Monday, July 5, 2010

ကာဂျစ္စတန်ကြားဖြတ် အစိုးရခေါင်းဆောင် နိုင်ငံ၏ပထမဆုံး အမျိုးသမီး သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆို

Lady President

ကာဂျစ္စတန်၏ ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ရိုဇာအိုတွန်ဘာယေဗာသည် ဇူလိုင်လ ၃ ရက်နေ့တွင် နိုင်ငံ၏ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။အသက် ၅၉ နှစ် အရွယ်ရှိ အိုတွန်ဘာယေဗာသည် ၂၀၁၁ ခုနှစ်နှစ်ကုန်အထိ အိမ်စောင့်အစိုးရ၏ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဆက်ခံခဲ့ခြင်းဖြစ်သည်။

လပေါင်းများစွာ နိုင်ငံရေးနှင့်လူမျိုးရေး ပဋိပက္ခများ ရင်ဆိုင်ခဲ့ရသည့် ကာဂျစ္စတန်အတွက် ခေတ်သစ်ဆီသို့ ဦးတည်လာပြီဖြစ်ကြောင်း ဘာယေဗာက ကျမ်းသစ္စာကျိန်ဆိုအပြီးတွင် ပြောကြားခဲ့သည်။လူနေမှုအဆင့်အတန်း နိမ့်ကျခြင်းနှင့် အကျင့်ပျက်ချစားမှုများ ဆိုးရွားနေခြင်းတို့ကြောင့် မကျေနပ်ချက်များ ပွင့်ထွက်အုံကြွခဲ့ကာ ဧပြီလတွင် သမ္မတ ကူရ်မန်ဘက်ဘာကီယက်ဗ်ကို လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့သော်လည်း ဇွန်လအတွင်း နိုင်ငံတောင်ပိုင်းတွင် ကာဂျစ်လူမျိုးများနှင့် ဥဇဘက်လူမျိုးများအကြား လူမျိုးရေးအဓိကရုဏ်းနှင့် ရင်ဆိုင်ခဲ့ရသည်။


ဘာကီယက်ဗ်ကို ဖြုတ်ချပြီးတက်လာသော အိုတွန်ဘာယေဗာ ဦးဆောင်သည့် ယာယီအစိုးရအဖွဲ့သည် အခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူ အတည်ပြုခဲ့ပြီးသည့်နောက် အိမ်စောင့်အစိုးရကို တရားဝင်စေသည့် အနေဖြင့် သမ္မတအဖြစ် အိုတွန်ဘာယေဗာ က ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။ ယာယီအစိုးရသည် သမ္မတဟောင်း ဘာကီယက်ဗ်ကို ဖြုတ်ချပြီး တက်လာခဲ့သော်လည်း တရားဝင်မဖြစ်သေးသောကြောင့် အိုတွန်ဘာယေဘာ၏ သမ္မတရာထူး တရားဝင်ဆက်ခံမှုသည် ကြားဖြတ်အစိုးရ တရားဝင်စေရေး အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်ခဲ့သည်။ ကျမ်းသစ္စာ မကျိန်ဆိုမီ မငြိမ်သက်မှုများ ဖြစ်ပေါ်နိုင်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးသွားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထားပြီး ဥရောပပုံစံ ပါလီမန်သမ္မတနိုင်ငံအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။

''ကာဂျစ္စတန်မှာ ဒီမိုကရေစီဟာ ပြည်သူတို့ရဲ့ ၀ိဥာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စနစ်တစ်ခုပါ''ဟု အိုတွန်ဘာယေဗာက ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ပြောကြားခဲ့ကာ ဆိုဗီယက်နိုင်ငံဟောင်းများ တည်ရှိရာ ဗဟိုအာရှ၏ ပထမဆုံး ဒီမိုကရေစီစစ်စစ်နိုင်ငံ ဖြစ်လာစေရေး ရည်မှန်းထားခဲ့သည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ အော့ရှ်တွင် အဓိကဖြစ်ပွားခဲ့သည့် ကာဂျစ်နှင့်ဥဇဘက်တို့၏ လူမျိုးရေးပဋိပက္ခများအလွန် အခြေအနေတို့ကို ထိန်းသိမ်းရန်မှာ အိုတွန်ဘာယေဗာအတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်လာမည် ဖြစ် သည်။''အေးမြလွန်းတဲ့ ရာသီဥတုမှာ ကာဂျစ်အစိုးရဟာ သူတို့ခေါင်းပေါ်က အမိုးအကာတွေ ဆုံးရှုံးသွားကြသူတွေ အားလုံးအတွက် နေထိုင်စရာပေးမယ်လို့ ကျွန်မကတိပြုပါတယ်''ဟု ဘာယေဗာက ပြောကြားခဲ့သည်။

0 comments: