Monday, July 5, 2010

အားကိုးမလွဲစေချင်…

ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဒကာမကြီး တစ်ယောက်ရှိပါတယ်။ ဒီဒကာမကြီးက သားသမီး အတော်ကံကောင်းပါတယ်။ အားလုံး လိမ္မာရေးခြားရှိတဲ့ သားသမီးတွေချည်းပါပဲ။ သားသမီးတွေက မိဘကျေးဇူးကို သိတတ်တဲ့ သားသမီးတွေ၊ ပညာတတ်တဲ့ သားသမီးတွေပဲ ဖြစ်နေလေတော့ ဒကာမကြီးရဲ့ ဘ၀မှာ ဘာမှကို လိုလေသေးမရှိ အကုန်ပြည့်စုံနေပါတယ်။ ဒါပေမယ့် ကုသိုလ်ရေးတွေမှာ ၀ါသနာမပါတာကတော့ ဒကာမကြီးရဲ့ အကြီးမားဆုံး လိုအပ်ချက်တစ်ခုပါပဲ။ တစ်ခါတစ်လေ ဒကာမကြီးနဲ့တွေ့ရင် ဘုန်းဘုန်းက ဒကာမကြီး အသက်အရွယ် ကြီးလာပြီးနော် အားကိုးရာကို ရှာတော့လို့ ပြောတဲ့အခါ ဒကာမကြီးက “အရှင်ဘုရား… တပည့်တော် အသက်ကြီးလည်း ဘာမှပူစရာ မရှိဘူးဘုရား၊ အားကိုးရာလည်း အထွေအထူး ရှာစရာမလိုဘူးလေ၊ အရှင်ဘုရားသိတဲ့အတိုင်း တပည့်တော်မှာ သားသမီးတွေ ရှိသားပဲ၊ သူတို့ဒီလောက် အားကိုးနေရတာ၊ ဘာလိုလို အကုန်ရနေတာပဲဘုရား၊ တစ်ခြားဘာအားကိုးစရာ လိုသေးလို့တုန်း…” စတဲ့ စကားတွေနဲ့ ပြန်ပြောလေ့ရှိတတ်ပါတယ်။ အဲဒီလို အခါတိုင်း ဘုန်းဘုန်းစိတ်ထဲမှာ “အင်း… ဒကာမကြီးတော့ အားကိုးလွဲနေပါပေါ့လား…၊ အစစ်အမှန် အားကိုးရာကို မေ့နေပါပေါ့လား…” စတဲ့ အတွေးများနဲ့ ရင်ထဲမှာ လေးနေမိတတ်ပါတယ်။

ဟုတ်တယ်။ ဒီနေ့ခေတ်မှာ ဒီဒကာမကြီးလို အားကိုလွဲနေသူတွေကို မကြာခဏ တွေ့နေရတတ်ပါတယ်။ သားသမီးတွေ အားကိုးနေရတာနဲ့၊ ရာထူးဌာန္တရတွေ အားကိုးနေရတာနဲ့၊ ငွေးကြေးပိုက်ဆံတွေ အားကိုးနေရတာနဲ့ အားကိုးလို့ကို မဆုံးဖြစ်နေကြတာ တွေ့ရပါတယ်။ သားသမီး၊ ရာထူးဂုဏ်သိန်၊ စည်းစိမ်လေးတွေကြောင့် အခိုက်အတန့် အားလေးတွေဖြစ်နေတဲ့ အပေါ်မှာ အမြဲအားကိုးလို့ ရနေတဲ့ပုံစံမျိုးတွေနဲ့ သတိလက်လွတ်ဖြစ်ကာ သားသမီးအရှိန်၊ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတွေရဲ့ အရှိန်လေးတွေကို တွယ်တာရင်း အားကိုးလွဲနေကြသူများ အများအပြား ရှိနေပြန်ပါတယ်။ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်၊ ရာထူးဂုဏ်သိန်ရှိရင် လိုချင်တာ ရတယ်ဆိုတဲ့ တလွဲအတွေးတွေနဲ့ အားကိုးလွဲပြီး မာန်မာန တက်နေသူတွေကိုလည်း မကြာခဏ ကြုံတွေ့ရပြန်ပါတယ်။

တကယ်တော့ ဒါဟာ အားကိုးတယ်ဆိုတာထက် သံယောဇဉ်တွယ်တယ်လို့ ပြောရင်ပိုမှန်မယ် ထင်ပါတယ်။ ခြွင်းချက်အနေနဲ့ သားသမီးကလိမ္မာလို့၊ ရာထူးဌာနန္တရ၊ စည်းစိမ်ဥစ္စာရှိလို့ အားကိုးလို့ ဖြစ်တဲ့အခြေအနေ ဖြစ်နေတဲ့ အတွက်ကြောင့် အခိုက်အတန့်အားဖြင့် ဒီသားသမီးများနဲ့ စည်းစိမ်ဥစ္စာတွေကို အားကိုးတယ်ဆိုလည်း ထားပါတော့ တစ်ချို့က အဲဒီလို မရှိလည်းပဲ ဒီသားသမီးတွေ တောထဲက ရုန်းကိုမထွက်နိုင်တဲ့ သူတွေရှိပါတယ်။ ဘယ်သားကို စိတ်မချရတာနဲ့၊ ဘယ်သမီးကို စိတ်မချရတာနဲ့၊ ဒီသားသမီးကျတော့ လိမ္မာတဲ့အတွက် မကောင်းတဲ့သူတွေနဲ့ တွေ့မှာစိတ်မချရတာနဲ့၊ ဟိုသားသမီးကျပြန်တော့လည်း မလိမ္မာတဲ့အတွက် သူများအနှိမ်ခံ၊ အနိုင်ကျင့်ခံရမှာကို စိတ်မချရတာနဲ့ အသက်သာ တဖြည်းဖြည်းရလာတယ် စိုးရိမ်မှုတွေက လျော့မလာပဲ ဖြစ်နေတတ်ကြပါတယ်။ ဒါတွေဟာ တကယ်တော့ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ သားသမီးတွေကို အားကိုးတာပဲ ဖြစ်ဖြစ်၊ စိတ်မချတာပဲ ဖြစ်ဖြစ် နောက်ဆုံးကောက်ချက် ချလိုက်တော့ မပြတ်နိုင်တဲ့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုသာ အားကိုးမှုတွေ စိတ်မချမှုတွေနဲ့ ဘ၀ကို အဆုံးသတ်သွားမယ်ဆိုရင်တော့ နောင်သံသရာအတွက် တကယ်ကိုပဲ အားကိုးစရာ မဲ့ကုန်ကြမှာ ဖြစ်ပါတယ်။


သေချာတွေးကြည့်လိုက်ရင် ကိုယ်က အားကိုးရပါတယ်ဆိုတဲ့ သားသမီး ဇနီးမယား၊ စည်းစိမ်ဥစ္စာများဟာ တဒင်္ဂ အခိုက်အတန့်လောက်ပဲ အားကိုးလို့ရတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီပစ္စုပ္ပန်ဘ၀ မသေခင် ခဏလေးလောက်ပဲ အားကိုးလို့ ရနိုင်မှာဖြစ်ပါတယ်။ ဒါတောင်မှ မသေချာပါဘူး။ ကိုယ်အားကိုးရတယ်ဆိုတဲ့ သားသမီး စည်းစိမ်ဥစ္စာတွေဟာ တစ်ခါတစ်လေ ကိုယ့်အရင်တောင်မှ ပျက်စီးသွားတတ်ကြတာတွေ ရှိတတ်ပါတယ်။ ဘယ်အရာမှ မမြဲတဲ့အတွက်ကြောင့်လည်း ဘာမှပုံသေ တွက်လို့မရဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ အမှန်တော့ အားကိုးချင်ရင် သားသမီးစည်းစိမ် ဥစ္စာတွေ အားကိုးနေကြတာထက် ကိုယ်လုပ်တဲ့ ကုသိုလ်တွေကိုပဲ အားကိုးရမှာ ဖြစ်ပါတယ်။ မသေခင် ကိုယ်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ကံတွေကသာ ကိုယ့်ရဲ့အရိပ်သဖွယ် ကိုယ့်နောက်ကို လိုက်နေမှာ ဖြစ်ပြီး သေပြီးနောက်မှာလည်း ကိုယ်နဲ့အတူ တစ်ခါတည်းပါသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားကိုးရာ အမှန်ဖြစ်တဲ့ ကုသိုလ်တွေကိုပဲ တတ်နိုင်သမျှ ယူဆောင်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ကတော့ အားကိုးလွဲနေတဲ့ သူတွေကို လူမိုက်တွေပဲလို့ ဆိုပြီး တကယ်အားကိုးသင့်တဲ့အရာ၊ အားမကိုးသင့်တဲ့ အရာတွေကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ ဘုရားရှင်က “လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလန်းတွယ်တာမှု တဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏၊ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါပဲလျှက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာ ဥစ္စာရှိအံ့နည်း” (ဓမ္မပဒ၊ ဗာလ၀ဂ်၊ အာနန္ဒသေဋ္ဌိဝတ္ထု) လို့ ဆုံးမဟောကြားတော် မူပါတယ်။ မြတ်စွာဘုရားရှင်ဟာ ဒီတရားတော်ကို အစွဲတရားနဲ့အတူ ဆင်းရဲ့ပင်ပန်းစွာ သေပြီးနောက် လူ့ပြိတ္တာဖြစ်သွားခဲ့တဲ့ အာနန္ဒာသူဋ္ဌေးကို အကြောင်းပြုကာ ဟောတော်မူခြင်း ဖြစ်ပါတယ်။

အာနန္ဒာ သူဋ္ဌေးဟာ သာဝတ္ထိပြည်မှာတော့ ကုဋေလေးဆယ် ချမ်းသာတဲ့ သူဋ္ဌေးစာရင်းဝင် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အတော်ကပ်စေးနှဲတဲ့ သူဋ္ဌေးလို့ပဲ ဆိုရမှာပေါ့။ သူ့စည်းစိမ်ဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ ယုံတဲ့သူ မဟုတ်ပါဘူး။ အာနန္ဒာသူဋ္ဌေးမှာ မူလသိရိလို့ခေါ်တဲ့ သားတစ်ယောက်လည်း ရှိပါတယ်။ ဒီသူဋ္ဌေးဟာ ဆွေမျိုးဉာတကာတွေ ဆုံတဲ့အခါတိုင်း အမျိုးတွေရှေ့မှာ သူ့သားမူလသိရိကို စကားသုံးခွန်းကို မှာတမ်းချွေကာ ဆုံးမပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီစကား သုံးမျိုးကတော့ ၁။ ဒီကုဋေလေးဆယ်လောက် ရှိတဲ့ စည်းစိမ်ဥစ္စာတွေကို များတယ်လို့ ဘယ်တော့မှ သဘောမထားဖို့ ၂။ လက်ရှိရှိထားတဲ့ စည်းစိမ်တွေကို ပေးကမ်းလှူဒါန်း စွန့်ကြဲခြင်း မပြုဘဲ နောက်ထပ်တိုးပွားအောင်ပဲ ကြိုးစားအားထုတ်ဖို့ ၃။ အသေးအဖွဲလေးပဲဖြစ်ဖြစ် စည်းစိမ်ဥစ္စာကို ကုန်ခမ်းပျက်စီးအောင် ပြုတဲ့သူအား စည်းစိမ်းဥစ္စာတွေဟာ တဖြည်းဖြည်း ယုတ်လျော့ကုန်တတ်လို့ ဘာလိုဟာလေးကိုမှ မပျက်စီးအောင် ဂရုစိုက်ဖို့် ဆိုတဲ့ အမှာစကားများပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အာနန္ဒာသူဋ္ဌေးဟာ ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့ဘဲ သူပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာ ရွှေအိုးကြီးငါးလုံးကို သူ့သားမူလသိရိကိုတောင် အသိမပေးဘဲ အိမ်ခြံဝင်းတစ်နေရာမှာ မြုပ်ထားလိုက်ပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာတဲ့ အာနန္ဒာသူဋ္ဌေးဟာ နောက်ဆုံးမှာ ရွှေအိုးကြီးငါးလုံးကို စွဲလန်းတဲ့စိတ်နဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ သေခါနီး အစွဲကြောင့် သာဝတ္ထိပြည်အနီးမှာ ရှိတဲ့ ဒွန်းစဏ္ဍားရွာရဲ့ ဒွန်းစဏ္ဍား အမျိုးသမီးတစ်ယောက်ရဲ့ ၀မ်းမှာကိုယ်ဝန် စွဲယူသွားပါတယ်။ အာနန္ဒသူဋ္ဌေးကို ကိုယ်ဝန်ဆောင်တဲ့နေ့ကစပြီး အဲဒီဒွန်းစဏ္ဍားရွာကြီး တစ်ရွာလုံးဟာ ဘယ်လိုမှကို တောင်းစားလို့မရ ဖြစ်ကုန်ကြပါတယ်။ စားရေးအတွက် အခက်အခဲ ဖြစ်လာကြပါတယ်။ တစ်ခါမှ မဖြစ်ဖူးဘဲ အခုမှ ဖြစ်လာတာဆိုတော့ ဒါဟာ သူတို့ဒွန်းစဏ္ဍားရွာမှာ သူယုတ်တစ်ယောက်ယောက်တော့ ရှိလိမ့်မယ်ဆိုပြီး မဲခွဲဆုံးဖြတ်ကြတဲ့အခါ အာနန္ဒသူဋ္ဌေးကို ကိုယ်ဝန်ဆောင်တဲ့ မိခင်ပါတဲ့ အဖွဲ့ဟာ အမြဲကံဆိုးနေကာ ထပ်ထပ်ခွဲရင်း နောက်ဆုံးအဲဒီ ကိုယ်ဝန်ဆောင် မိခင်းမှန်းသိကာ ရွာမှနှင်ထုတ်လိုက်ကြပါတယ်။

နှင်ထုတ်ခံလိုက်ရတဲ့ ဒွန်စဏ္ဍားမိခင်ဟာ အာနန္ဒာသူဋ္ဌေးတစ်ဖြစ်လဲရဲ့ ကိုယ်ဝန်ကို ဆောင်ချိန်မှာလည်း ဆင်းဆင်းရဲရဲနဲ့ပဲ တောင်းရမ်းစာသောက်ကာ နောက်ဆုံးတွင် သူ့ကိုမွေးဖွားခဲ့ပါတယ်။ မွေးလာတဲ့ အဲဒီဒွန်းစဏ္ဍားလေးဟာ အကုသိုလ်အကျိုးဆက် ကြီးလွန်းလှတဲ့အတွက် လူအဖြစ်နဲ့ မွေးဖွားခဲ့ပေမယ့် ကိုယ်လက်အင်္ဂါ ချို့တဲ့တဲ့အပြင် ရုပ်ရည်အဆင်းမှာလည်း အလွန် ဆိုးရွားလှတဲ့အတွက် မြေဘုတ်ဘီလူးအသွင် ဖြစ်နေခဲ့ပါတယ်။ တစ်ချို့က သူ့ကိုကြည့်ကာ လူ့ဘီလူး၊ လူ့ပြိတ္တာလို့တောင် ပြောဆိုကြပါတယ်။ မြင်သူတိုင်းက ကြောက်အားလန့်အားနဲ့ သူ့ကိုရှောင်ကြဉ်ကြပါတယ်။ သူ့ရဲ့အကုသိုလ်ကလည်း ကြီးလွန်းလှတော့ မိခင်ဒွန်းစဏ္ဍားဟာ သူ့ကိုချီပြီး တောင်းရမ်းဖို့သွားတဲ့အခါ ဘယ်လိုမှ တောင်းလို့မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ သူ့ကိုတစ်နေရာမှာ ထားခဲ့ပြီးမှ တောင်းရမ်းစားသောက်ရပါတယ်။ အားလုံးက သူ့ကိုစွန့်ပစ်ကြဖို့ သူ့မိခင်ကို ပြောကြပေမယ့် မိခင်ဒွန်းစဏ္ဍားမကတော့ ကိုယ်တိုင်ကိုယ်ဝန်ဆောင်ကာ မွေးခဲ့ရတဲ့အတွက် သူ့ကိုမစွန့်ပစ်ခဲ့ရက်ပါဘူး။ နောက်ဆုံး ဒီကလေး သွားနိုင်လာနိုင် တောင်းရမ်းလာနိုင်တော့မှပဲ သူ့ကိုခွက်တစ်ခွက်ပေးပြီး ကိုယ့်ဖာသာကို တောင်းရမ်းစားတော့ဆိုကာ သူ့လမ်းသူလျှောက်ခိုင်း လိုက်ပါတယ်။

ကိုယ့်ခွက်ကိုစွဲရင်း တောင်းရမ်းစားသောက်လာတဲ့ အာနန္ဒာသူဋ္ဌေး တစ်ဖြစ်လဲ အဲဒီဒွန်းစဏ္ဍားဟာ တောင်းရမ်းရင်း အရင်ဘ၀က သူ့အိမ်ကို ရောက်လာတဲ့အခါမှာ အတိတ်ကို ပြန်သတိရပြီး မြုပ်ထားတဲ့ ရွှေအိုးများရှိရာကို သွားနေတုန်း အစောင့်များနဲ့တိုးကာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားနှင့် ရဟန်းတော်များ ဆွမ်းခံချိန်ဖြစ်နေလို့ ဖြစ်ကြောင်းကုန်စင်ကို သိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ အတိတ်ဘ၀က အာနန္ဒာသူဋ္ဌေးရဲ့သား မူလသိရိကို ခေါ်တော်မူကာ “ဒီဒွန်းစဏ္ဍားသူငယ်ဟာ တစ်ခြားသူမဟုတ်ကြောင်း၊ အတိတ်ဘ၀က မူလသိရိသူဋ္ဌေးရဲ့ အဖေရင်း အာနန္ဒာသူဋ္ဌေးပဲ ဖြစ်ကြောင်း၊ စည်းစိမ်ဥစ္စာကို စွဲလန်းမှုနဲ့ မပေးလိုမလှူလိုတဲ့ ၀န်တိုမှု မစ္ဆရိယတရားတွေကြောင့် ခုလို ဘ၀မျိုးကို ရောက်ရခြင်း ဖြစ်ကြောင်း” မိန့်တော်မူကာ “လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလန်းတွယ်တာမှု တဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏၊ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါပဲလျှက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာ ဥစ္စာရှိအံ့နည်း” ဆိုတဲ့ အထက်ဖော်ပြပါ ဒေသနာတော်ကို ဟော်တော်မူလိုက်ပါတယ်။

ဒီဒေသနာတော်အရ ဒီမှာ အဓိကသိစေချင်တာက စည်းစိမ်ဥစ္စာနဲ့ သားသမီးများအပေါ် စွဲလန်းမှုနဲ့ အားကိုးမှုတွေဟာ ကောင်းကျိုးကို မဖြစ်စေဘဲ ဆိုးကျိုးကိုသာ ဖြစ်စေတတ်ကြောင်း၊ အစွဲတစ်ခုခုနဲ့ သေသွားခဲ့ရင် ပြိတ္တာဘ၀မှာ ဖြစ်တတ်ပြီး လူဖြစ်လာရင်လည်း လူ့ပြိတ္တာဖြစ်တတ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ဒီမှာဟောတော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားစကားလို ကိုယ်ကိုယ်တိုင်တောင် ငါငါ့ဥစ္စာဆိုတာ မရှိပါပဲနဲ့ သားသမီးများ၊ စည်းစိမ်ဥစ္စာများ ဆိုတာကတော့ ပြောစရာ မလိုလောက်အောင် မမြဲဘူး၊ မရှိဘူးဆိုတာ နားလည် သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။ သားသမီး စည်းစိမ်ဥစ္စာများဟာ အားကိုးရာအမှန်များ မဟုတ်ဘဲ ကုသိုလ်ကောင်းမှုသည်သာ စစ်မှန်သည့် အားကိုးရာ ဖြစ်တယ်ဆိုတာ သတိပြုစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အခိုက်အတန့် အားကိုးလို့ရနေတဲ့ သားသမီးစည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတွေဆိုတာ အချိန်မရွေး ပျက်စီးပျောက်ဆုံး တတ်တဲ့အတွက် အစစ်အမှန် အားကိုးရာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသဘောပေါက် သိမြင်ကာ ကိုယ်ဘယ်ရောက်ရောက် ကိုယ်နဲ့အတူ ပါနေပြီး ကောင်းကျိုးချမ်းသာကိုသာ ဖြစ်စေတတ်တဲ့ ကုသိုလ်တရားများကသာ တကယ့်အစစ်အမှန် အားကိုးရာဖြစ်လို့ အားကိုးရာအမှန် ကုသိုလ်ကံတွေကိုသာ အချိန်ရှိခိုက် ကြိုးစားလိုက်ကြဖို့ အသိပေး တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါတော့တယ်။ အားလုံး အားကိုးမှန်နိုင်ကြပါစေ…။

0 comments: