Tuesday, July 6, 2010

ကော်ဖီသောက်ခြင်းဖြင့် ခံတွင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်

ကော်ဖီသောက်ခြင်းဖြင့် ခံတွင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်

ကော်ဖီပုံမှန်သောက်ခြင်းသည် ခံတွင်းကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ တစ်နေ့လျင် ကော်ဖီ(၄)ခွက်မျှ နေ့စဉ်ပုံမှန် သောက်သုံးသူများသည် ခံတွင်းနှင့် လည်ချောင်းတို့တွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ (၃၉)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သုတေသီများက ထောက်ခံခဲ့သည်။ သို့သော်လည်း ကော်ဖီအား သင့်တင့်မျှတသော ပမာဏသာ သောက်သုံးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ အဘယ်ကြောင့်ဆိုသော် ကော်ဖီတွင် ပါဝင်သည့် ကဖိန်းဓာတ်သည် နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းတို့ကို သာမန်ထက် မြန်နှုန်းမြင့်တက်လာစေသောကြောင့်ဟု သိရသည်။ အမေရိကန်မှ သုတေသီများက ကော်ဖီအတွင်း ပါဝင်သည့် Antioxidantများ အပါအ၀င် ဓာတုဓာတ်ပေါင်း (၁၀၀၀)အနက် အချို့သည် လည်ချောင်းနှင့် ခံတွင်းကင်ဆာများကို တိုက်ဖျက်နိုင်သည့် အာနိသင်ရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ယင်းတို့သည် အမေရိကတိုက်၊ ဥရောပနှင့် လက်တင်အမေရိက ဒေသတို့မှ ယင်းကင်ဆာ ဝေဒနာရှင် (၅၀၀၀)ကျော်နှင့် ကျန်းမာရေး ကောင်းမွန်သူ (၉၀၀၀)ကျော်တို့၏ ကော်ဖီသောက်သုံးမှု အလေ့အထကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ ထို့အပြင် ဆေးလိပ်သောက်မှု၊ ပုံမှန်အစားအသောက်နှင့် အရက်သေစာ သောက်စားမှု အခြေအနေများကိုပါ ထည့်သွင်းတွက်ချက်ပြီးနောက် ကော်ဖီသောက်ခြင်းသည် အဆိုပါ ကင်ဆာရောဂါများ ဖြစ်ပေါ်နိုင်ခြေကို လျော့ကျသွားစေကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။ ယခုသုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့သည့် ဆော့လိတ်စီးတီးရှိ ယူတားတက္ကသိုလ်မှ ဒေါက်တာမီယာဟာရှီဘီက “ဒီကင်ဆာတွေဟာ သေနှုန်းမြင့်မားတဲ့ ပြင်းထန်တဲ့ ကင်ဆာရောဂါမျိုးတွေပါ။ ခုကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့တဲ့ ကိစ္စဟာ လည်ချောင်းနဲ့ ခံတွင်းကင်ဆာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုပါပဲ”ဟု ပြောကြားခဲ့သည်။ ခံတွင်းကင်ဆာသည် နှုတ်ခမ်း၊ လျှာ၊ အာသီး၊ သွားဖုံးနှင့် ပါးစပ်အတွင်းရှိ အခြားသော အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားတတ်သည်။ အခြားသော လေ့လာမှုများအရ ကော်ဖီသောက်ခြင်းသည် ပင်ကရိယ၊ အူမကြီး၊ ဦးနှောက်နှင့် အစာပြွန်ကင်ဆာများ ဖြစ်ပွားမှုကိုလည်း လျော့ကျသွားစေကြောင်း သိရှိရသည်။

0 comments: