Saturday, July 17, 2010

လူကောင်းကိုသာရွေးချယ်ပါ

အကျိုးစီးပွားကို
အခြေခံလောကကြီးမှာ လူတော်တွေ များပါတယ်။ လူကောင်းတွေလည်း ရှိပါတယ်။ တော်လည်းတော်၊ ကောင်းလည်း ကောင်းတဲ့ လူတော် လူကောင်းကတော့ ရှားတယ်။ တချို့က သိပ်တော် သိပ်ချွန်တယ်။ ဒါပေမယ့် စိတ်ထား မကောင်းဘူး။ စိတ်ထား ယုတ်ညံ့သူ သိပ်တော် သိပ်ချွန်လေ ကြောက်စရာ ကောင်းလေပဲ။ဉာဏ်နီ ဉာဏ်နက်တွေ ကောက်ကျစ် စဉ်းလဲမှုတွေ အလွန်များပြီး တစ်ဖက်သားကို နောက်ကျော ဓားနဲ့ထိုးဖို့ အတွက် လောက်ပဲ ချောင်းနေတတ်တယ်။ ဘယ်သူ သေသေ ငတေမာ

ပြီးရော ဆိုတဲ့ စိတ်သဘောလည်း ရှိတတ်တယ်။ ဒီလူစားမျိုးက မိတ်ဆွေ ဆိုတာလည်း ထားလေ့ မရှိဘူး။ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ အပေါင်းအဖော် ဆိုတာမျိုးပဲ ရှိတယ်။ အကျိုးရှိနေတုန်း ပေါင်းမယ်။ အကျိုး မရှိတော့ဘူး
ဆိုတာနဲ့ ခွာပစ်လိုက်မယ်ပဲ။ ဘယ်လို ကိစ္စမျိုးမဆို သူတို့က အကျိုးစီးပွား အပေါ်မှာပဲ အခြေခံပြီး စဉ်းစားတယ်။ ပေါင်းသင်းတယ်။ အလုပ် လုပ်တယ်။



အပြစ်မရှိသူတွေ မထိခိုက်စေချင်


သိပ်တော် သိပ်ချွန်ပြီး စိတ်ဓာတ် ယုတ်ညံ့သူတွေ မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ လက်ညှိုး ထိုးပြစရာတွေ အများကြီး ရှိပါတယ်။
ဓာတ်ပုံ တစ်ပုံ ထောက်ပြလိုက်ရုံ၊ ဒါမှမဟုတ် နာမည်တစ်ခု ရွတ်ပြ လိုက်ရုံနဲ့တင် စာလုံးပေါင်း တစ်ထောင်လောက် ရေးပြ နေတာထက် ပိုပြီး ကွင်းခနဲကွက်ခနဲ ဖြစ်သွား နိုင်ပါတယ်။ ဒါပေမယ့် ဘာအပြစ်မှ မရှိတဲ့ သားစဉ် မြေးဆက်များ စိတ်ထိခိုက်စရာ ဖြစ်စေတာကြောင့် မရေးလိုပါဘူး။ အပင်ပန်းခံပြီး စာလုံးပေါင်း တစ်ထောင် လောက်နဲ့ သွယ်ကာ ၀ိုက်ကာ ရေးရတာကိုသာ သည်းခံ ခွင့်လွှတ် စေချင်ပါတယ်။


သူတော်စင်လို ပုဂ္ဂိုလ်



တချို့ပုဂ္ဂိုလ်များ ကျတော့ စိတ်ထား သဘောထား အင်မတန် ဖြူစင် မြင့်မြတ်တယ်။ သူတော်စင်လို့ ခေါ်ရလောက်
အောင်ကို ကောင်းတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် သိပ်ချွန် သိပ်ထက်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ ဒီပုဂ္ဂိုလ်မျိုးက လုပ်ငန်း တစ်ခုကို ထိပ်ဆုံး ရောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး။ သာမန် ရွက်ကြမ်း ရေကျိုအဆင့် လောက်သာ လုပ်နိုင်တယ်။ ဒါပေမယ့် စိတ်ချရတာက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ၀န်တို မစ္ဆရိယစိတ်မျိုးလည်း မရှိဘူး။ သူ့ခေါင်းပေါ် နင်းပြီး တက်ချင်သူကိုတောင်
မလိုမုန်းထားစိတ် မထားတတ်ဘူး။


ဆရာတင်ထိုက်၊ ကြည်ညိုထိုက်သူ


စိတ်သဘောထား
ကြီးရင့်မြင့်မြတ်သူ ဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်မျိုးဟာ ငွေကြေး စည်းစိမ်ဥစ္စာ၊ ရာထူး အာဏာ၊ ခြွေရံသင်းပင်း ကျော်စော ထင်ရှားခြင်း ဆိုတာ မျိုးတွေကိုလည်း တက်မက်ခြင်း မရှိဘူး။ သူ့အလုပ် သူ့တာဝန် ကျေပွန်အောင် လုပ်ဖို့ဆိုတဲ့

စိတ်တစ်ခုပဲ ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်မျိုးဟာ နာမည် မကျော်ဘူး။ ထိပ်ဆုံး ရောက်လေ့ မရှိဘူး။ ဒါပေမယ့် အင်မတန် လေးစား ကြည်ညို ထိုက်သူ၊ ဆရာတင်ထိုက်သူ၊ တစ်သက်တာ အနီးကပ် ပေါင်းသင်း ထိုက်သူ ဖြစ်တယ်။



တစ်ယောက်ပဲ တွေ့ဖူးတယ်


မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေလည်း အများကြီး ရှိတယ်။ ကျွန်တော်တို့ နယ်ပယ်ဖြစ်တဲ့
စာနယ်ဇင်း လောကမှာလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးမသွန်သင်မှုတွေ၊ ရေးခဲ့တဲ့ စာတွေကို ကြားနာ ဖတ်ရှု မှတ်သားပြီး ကျွန်တော်တို့ လူဖြစ်လာရတာပါ။
ကျွန်တော်တို့ရဲ့
ကျေးဇူးရှင်ကြီးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာနယ်ဇင်းသမား သက်တမ်းတောင် ငါးဆယ် ရှိခဲ့ပါပြီ။ ဒီသက်တမ်း အတွင်းမှာ ကျွန်တော်တို့ ခေတ်ပြိုင် လုပ်ဖော် ကိုင်ဖက်တွေထဲမှာ တော်လည်း တော်ပြီး ကောင်းလည်း ကောင်းတဲ့ လူဆိုလို့တော့ တစ်ယောက်ပဲ တွေ့ခဲ့ဖူးပါတယ်။


တစ်သက်မှာ တစ်ယောက်သာတွေ့


တချို့ကံကောင်းသူများ သုံးလေးဦး တွေ့ကောင်း တွေ့နိုင်ပါတယ်။ တစ်သက်လုံးနေလို့မှ လူတော် လူကောင်း ဆိုနိုင် လောက်သူ
တစ်ဦးမှ မတွေ့ခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တစ်သက်မှာတော့ အတတ်ပညာ အရရော စိတ်နေ သဘောထား ဆိုင်ရာပါ ကြည်ညို လေးစားနိုင်သူ၊ တော်လည်းတော်၊ ကောင်းလည်း ကောင်းသူ ဆိုလို့ တစ်ဦးတည်းပဲ တွေ့ခဲ့ဖူးပါတယ်။
အဲဒီ ပုဂ္ဂိုလ်က သူ့ကို ချီးပင့် မြှောက်စား လုပ်တာမျိုး မနှစ်ခြိုက် တာကြောင့် ဘယ်သူ ဘယ်ဝါ ဆိုတာကို သူ သက်ရှိထင်ရှား ရှိနေစဉ်မှာတော့ ထုတ်မပြော ချင်သေးပါဘူး။ ကိုယ်က အရင်သေ ခဲ့ရင်လည်း မပြောနိုင် တော့ဘူးပေါ့။
ဒါပေမယ့် ကိစ္စ မရှိပါဘူး။ လူတစ်ယောက်ရဲ့ သမိုင်းဆိုတာ သူများက ရေးပေးတာ မဟုတ်ပါဘူး။ သူ့ဟာသူ ရေးတာပါ။


လူတော်တွေများ လူကောင်းရှား



တော်လည်းတော် ကောင်းလည်း ကောင်းတဲ့ လူတော် လူကောင်း ဆိုတာ အင်မတန် ရှားပါတယ်။ တစ်ခေတ်မှာ တစ်ယောက်တောင် ထွက်ချင်မှ ထွက်နိုင်တာပါ။ အထူးသဖြင့် "ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး။
ကြွက်မိဖို့သာ လိုရင်းပဲ" ဆိုတဲ့ ဘယ်နည်းနဲ့ ရရ ပိုက်ဆံရဖို့က အဓိက ဆိုတဲ့ ခေတ်ကြီးမှာ လူတော်တွေသာ အထွက် များလာပြီး လူကောင်းက ရှားသထက် ရှားလာတယ်။ ရှားတာက ကမ္ဘာတစ်ခုလုံးမှာကို ရှားတာ။ ဒါကြောင့် တော်လည်းတော်၊ ကောင်းလည်း
ကောင်းတဲ့ လူတော် လူကောင်းဆိုတာ မျိုးသုဉ်း ကွယ်ပျောက်မယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့ အရာ (endangered species) လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။


မတတ်တာ သင်လို့ရတယ်


လူတော် လူကောင်း ရှားတော့ အလုပ်တစ်ခု လုပ်တဲ့အခါမှာ ဘယ်လို လူကို ရွေးချယ်သင့်သလဲ၊ လူတော်ကို
ရွေးရမှာလား။ လူကောင်းကို ရွေးရမှာလားလို့ မေးတတ်ကြတယ်။ ကိုယ်နဲ့ နီးစပ်ရာ စာနယ်ဇင်း နယ်ပယ်က လာမေးကြ
သူတိုင်းကိုတော့ လူကောင်း ရအောင် ရှာပါလို့ချည်း အကြံပေးပါတယ်။ မတော်တာ မတတ်တာက သင်ပေးလို့ ရတယ်။ လူကောင်း ဖြစ်အောင်က သင်ပေးလို့ မရပါဘူး။
စိတ်ဓာတ် အောက်တန်း ကျတဲ့ လူတော် တစ်ယောက်ကြောင့် ဂျာနယ် တစ်စောင်လုံး ပျက်စီး သွားနိုင်တယ်။ အဲဒီ လူတော်က သိပ်တော်လွန်း ထက်လွန်းတဲ့ လူဖြစ်ရင် တိုင်းပြည်တောင် ပျက်အောင် လုပ်နိုင်တယ်။


သူလိုလူရှိတယ်



တစ်ခါက မေးခွန်းတစ်ခု မေးခံရဖူးတယ်။ မူလတန်း ပညာလောက်သာ တတ်တဲ့ သူတော်ကောင်း ရွာဦးဘုရား ဂေါပကလူကြီးကို ဖြူစင်လွန်းလို့ ဆိုပြီး နိုင်ငံတစ်ခုရဲ့ သမ္မတခန့်လို့ ဖြစ်သလား ဆိုတဲ့ မေးခွန်း ဖြစ်တယ်။ ဒါက တမင်သက်သက် ကန့်လန့်တိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ သူတော်ကောင်း မှန်ရင် ရာထူး အာဏာတွေ မက်သူ မဟုတ်တာကြောင့် ခန့်လည်း မလုပ်ပါဘူးလို့ပဲ
ဖြေလိုက်တယ်။ ဒါတောင် သေချာရဲ့လားလို့ ထပ်မေးသေးတယ်။ ရှည်ရှည် ဝေးဝေး ပြောမနေတော့ဘူး။ ဆရာမောင်ဝံသ ရေးတဲ့ " ရှာမှ ရှားတဲ့ နိုင်ငံရေးသမား " ဆောင်းပါး ဖတ်ဖူးတယ် မဟုတ်လား။ အမတ်တစ်နေရာ ရဖို့အတွက် လူသတ်ဖို့
ဝန်မလေးသူတွေ ရှိသလို၊ "သခင်ဝတင်" လို နိုင်ငံရေး သမားကောင်းမျိုးဟာ အမတ်ဆိုတာ မပြောနဲ့ ဝန်ကြီးတွေ သမ္မတတွေတောင် လုပ်ချင်တာ မဟုတ်ဘူးလို့ ဆက်ပြောလိုက်ရတယ်။


ဘုရားဆင်းတု ခိုးရောင်းမယ့်သူမျိုး


သခင်ဝတင်လို လူမျိုးရှားပါတယ်။ ဒါပေမယ့် ရှိတယ်။ရှာရင် တွေ့နိုင်တယ်။ စောစောက ဘုရားဂေါပက ခန့်တဲ့ ကိစ္စပဲ ပြောဦးမယ် ရွာသူရွာသားတွေက ကိုယ့်ရွာသားချင်း ဆိုတော့ ဘယ်သူ လူကောင်း ဘယ်သူလူဆိုး ဆိုတာ သိတယ်။ ရွာဘုရားဂေါပက လုပ်တာက ရွှေတိဂုံဘုရား ဂေါပကလို နိုင်ငံခြားက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေကို ကြိုဆို ဧည့်ခံနေရတာမှ မဟုတ်တာ။ အလှူရငွေ သုံးငွေ စာရင်းလေးလောက် မှတ်သား တတ်ရင် ဖြစ်တာပဲ။ မြို့က အထက်တန်းတွေ ဘာတွေ အောင်လာတဲ့ အရက်သမား၊ ဖဲသမား သူကြီးသားကို ဘုရားဂေါပက ခန့်လို့ ကတော့ ဘုရား ဆင်းတုတော်တောင် ခိုးရောင်းပစ်မှာ သေချာတယ်။ ရွာသားတွေက ဘယ်သူ လူကောင်းလဲ ဆိုတာ သိပါတယ်။ တန်ရာတန်ရာ ရွေးထား ကြတာ ဖြစ်တယ်။


ကြောက်နေပါပြီ



လူတော် လူကောင်းဆိုတာ ရှားတယ်။ ဒါပေမယ့် လုံးဝ မရှိတာတော့ မဟုတ်ဘူး။ စိတ်ရှည် လက်ရှည် ရှာရင် တွေ့နိုင်တယ်။ ရှာမတွေ့သေးခင် အချိန်မှာတော့ တော်သူနဲ့ ကောင်းသူ ဘယ်သူ့ ရွေးရမလဲဆိုတဲ့ ကိစ္စမျိုး ကြုံတွေ့လာရင်
သခင်ဝတင်လို လူကောင်းကို ရွေးဖို့ပဲ အကြံပေးချင်တယ်။
တချို့က သိပ်တော်၊ သိပ်ထက်၊ သိပ်ချွန် သူမျိုးကိုမှ သဘောကျချင် ကျလိမ့်မယ်။ ကျွန်တော်ကတော့ လူ့သမိုင်း ဇာတ်ခုံပေါ်မှာ သိပ်တော် သိပ်ထက်တယ် ဆိုတဲ့ မသူတော်တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး ဇာတ်ခုံကြီး တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ကြတာတွေ တွေ့ရမြင်ရပါ များလွန်းလို့
ကြောက်နေပါပြီ။ လူကောင်းတွေကိုပဲတွေ့ချင်ပါတော့တယ်။


လူထုစိန်ဝင်း

1 comments:

blackroze said...

ဗဟုသုတရစေတဲ့ အက်ဆေးလေးပါဘဲ...