Thursday, July 8, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆)

ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို Foreskin (Prepuce) ခေါ်တဲ့ အရေပြားနဲ့ ဖုံးပေးထားတယ်။ ငယ်တုံးမှာ အတွင်းပိုင်းသွား ကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်း ဆွဲဖွင့်မပေးရပါ။ အကုန်ဖွင့်မရရင်တော့ Phimosis ပန်းငုံနေတယ်လို့ ခေါ်တယ်။ ခွဲစိတ်ပေးရလိမ့်မယ်။

ငယ်သေးရင် ဆီးသွာတာ ကလေးကနာလို့ မငိုဘူးဆိုရင် နဲနဲကြီးအောင် စောင့်နိုင်ပါတယ်။ အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာတတ်တယ်။ အဟာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေး ပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ပြန်ကောင်းသွားမယ်။

Male circumcision ယောက်ျားလေးရဲ့ ပန်းအဖျား လှီးဖြတ်ပေးတာကို ဆေးပညာအရ အဲလိုဖြစ်တာကြောင့် လိုအပ်လို့ လုပ်ပေးရတာ ရှိသလို ဘာသာရေးအရ လုပ်ကြရတာလဲ ရှိတယ်။ Judaism မှာ Commandment from God အရ လုပ်ကြရပြီး၊ Islam အရ Qu’ran မှာမပါပေမဲ့ အများအားဖြင့် Sunnah လုပ်ရိုးလုပ်စဉ်တရပ်လို့ သတ်မှတ်ပြီး၊ တွင်တွင် ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာလဲ ကက်သလစ်မဟုတ်တဲ့ ခရစ်ယန် ဘုရားကျောင်းများက လုပ်စေတာပါဘဲ။

သမိုင်းအရပြန်ကြည့်ရင် ဟိုရှေးရှေး BC ၁၃၆ဝ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုံးက ခေတ်စားခဲ့တဲ့ Sacrifice ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မဲ့ ယောက်ျားလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖေါက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။

အာဖရိကတိုက် မြောက်ပိုင်းနဲ့ အာရေဗျ ကျွန်းဆွယ်မှာ နေကြတဲ့ ရှေးဟောင်း Semitic လူမျိုးအားလုံးက အကုန်အစင် မဟုတ်တောင် အများက လိုက်နာကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါး ဒီနေရာ ဒေသတွေကိုအောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထ နည်းသွားစေခဲ့ပါတယ်။

WHO အဆိုအရ တကမ္ဘာလုံးမှာ ၃ဝ% သော ယောက်ျားလေးများ ပန်းအဖျား လှီးဖြတ်ပေးတာ လုပ်ကြရတယ်လို့ ဆိုတယ်။ အဲဒီအထဲက ၇ဝ% ကတော့ မွတ်ဆလင်များ ဖြစ်ပါသတဲ့။ ၁၉၃၄ ကတည်းက Gomco clamp ဆိုတဲ့ ကရိယာကို သုံးတယ်။ မွေးစကလေးအတွက် Plastibell ကရိယာဆိုတာကို ၁၉၅၉ ကတည်းက သုံးတယ်။ ပလပ်စတစ်ကွင်းလေး တခုပါ။ အခု ကရိယာတွေမသုံးဘဲ ခွဲစိတ်တာက ပိုများပါတယ်။ ကျွန်တော်တော့ ပုံမှာဘဲ မြင်ဘူးတာ။

ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင် ကရိယာတွေကို ခန့်ညားလှတဲ့ သားရေဖုံး သေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေသုံးပြီး၊ သတ်မှတ်ထားတဲ့ ဝတ်စုံတွေ ဝတ်ရတယ်။ ၈ ရက် မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲသေသွားသူကိုတောင် မသာမချခင် လုပ်ပေးတာလဲ ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတာသေးတာ။

အင်္ဂလိပ်စကားပြော တိုင်းပြည်တွေ ဖြစ်ကြတဲ့ အမေရိကား (၅၅-၆၅%)၊ ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိကား၊ ယူကေ တို့မှာ မွေးစကလေး ပန်းဖြတ်ပေးတာကို ကျယ်ကျယ်ပြန့်ပြန့် အားပေးခဲ့တယ်။ ရည်ရွယ်တာက ပိုးမွှားနဲ့ ရောဂါ ကြိုတင်ကာကွယ်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီအလေ့ နည်းလာနေပါတယ်။

ကိုရီးယားမှာ အမေရိကန် ယဉ်ကျေးမှု လွှမ်းမိုးလို့ အကျင့်ရလာတာပါ။ စပိန်၊ဒိန်းမတ်၊ ကိုလမ်ဘီယာတို့မှာ အနည်းဆုံး လုပ်ကြတယ်။ Female circumcision ခေါ်တဲ့ မိန်းကလေးတွေကို လုပ်ပေးတာလဲ သူများဆီမှာရှိတယ်။ အာဖရိကားမှာ လုပ်နေကြတာ ကြာလှပါပြီ။ မိန်းကလေးရဲ့မ-အင်္ဂါကို လှီးဖြတ် ထုတ်ပြစ်တာပါ။ ဒီနည်းမှာလဲ အမျိုးမျိုး။ Clitoris အစိဆိုတာကို လှီးထုတ်တာ ရှိသလို၊ နုတ်ခမ်းသားကိုပါ ထုတ်တာလဲ ရှိတယ်။ ၁၉၇၉ ရောက်မှ ကျန်းမာရေး ရှုဒေါင့်ကနေ ပြောဆို လာကြရတယ်။ အခုလဲမပျောက်သေးပါဘူး။ ဆေးပညာအရပြောရရင် မလုပ်သင့်တာပါ။ အခွင့်အရေးသမားတွေ ပြောနေတာက သဘာဝကျပါတယ်။

(ဆာကမ်ဇေးရှင်း) ကို အဆိုး-အကောင်း၊ လုပ်သင့်-မသင့် ငြင်းနေကြပါတယ်။ ပန်းဖြတ်လို့ မကောင်းကျိုးဆက်ရတာကို လေ့လာရင် ကိန်းဂဏန်း အမျိုးမျိုးတွေရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ။ သွေးယိုတာနဲ့ ပိုးဝင်တာ။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁ ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။

အခုပြောနေတာတွေက လက်ငင်း ဆိုးကျိုးတွေသာဖြစ်ပြီး၊ ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာ တွေလည်း ရှိသေးတယ်။ တစ်ရှူးတွေ ရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလဲ ရှိသေးတယ်။

ယောက်ျားရဲ့ ပန်းဖျားဖြတ်ပေးလို့ လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလဲ ငြင်းကြတာဘဲ။ ၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာ ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်သတဲ့။ ၂ဝဝ၂ မှာ သုတေသနတခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေ fine touch receptors and other highly erogenous nerve endings ရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွားစေတယ်လို့ ဆိုတယ်။

အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂ဝဝ၇ မှာ ဒါ မရေရာပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ပန်းဖြတ်ပေးလိုက်ရင် ပန်းထိပ်ဖျားက cornified ဖြစ်သွားလို့ ထူသွား၊ ထုံသွားတယ်။ အာရုံခံ နည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကို သွားမသက်ရောက် ပါဘူးတဲ့။ ၂ဝဝ၆ မှာဗြိတိန် BMA က ပြောတာကတော့ ပန်းဖြတ်ရလို့ ခွဲစိတ်ရတာဟာ ဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှု ရှိတယ်တဲ့။

အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲမကောင်း၊ နည်းတာလဲ မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိတ်ပြူပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည်လိုက်ရင်တော့ အဖုအထစ်ရှိနေသလို မြင်ရပေမဲ့ ချန်းထာတာ နောင်အတွက် ကောင်းတယ်။ ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာ မရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိတ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက် နည်းရင် မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့ နေရာချင်း သွားဆက်နေရင် တံတားလို ဖြစ်သွားတတ်သေးတယ်။

ဒီ (အော်ပရေးရှင်း) က (ဗဲရီး-မိုင်နာ)ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ ရှေ့နေပျိုမှ၊ သမားအိုမှဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး ၃ ရပ်ဆိုတာ ပြောစမှတ်ရှိတယ်။ Lady’s hand, Eagle’s eyes, Lion’s heart မိန်းကလေးတွေရဲ့ လက်များလို ညင်သာသိမ်မွေ့ရမယ်။ သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ နောက်ဆုံး ခြင်္သေ့တို့ထုံး နှလုံးမူ ဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကို ဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လ နဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့ လုံ့လ အတူတူ ထားရတယ်၊ (မိုင်နာ-အော်ပရေးရှင်း) ဆိုပြီးခပ်ပေါ့ပေါ့ မလုပ်ရဘူး။

ငြင်းကြတာတွေ ဆက်ရေးပါအုံးမယ်။ ကလေးကို အဲလိုပန်းဖြတ်ပေးဘို့ မိဘတွေက ဆုံးဖြတ်နိုင်တယ်လို့ သတ်မှတ်တော့ တချို့က မိဘတွေ ကလေးအရေး သိပ်စွက်ဖက်လွန်းတယ်လို့ မြင်သူတွေရှိတယ်။ လူဆိုတာ အငြင်းသန်တဲ့လူက ငြင်းရမှအိပ်ပျော်၊ စားကောင်းပုံရတယ်။ မွေးစကလေးတွေကို လုပ်ပေးရင် ထုံဆေးမသုံးတာကို ကန့်ကွက်တာတွေ ရှိတယ်။ ကျွန်တော်တော့ ပန်းဖြတ်ပေးတာမှာရော သားဦးဖွါးလို့ မအေညှစ်နေတုံး မွေးလမ်းချဲ့ရာမှာရော ထုံဆေးမသုံးတာကို ဆန့်ကျင်တယ်။

၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ထုံဆေးမပါဘဲ လုပ်တာမှာ နာကျင်မှု ဝေဒနာကြောင့် ကလေးမှာ စိတ်ထိခိုက်မှု ရှိတယ် ဆိုတာကို ထောက်ခံတယ်။ ဆွီဒင်မှာ ၂ဝဝ၁ ခုနှစ်တုံးက ထုတ်ပြန်ချက်မှာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တွေကသာ လုပ်သင့်တယ်ဆိုတယ်။ ထောက်ခံတယ်။ (သူတို့က ထောက်ခံချက်တော့ မတောင်းပါ။) ဒါကို ဂျူးတွေကတော့ မကျေနပ်ဘူး။ ဒီလိုလုပ်တာဟာ နာဇီခေတ်နောက် ဂျူးတွေကို အစော်ကားဆုံးလို့ ပြောတယ်။ ဆွီဒင်အစိုးရက ခေါင်းမာတယ်။ (ခေါင်းကောင်းတာပါ) ၂ဝဝ၅ မှာ ပြန်ဆန်စစ်ပြီး၊ ဆက်အတည်ပြုတယ်။

အကောင်းဖက်က ပြောတယ် မလုပ်ရင် ဆီးလမ်းပိုးဝင်တာက ၁ဝ% ပိုဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ အဖြစ်နည်းတယ်။ နောင်မှာ လိင်တံကင်ဆာဖြစ်တာ နည်းနိုင်တယ်အထိ လုပ်ရေးဘက်က လူတွေကဆိုတယ်။ ပန်းငုံတာဖြတ်ခြင်းနဲ့ HIV အကြောင်း သိသင့်တယ်။ ပန်းငုံတာဖြတ်ပေးရင် လိင်တံပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကိုပြောင်းလဲစေတာမို့ HIV ကို ကာကွယ်ရာ ကျတယ်လို့ ဆိုတာတယ်။ Translational Genomics Research Institute (TGen) နဲ့ Johns Hopkins University တွေက သုတေသန လုပ်ထားတယ်။ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုဆိုတာ ပန်းငုံတာဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များလှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝက HIV အဖြစ် နည်းတယ်။ ဘာလို့လဲဆိုတော့ အဲလို ပန်းအရေပြား ဖြတ်ပေးတာကြောင့် ဗက်တီးရီးယားတွေရဲ့ Ecosystem ပြောင်းသွားလို့တဲ့။ ဒီတော့ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမကို Bacterial vaginosis ဆိုတဲ့ မွေးလမ်း ပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယား Anaerobic bacteria တွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံး Mucosal tissue ကနည်းသွားလို့ ဆက်ဆံနေတုံး မိန်းမကိုယ်က ထွက်တဲ့ အရည် Vaginal secretions နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ် နဲ့ Target immune cells ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။

“Circumcision လုပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာ ဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွမ်မှုနည်းပြီး လေ (အောက်စီဂျင်) ပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV infection ဒဏ် ခံရစေနိုင်တယ်။” Dr.Cindy M. Liu အဆိုအရ “Circumcision လုပ်လိုက်လို့ ဗက်တီးရီးယား အဆိုးနဲ့ အကောင်း အရေအတွက် ပြောင်းသွားစေပါသတဲ့။

WHO နဲ့ UNAIDS ရဲ့ ၂ဝဝ၇ ခုနှစ်ကထုတ်ပြန်ချက်၊ နောက်ပြီး အမေရိကန်ဖက်ဒရယ်-အေဂျင်စီတခုဖြစ်တဲ့ CDC က ၂ဝဝ၈ခုနှစ်က ထုတ်ပြန်ချက်တွေအရ Circumcision လုပ်တာဟာ HIV ရတာကို သိသိသာသာ နည်းစေတယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြားကာကွယ်နည်း တွေကို အစားထိုးလို့ မသင့်ဘူလို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ

0 comments: