Wednesday, May 26, 2010

ဓာတ်ဆားထုပ်များ ဈေးတက်နေ

အပူချိန်ပြင်းထန်လွန်ကဲခြင်းကြောင့် ရေဓာတ်နှင့် ဆားဓာတ်ကုန်ဆုံးမှုကို ပြန်လည် ဖြည့်ဆည်းပေးသော ဓာတ်ဆားထုပ်များမှာမေလ ပထမပတ်မှစပြီး ဈေးတက်လျက်ရှိကြောင်း သိရသည်။

"ဈေးတက်နေတာ အစကတော့ မသိဘူး။ ပုံမှန်အတိုင်းပဲ ဖောက်သည်တွေကို ပေးနေတာ။ နောက်တော့မှ ငါးဆယ်လောက် တက် သွားတယ်ဆိုမှ ချက်ချင်း ဈေးစုံစမ်းပြီး လက်ကျန်လေး တွေကို သိမ်းထားလိုက်ရတယ်။ အရင် က ကျပ် ၉၀ လောက်ဝယ်ရတာ အခု ကျပ် ၁၄၀ လောက် ပေးရတယ်။ ဈေးတက်ပေမယ့် ၀ယ်သောက်တဲ့လူတွေ ပုံမှန်ပါပဲ"ဟု ဇာနီဟိန်းဈေးဆိုင်မှ ကိုဇာနည်က ပြောသည်။

၂၀၁၀ ပြည့်နှစ်သည် အပူလွန်ကဲသော နှစ်တနှစ် ဖြစ်သဖြင့် နီးစပ်ရာ ကျန်းမာရေးဆေးခန်းများနှင့် ဆရာဝန်များက အပူလွန်ကဲ မှုကြောင့် ဖြစ်ပေါ်လာမည့် ရောဂါများကို ကြိုတင်သော အားဖြင့် ဓာတ်ဆား များများသောက်ရန် လမ်းညွှန်ထားကြသည်။

"ကျွန်တော်ခေါင်းမူးနေလို့ ဆေးခန်းသွားပြတာ။ ဆရာဝန်က သောက်ဆေးအပြင် ဓာတ်ဆားများများသောက်ပါ လို့ညွှန်လိုက်တယ်။ ဒါကြောင့်ကျွန်တော် ကားမောင်းရင် ဓာတ်ဆားကို အရည်ဖျော်ပြီး ဘူးနဲ့ဆောင်ထားတာ"ဟု မန္တလေးဘူတာကြီးမှ တက္ကစီသမား တစ်ဦးက ပြောသည်။

"အခုချိန်ကတော့ ဘယ်လူနာပဲလာလာ ဖြစ်တဲ့ရောဂါပျောက်မယ့် သောက်ဆေးအပြင် ဓာတ်ဆားထုပ်တွေပါ ထည့်ပေးရတယ်။ ချွေးထွက်များတော့ ကိုယ်ခံအားနည်းချိန် ရောဂါတွေ အလိုလိုရောက်လာတတ်တယ်။ခေါင်းမူးတာလောက်တော့ သီးစုံဓာတ်ဆားတို့၊ လိမ္မော်ဓာတ်ဆားတို့ပေးတယ်။ ၀မ်းလျှောရင် ဘီပီအိုင် ဓာတ်ဆားပေးလိုက်ပါတယ်။ ကျွန်တော်လည်း သောက်နေရတယ်"ဟု အထွေ ထွေ ရောဂါကုဆရာဝန် တစ်ဦးက ပြောသည်။

သံပရာအရသာရှိသော Peditral အမည်ရှိ ဓာတ်ဆားထုပ်မှာ ဈေးကွက်တွင် အရောင်းရဆုံးဟု သိရသည်။ အဆိုပါ ဓာတ်ဆားထုပ်မှာ လိမ္မော် အရသာဖြင့်လည်းထုတ်သည်။ တစ်ထုပ်လျှင် ကျပ် ၁၀၀ ပေးရသည်။

ထိုဓာတ်ဆားထုပ်အပြင် ဘီပီအိုင် ဓာတ်ဆားထုပ်မှာလည်း အရောင်းသွက်သည်။ ဘီပီအိုင် ဓာတ်ဆားထုပ်တွင် ဖော်မြူလာ အသစ် ဓာတ်ဆားထုတ်နှင့် ဖော်မြူလာအဟောင်း ဓာတ်ဆားထုတ်ဟူ၍ နှစ်မျိုးရှိသည်။

တစ်ထုပ်နှင့် တစ်ထုပ်မှာ ကျပ် ၅၀ ကွာသည်။ ဖော်မြူလာအသစ်မှာ တစ်ထုပ်လျှင် ကျပ် ၁၀၀ ပေးရပြီး အဟောင်းမှာ ကျပ် ၁၅၀ ရှိသည်။

Royal-D သီးစုံဓာတ်ဆားမှာလည်း လူကြိုက်များသည်။ ယခင်က ကျပ် ၁၀၀ သာပေးရသော်လည်း ယခု ကျပ် ၁၆၀ ဖြစ်သွားသည်။ Fressh-D လိမ္မော်ဓာတ်ဆားဈေးနှုန်းမှာ ၁၀ ကျပ် တက်သွားသည်။

လက်ရှိဈေးကွက်တွင် ရောင်းချနေ သော ဓာတ်ဆားများမှာ Electral Force လိမ္မော်ရောင် ဓာတ်ဆား၊ Classic-D သီးစုံဓာတ်ဆားနှင့် ကလေးများအတွက် သီးသန့်ထုတ်ထားသော Pharolit သံပရာအနံ့ ဓာတ်ဆားတို့ ဖြစ်သည်။

ဆူဆေးပြားဖြစ် Hydrite tablet ဆေးပြားလည်း ရောင်းကောင်းလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဓာတ်ဆားများသည် ချွေးထွက်လွန်ခြင်း၊ ၀မ်းပျက် ၀မ်းလျှောခြင်း၊ လူပင်ပန်း နွမ်းနယ်ခြင်းများအတွက် သင့်တော်သည်။

မြန်မာတိုင်းမ် ဂျာနယ်မှ ကူးယူဇေါ်ပြသည်။

0 comments: