Saturday, May 22, 2010

အိမ်ထောင်ဆက် များရခြင်းအကြောင်းကို ထက်ထက်မိုးဦး ထုတ်ပြော


ကိုယ်ဝန် ၆ လ ရှိပြီဖြစ်သော ထက်ထက်မိုးဦး (photo: the Ray of Light journal)
အိမ်ထောင်ဆက် များရခြင်းမှာ ထိန်းကျောင်းပဲ့ကိုင်ပေးမည့်သူ မရှိသောကြောင့် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ဝေသော အလင်းတန်း ဂျာနယ်မှတဆင့် ပြောကြားလိုက်သည်။

“ထက်ထက်ဘ၀မှာ ထိန်းကျောင်းပဲ့ကိုင်ပေးမယ့်သူ တစ်ယောက်မှ အနီးကပ် မရှိခဲ့တာကြောင့် အမှားတွေ အများကြီး ကျူးလွန်ခဲ့မိတယ်။ အိမ်ထောင်ဆက် များခဲ့တယ်” ဟု ထက်ထက်မိုးဦးက ဆိုသည်။

မင်းသမီးဖြစ်နေသောကြောင့် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး လူပြောခံရခြင်း ဖြစ်သည်ဟု ထက်ထက်မိုးဦးက ပြောသည်။

“ဂျာနယ်တစ်စောင်က နှိုင်းယှဉ်ပြသလို အိမ်ထောင် ၇ ဆက် ရှိတဲ့ မင်းသမီးကြီးလောက်တော့ မဟုတ်ပါဘူး။ မဖြစ်ချင်ဘဲနဲ့ မျက်နှာများတဲ့ မိန်းမ ဖြစ်ခဲ့ရတယ်။ ထက်ထက်လို အိမ်ထောင်ဆက် များတဲ့ မိန်းမတွေ အပြင်လောကမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့်သူတို့က အရပ်သူ ဆိုတော့ မသိကြဘဲ ထက်ထက်ကသာ ပြည်ပေါ်မှာ ရွှေကြော်ငြာ အထုတ်ခံနေရတဲ့ ဘ၀ပါ” ဟု ဆိုသည်။

ဂျာနယ်တချို့တွင် ရေးသားကြခြင်းကြောင့် ဒေါသထွက်ရသည်ဟုလည်း ပြောလိုက်သည်။

“အမနာပ တစ်တစ်ခွခွ သမီးချင်း မစာမနာ ရေးကြတာကို ဖတ်ရတော့ ပုထုဇဉ်သာဖြစ်တဲ့ ထက်ထက် ဒေါသ ထွက်ခဲ့ပါတယ်” ဟု ပြောသည်။

>ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်နှင့် အတူ ပျော်ရွှင်စွာ (photo: the Ray of Light journal)
သြဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဗီဒီယို သရုပ်ဆောင် တဦး ဖြစ်သူ ဇူးမြတ်ထက်နှင့် လက်ထပ်သည့် သတင်းကို တွေ့ရသည်။

ထိုသတင်း၌ပင် ထက်ထက်မိုးဦးတွင် ကိုယ်ဝန် ဆောင်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

မိုးကုတ်မြို့ဇာတိ အကယ်ဒမီ ထက်ထက်မိုးဦးသည် အသက် ၄၀ ၀န်းကျင်ရှိပြီဖြစ်သည်ဟု ယူဆရသည်။

သူ၏ မွေးနေ့ရောက်တိုင်း အလှူအတန်း ပြုလုပ်လေ့ ရှိသော်လည်း ထက်ထက်မိုးဦးက သူ၏ အသက်ကို ထုတ်ဖော် ပြောလေ့ မရှိပေ။

သူ၏ အိမ်ထောင်ရေးအကြောင်း ဂျာနယ်များက ရေးသားကြရာတွင် သူပြုခဲ့သည့် အလှူအတန်းများအကြောင်း ထည့်သွင်းခြင်း မရှိသည့်အတွက်လည်း မင်းသမီးက ကန့်ကွက်လိုက်သည်။

“သမီးလေ ကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေ၊ စာသင်ကျောင်းတွေ လှူခဲ့တဲ့အပြင် တစ်သက်တာ ရဟန်းအစ်မ၊ ကျောင်းအစ်မ ခံယူထားတာတွေလည်း အများကြီးပါ။ ဒါပေမယ့် အဲဒါတွေကျတော့ ထည့်မပြောကြတော့ပါလား။ ကောင်းတာကို မမြင်တတ်ကြဘဲ မကောင်းတာကိုချည်း ရွေးမြင်ကြတာက လူ့သဘာဝပဲ လို့ ထက်ထက် ဖြေပါတယ်” ဟု ဆိုသည်။

ထက်ထက်မိုးဦးသည် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်စဉ်က မှုံရွှေရည် ဟူသော အမည်ကို သုံးခဲ့သည်။ နောက်ပိုင်းတွင် ထက်ထက်မိုးဦးဟု အမည်ပြောင်းလဲပြီးနောက်တွင် တရှိန်ထိုး အောင်မြင်ခဲ့သည်။


Source: http://moemaka.com/index.php?option=com_content&task=view&i...

မှသတင်းကို ပြန်လည်မျှဝေလိုက်ပါသည်။

0 comments: