်ဖြုတ်ခံရ

ကျောင်းသား များကို သင်္ချာ ပုစ္ဆာ ရှင်းပြရန် အတွက် ဥပမာ အနေဖြင့် သမ္မတ အိုဘားမားအား လုပ်ကြံရန် အစီအစဉ်ကို အသုံးပြု ခဲ့ခြင်းကြောင့် အယ်ဘားမာ ပြည်နယ်မှ ကျောင်းဆရာ တစ်ဦးကို အလုပ် ထုတ်ပစ် လိုက်သည်။

ဂျက်ဖာဆန်မြို့၊ ကော်နာအထက်တန်းကျောင်းမှ ကျောင်းဆရာ ဂရီဂိုရီဟာရစ်ဆန်ကို ကျောင်းအာဏာပိုင်များမှ အရေးယူသည့်အနေဖြင့် ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးသတိပေးရန်သာ စီစဉ်ခဲ့သည်။ သို့သော် သူ၏ သင်္ချာသင်ခန်းစာတွင် သမတကို ပစ်ခတ်ရန်အတွက် ဖြစ်နိုင်သော ထောင့်အနေအထားများနှင့် ပတ်သက်သည့် သင်ကြားမှုကို အထူး ထောက်လှမ်းရေး အဖွဲ့မှ စုံစမ်းနိုင်ခဲ့လေသည်။

ပြစ်ဒဏ်လျော့ပေါ့စွာ အရေးယူသည့်အတွက် လူထု၏ မကျေနပ်မှုများကြောင့် နောက်ပိုင်းတွင် အာဏာပိုင်များမှ ပိုမိုပြင်းထန်သော အရေးယူရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ဂျီအော်မေတြီ သင်ခန်းစာတွင် မျဉ်းပြိုင်များ၊ ထောင့်များနှင့် ပတ်သက်သော ခေါင်းစဉ်တွင် ကျောင်းဆရာမှ အိုဘားမားကို ပစ်ခတ်မည်ဆိုလျှင် မည်သို့ရပ်ပြီး ချိန်ရမည်ကို ဥပမာ ပေးခဲ့လေသည်။

“ဆရာက ထောင့်တွေနဲ့ပတ်သက်ပြီး သင်ကြားနေတာပါ။ ဒီအဆောက်အဦးထဲမှာဆိုရင်တော့ သမတကို ပစ်ခတ်ဖို့အတွက် ဒီလိုထောင့်ကို ယူရမယ်ဆိုပြီး ပြောခဲ့တယ်။” အထက်တန်း ကျောင်းသားကြီးတစ်ဦးဖြစ်သူ ဂျိုးဆက်ဘရောင်းမှ ပြန်ပြောပြခဲ့သည်။

နောက်ကျောင်းသားတစ်ဦးမှလည်း “လပတ်စစ်ဆေးမှုကိုပြန်လှန်သုံးသပ်ပြီး စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပေါ့၊ အနားသတ် မျဉ်းတွေအကြောင်း သင်ခန်းစာမှာပါ၊ ကျောင်းသားတစ်ဦးကပြောလိုက်တဲ့ - အင်း.. သမတကို ပစ်မယ်ဆိုရင်တော့ - ဆိုတဲ့စကားကို ဆရာက ဆက်ပြောလိုက်တာလေ - အိုကေ။ သူ့နားရွက်ကိုပစ်မယ်ဆိုရင် ဒီလိုထောင့်ဖြတ်ကို ယူရမယ်။”

ဒေသပညာရေးမှူးဖြစ်သူ ဖီးဟမ်မန်စ်မှ ကျောင်းဆရာ ဟာရစ်ဆန်အနေဖြင့် မဖွယ်မရာပြောဆိုခဲ့ခြင်းမှာ လွန်စွာမှားယွင်းကြောင်းနှင့် ဆက်လက်စုံစမ်းမှုများပြုလုပ်ရန်အတွက် အလုပ်မှ ထုတ်ထားကြောင်းပြောခဲ့သည်။ “ကျနော့်နယ်ထဲမှာ ဖြစ်တော့ ရှက်စရာလည်းကောင်းတယ်ဗျာ၊ သူအဲဒီလိုပြောခဲ့တာကို ပညာရေးက ဘယ်လိုမှ လက်မခံနိုင်ဘူး။ မသင့်လျော်ဘူးမဟုတ်လား။ အင်မတန်ဆိုးရွားတယ်။ အရေးယူရမှာဘဲ။ ကျနော်တို့လူ့အဖွဲ့အစည်းမှာ ဒီလိုပုံစံနဲ့ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုကို လက်မခံနိုင်ပါဘူး။”

ကျောင်းသူတစ်ဦးဖြစ်သူ မာလီယာမှ ဆရာ ဟာရစ်ဆန်မှာ သုံးသပ်ဝေဘန်နိုင်စွမ်းရှိသူ ဆရာကောင်းတစ်ဦးဖြစ်ကြောင်း ထောက်ခံပြောဆိုပြီး ဤသို့သုံးသပ်ပြောဆိုခဲ့သည်။ “အင်း.. ပြောခဲ့တာကတော့ မသင့်တော်ပါဘူး။ ဒါပေမယ်လို့ အိုဘားမားနဲ့ပတ်သက်လို့ ပျက်လုံးမထုတ်တဲ့သူ အမေရိကမှာ ရှိလို့လား။ အခုဆရာ့အပေါ်မှာ ပြောဆိုနေပုံတွေကတော့ဖြင့် ဆရာကဘဲ သမတကို လုပ်ကြံတော့မယ့်အတိုင်း၊ အဲဒီလိုမှ မဟုတ်တာ။”

မောက္ခသတင်း

0 comments: