Wednesday, May 19, 2010

အပူလွန်ကဲ၍ မန္တလေးတွင် လူ ၂၃၀ ထက် မနည်း သေဆုံးခဲ့

ရန်ကုန် (မေ ၁၉) - မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အကုန် အထိ အပူလွန်ကဲမှုကြောင့် လူ ၂၃၀ ထက် မနည်း သေဆုံးခဲ့သည်ဟု မန္တလေးမြို့ စည်ပင်သာယာ အာဏာပိုင်များက ပြောဆိုကြောင်း ဗုဒ္ဓဟူးနေ့ထုတ် 7-Day News သတင်းဂျာနယ်တွင် ကိုးကား ဖော်ပြထားသည်။

မန္တလေးမြို့၏ အပူချိန်မှာ ၄၅ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ စံချိန်တင် မြင့်တက်ခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ သေဆုံးခဲ့သူများအနက် အများစုမှာ အရက်သောက်သုံးသူများ ဖြစ်ကြကြောင်းနှင့် လတ်တလော၌ မန္တလေးမြို့တွင် အရက်သေစာ ရောင်းချမှုကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ပါရှိသည်။

အပူချိန် လွန်ကဲလှသဖြင့် မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးခန်းများတွင် လူနာ အများအပြား လာရောက်၍ ဆေးဝါးကုသမှု ခံယူလျက် ရှိသည်ဟု ဆိုသည်။

အစိုးရမှ အစောပိုင်း တရားဝင် ထုတ်ပြန် ကြေညာချက်များအရ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်တွင် အပူဒဏ်ကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဆင်ခြေဖုံးဒေသများရှိ သောက်ရေကန် အတော်များများ တွင်လည်း အပူရှိန် လွန်ကဲမှုကြောင့် ခမ်းခြောက်ကုန်သည်ဟု ဆိုသည်။

၎င်းကာလအတွင်း ဧရာဝတီတိုင်း အတွင်းရှိ ငါးမွေးမြူရေး ကန်များ၌လည်း အလွန်အမင်း ပူပြင်းလှသဖြင့် ငါးများ ထောင်နှင့်ချီ၍ သေကြေပျက်စီးခဲ့သည်ဟု ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် တစ်ရက်အတွင်း ငါးအကောင်ရေ တစ်သိန်းအထိ သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။

ဧပြီလနှောင်းပိုင်းမှ မေလလယ်အထိ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် နေ့အပူချိန်များမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း စံချိန်တင် မြင့်မားခဲ့ပြီး မင်းဘူး၊ မကွေး၊ မန္တလေး၊ မုံရွာ၊ ညောင်ဦး၊ ချောက်၊ မြင်းခြံ စသည့် ဒေသများတွင် ၄၃ မှ ၄၇ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ ရှိခဲ့သည့် အပြင် ရန်ကုန်နှင့် ပဲခူးတို့တွင်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အပူချိန်မှာ အလားတူ မြင့်မားခဲ့ပြီး ဧပြီလ ပျမ်းမျှ အပူချိန်ထက် ၅ ဒီဂရီမှ ၈ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ မြင့်တက်ခဲ့သည်ဟု သိရသည်။

Source: Xinhua

0 comments: