Monday, July 19, 2010

ဖန်ဆင်းသူ



မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မှာ ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ နေ့လည်စာစားချိန် အလုပ်ခနနားပါတယ်.. ၀န်ထမ်း အားလုံးဟာ နားချိန်စေ့လို့ နေ့လည်စာ စားသောက်ကြတဲ့ ကန်င်တင်းကနေ အလုပ်ကို အသီးသီး ပြန်ဝင်လာကြချိန်မှာတော့ ကုမ္ပဏီအ၀င်ပေါက် တံခါးမကြီးမှာ ကြော်ငြာတစ်စောင် ကပ်ထားတာကို တွေ့ကြရပါတယ်… ကြော်ငြာစာရွက်ပေါ်မှာက “သင်ရဲ့ ငယ်ရွယ်နုပျိုမှု၊ သင်ရဲ့ ပျော်ရွှင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ ဒီ ကုမ္ပဏီက လူတစ်ယောက်ဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်.. သူရဲ့ အသုဘကို ကုမ္ပဏီရဲ့ အားကစား ခန်းမမှာ ပြင်ဆင်ထားပါတယ်.. ဒါကြောင့် အသုဘရှု ကြွရောက်ဖို့ ၀န်ထမ်းများ အားလုံးကို အကြောင်းကြားအပ်ပါတယ်” လို့ ရေးထားတာပါ..


ရုတ်တရက် ကြော်ငြာကို ဖတ်လိုက်ရတော့ ၀န်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်တော့ ဆုံးပါးသွားပြီ ဆိုပြီး စိတ်မကောင်းဖြစ်သွားကြပါတယ်.. ဒါပေမဲ့ အနည်းငယ်ကြာတဲ့အချိန်မှာတော့ သေဆုံးသွားသူဟာ ဘယ်သူများဖြစ်မလဲဆိုပြီး သူတို့ရဲ့ အတွေးထဲမှာ “ငါ့ရဲ့ ပျော်ရွှင်မှုတွေ၊ ငယ်ရွယ်နုပျိုမှုတွေကို ရပ်တန့်အောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့်.. အဲဒီလူဟာ ဘယ်လိုလူမျိုးလဲ… အင်း ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလူဟာ ကုမ္ပဏီမှာ မရှိတော့ဘူးပေါ့..” ဆိုတဲ့ သိချင်စိတ် ပြင်းပြစွာနဲ့ရော၊ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို နောက်ဆုံး အနေနဲ့ နှုတ်ဆက်ဂါရ၀ပြုဖို့ပါ အားလုံးဟာ အားကစားခန်းမကြီးထဲကို ရောက်လာကြပါတယ်..


အားကစားခန်းမကြီးထဲမှာ ပြင်ဆင်ထားတဲ့ အခေါင်းနားကို ၀န်ထမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပါတယ်.. သူတို့ဟာ အခေါင်းထဲကို ငုံ့ကြည့်လိုက်ချိန်မှာတော့ အံ့သြ တုန်လှုပ်မှု များစွာနဲ့ လူတိုင်းဟာ ရုတ်ချည်း တိတ်ဆိတ် ငြိမ်သက် ဆွံ့အလို့ သွားကြပါတယ်.. ပြီးတော့ အခေါင်းဘေးမှာ ခြောက်ခြားစွာနဲ့ မတ်တပ်ရပ်နေကြပြီး ဘယ်သူမှ ဘာစကားသံမှကို ထွက်မလာနိုင်တော့ပါဘူး.. သူတို့ရဲ့ စိတ်အသိဥာဏ်တို့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်လို့ အသက်မဲ့သွားသလိုပါဘဲ… မျက်နှာပေါ်မှာလဲ နက်နဲတဲ့ အတွေးတွေကို ကိုယ်စီ တွေးနေမိကြတဲ့ အရိပ်အယောင်တွေ ယှက်ဖြာလို့…


အခေါင်းထဲမှာ သူတို့ တွေ့လိုက်ရတာက ကြည့်မှန်တစ်ချပ်ပါ… ၀န်ထမ်းတွေဟာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို တွေ့လိမ့်မယ် အထင်နဲ့ အခေါင်းထဲကို ကြည့်လိုက်တဲ့အခါ အခေါင်းထဲက မှန်ပေါ်မှာ ထင်ထင်ရှားရှား မြင်လိုက်ရတာက မျှော်လင့်မထားတဲ့ သူတို့ကိုယ်တိုင်ရဲ့ရုပ်ပုံလွှာ၊ သူတို့ရဲ့ မျက်နှာသာ ဖြစ်လို့နေပါတယ်.. မှန်ရဲ့ အောက်ခြေမှာ ရေးပြီး ကပ်ထားတဲ့ စာတန်းလေးတစ်ခုက “မင်းရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ စိတ်ပျော်ရွှင် ကြည်လင်မှုတွေကို ကန့်သတ် ထိန်းချုပ်နိုင်တဲ့ သူဟာ မင်းကိုယ်တိုင်သာ ဖြစ်ပါတယ် ” တဲ့…


ဟုတ်ပါတယ်နော်.. လူဆိုတာ ကိုယ့်ဘ၀ကိုယ်သာ လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်ပါတယ်.. တစ်ခြားဘယ်သူကမှ ကိုယ့်ဘ၀ကြီးတစ်ခုလုံးကို ကြိုးကိုင်ချယ်လှယ်လို့ မရပါဘူး… ကိုယ့်ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကိုယ့်ရည်မှန်းချက် စတာတွေကို ကိုယ့်ဖာသာ တည်ဆောက်နိုင်ပါတယ်.. သင့်အလုပ်ရှင်ကလည်း သင့်ဘ၀ကြီးကို ပြောင်းလဲအောင် မတတ်နိုင်သလို၊ သင့်မိတ်ဆွေ၊ သင့်သူငယ်ချင်း၊ သင့်မိဘဆွေမျိုး၊ သင့်ချစ်သူ စသည်တို့ကလည်း သင့်ဘ၀ပြောင်းလဲသွားအောင် မတတ်နိုင်ကြပါဘူး… သင့်ဘ၀ကို သင်ကိုယ်တိုင်က ပြောင်းလဲမှသာ ပြောင်းလဲလို့ရပါတယ်.. သင့်ဘ၀အတွက် တာဝန်အရှိဆုံးသူက သင်ကိုယ်တိုင်သာ ဖြစ်ပါတယ်.။


ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ဆင်ခြင်သတိပြုစရာလေးတွေ၊ တွေးတောစရာလေးတွေ ရလိုက်မိပါတယ်.. ကျွန်မတို့တွေ မိမိရဲ့ ပတ်ဝန်းကျင်မှာ မကြာခန ကြားဖူးကြမှာပါ.. ဘယ်သူ့ကြောင့်တော့ဖြင့် သူ့ဘ၀ပျက်ရပါတယ် ဆိုတဲ့စကားတွေ… ဥပမာ ချစ်ကံခေလို့ ရည်းစားကွဲကြတဲ့ လူငယ်တွေ.. ဒီတစ်ယောက်နဲ့ကွဲလို့ သူ့မှာ မစားနိုင်မသောက်နိုင်ဖြစ်ကြရပါတယ်.. လောကကြီးမှာ အသက်ရှင်ချင်စိတ် မရှိတော့အောင်ဖြစ်ရပါတယ်.. ဆိုတာတွေ.. တစ်ချို့ကျတော့ ဘ၀ရဲ့ တိုက်ပွဲတစ်ခုခုမှာ ရှုံးနိမ့်ရတဲ့အဖြစ်တွေ၊ ဥပမာ စီးပွားရေးလောကမှာ အရှုံးနဲ့ တွေ့ရတာမျိုး၊ အလုပ်ပြုတ်ရတာမျိုး၊ ကျောင်းသားတွေ စာမေးပွဲကျရတာမျိုး စတဲ့ အဖြစ်တွေပါ.. ဒီလိုအဖြစ်တွေနဲ့ ကြုံလာတဲ့ အဲဒီအချိန်တွေမှာ တစ်ချို့သော သူတွေဟာ စိတ်ဓါတ် နလံမထူနိုင်အောင် အလဲလဲအပြိုပြို ခံစားတတ်ကြပါတယ်..


တကယ်တမ်းတော့ ခုလိုဖြစ်တာဟာ မိမိရဲ့စိတ်ကြောင့်သာ ဖြစ်ပါတယ်.. ခဏတာ အခက်အခဲ၊ ခဏတာ ကျရှုံးမှုကို တစ်သက်လုံး ဆုံးရှုံးတယ်လို့ ထင်ကြပြီး စိတ်ဓာတ်ကို အောက်ဆုံးရောက်အောင် လျှော့ပစ်လိုက်ကြသူများ ဖြစ်ပါတယ်.. ရည်းစားနဲ့ကွဲရတဲ့အဖြစ်၊ စီးပွားရေးလုပ်ရင်း အဆင်မပြေဖြစ်ရတဲ့ အဖြစ်၊ စာမေးပွဲ ကျရှုံးရတဲ့အဖြစ်တွေဟာ ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးရတာမျိုးမဟုတ်ဘဲ… အချိန်မရွေး ပြန်လည် အောင်မြင်အောင် ကြိုးစားနိုင်တဲ့ ဖြစ်ရပ်တွေသာ ဖြစ်ပါတယ်.. ရည်းစားဆိုတာလည်း ကွဲတုန်းခန ခံစားကြရမှာ ဖြစ်ပေမဲ့ အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး အချစ်သစ်ကို ပြန်လည် တွေ့ကြရဦးမှာသာ ဖြစ်ပါတယ်.. ၀န်ထမ်းတစ်ယောက် အလုပ်ပြုတ်ရင်လဲ ကိုယ့်ဘက်က မှားနေတာရှိရင် ပြင်ဆင်လိုက်မယ်ဆိုရင် နောက်ထပ်အလုပ်သစ်တစ်ခုကို ပြန်လည် ရရှိနိုင်သေးပါတယ်..


အဓိက အရေးအကြီးဆုံးက အပြောင်းအလဲ တစ်ခုခုဖြစ်ချိန်၊ တစ်ခုခုကို ဆုံးရှုံးချိန်မှာ မိမိစိတ်ဓာတ်ကို လျှော့မချပစ်ဘဲ အားတင်းထားဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့သာ လိုအပ်ပါတယ်.. ကိုယ့်ဘ၀ ကျရှုံးအောင်လည်း ကိုယ်သာ တတ်နိုင်သလို ကိုယ့်ဘ၀ အောင်မြင်အောင်လဲ ကိုယ်သာ တတ်နိုင်ပါတယ်.. စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ လုပ်ဆောင်မယ်ဆိုရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး.. ဒါကြောင့် မိမိရဲ့ ဘ၀မှာ မိမိသာလျှင် ဆရာသခင် မိမိကိုယ်တိုင်သာလျှင် ဖန်ဆင်းရှင် ဖြစ်ပါတယ်လို့ ဖတ်မိတာလေးကို နှစ်သက်စွာနဲ့ ပြန်လည်ဝေမျှပါကြောင်းရှင်…


Last Respects ( Unknown Author) ကို ဘာသာပြန် ဝေမျှပါသည်။

“The most important relationship you can have, is the one you have with yourself.”


ချော(အစိမ်းရောင်လွင်ပြင်)

1 comments:

နေ၀သန် said...

အတော်ကောင်းတဲ့စာလေးပါပဲ... ဝေမျှတာကျေးဇူးတင်ပါတယ်ဗျာ..

ခင်မင်တဲ့
နေ၀သန်