Saturday, July 3, 2010

လေဆိပ်ခွန် ခြောက်ဆတိုးမြှင့်ကောက်ခံမည်


၁၄နှစ်ကြာ သတ်မှတ်ကောက်ခံခဲ့သော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ခွန် (Airport Tax)အား ဇူလိုင်လ၁ရက်မှစ၍ ခြောက်ဆတိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်အား ကိုးကား၍ လေကြောင်းလိုင်းများက ပြောသည်။ မြန်မာ့ခရီးသွားနှစ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၉၆ခုနှစ်ကစ၍ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား Airport Tax အဖြစ် တစ်ဦးလျှင်ကျပ်၅၀၀ ကောက်ခံခဲ့ရာမှ ၂၀၁၀၊ ဇူလိုင်လ၁ရက်မှစ၍ ကျပ်၃၀၀၀သို့ ပြောင်းလဲကောက်ခံတော့မည် ဖြစ်သည်။ ထိုကဲ့သို့ ကျပ်၃၀၀၀သို့ ပြောင်းလဲကောက်ခံရာတွင် အသက်၂နှစ်နှင့် ၂နှစ်အောက်ကလေးများမှာ ပေးဆောင်စရာမလိုကြောင်း လေကြောင်းလိုင်းများကဆိုသည်။ နိုင်ငံသားများ၏ Airport Tax အား ကျပ်၃၀၀၀သို့ တိုးမြှင့်ကောက်ခံသော်လည်း နိုင်ငံခြားသားများအတွက် ကောက်ခံသော ၁၀ဒေါ်လာကိုမူ တိုးမြှင့်ကောက်ခံခြင်း မရှိပေ။ Airport Tax တိုးမြှင့်ကောက်ခံရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူအား မေးမြန်းရာတွင် “Check Inနဲ့ Departure တွေမြန်အောင် နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ဒစ်ဂျစ်တယ်စနစ်သုံးစက်တွေ တပ်ဆင်ထားပြီးပြီ။ အဲဒီ့အတွက် တိုးမြှင့်ကောက်ခံထားတာပါ”ဟု ပြောကြားသည်။

ထိုကဲ့သို့ ခရီးသွားများအတွက် ပိုမြန်စေမည့် ၀န်ဆောင်မှုများ တိုးချဲ့လိုက်သည့်အတွက် တစ်နှစ်ကုန်ကျစရိတ်မှာ ကျပ်သိန်းသုံးထောင်ကျော်ထိ ရှိလာကြောင်း တာဝန်ရှိသူက ပြောကြား သည်။ ယင်းအစီအစဉ်များအား လွန်ခဲ့သော ၂နှစ်ခန့်မှ စတင်စီစဉ်ခဲ့ပြီး ယခုအကောင်အထည် ဖော်နိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၏ Airport Taxမှာ အမေရိကန်ဒေါ်လာ ၂၀၊ စင်ကာပူလေဆိပ်မှာ ဒေါ်လာ၂၀ခန့်နှင့်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ စရိတ်နည်းသော LCCI လေဆိပ်တွင် Airport Tax မှာ ၁၇ဒေါ်လာရှိကြောင်း သိရသည်။ သို့သော် နိုင်ငံအများစုတွင် ထို Airport Tax အား လေကြောင်းလိုင်းများက လက်မှတ်ရောင်းရာတွင် တစ်ပေါင်းတည်းထည့်၍ ရောင်းချပြီး စရိတ်နည်း လေကြောင်းလိုင်းဖြစ်သော အဲအေးရှားတစ်ခုတည်းသာ ခရီးသည်မှ Airport Tax အား ကိုယ်တိုင်ပေးဆောင်ရသည်။ ရန်ကုန်လေယာဉ်ကွင်းမှ နိုင်ငံတကာသို့ပျံသန်းသော လေကြောင်းလိုင်းများသည် Airport Tax အား လေယာဉ်လက်မှတ်ဈေးနှုန်းတွင် ထည့်သွင်းမထားသဖြင့် ခရီးသည်များကိုယ်တိုင် ပေးဆောင်ရသည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက်မူ Airport Tax ကျပ်၅၀၀အား များသောအားဖြင့် သက်ဆိုင်ရာ အကျိုးဆောင်များက ပေးဆောင်လေ့ရှိကြသည်။ “ကျပ်၃၀၀၀ဆိုရင်တော့ သွားမယ့်သူတွေကို ကိုယ်တိုင်ပေးခိုင်းရမှာပဲ”ဟု အေဂျင်စီအချို့မှ တာဝန်ရှိသူများက ပြောသည်။ အကျိုးဆောင် အေဂျင်စီများမှ လိုက်လံပို့ဆောင်ခြင်း မရှိသောသူများနှင့် တိုင်းရင်းသားများအတွက် Airport Tax အား စိုက်ထုတ်ပေးလေ့ရှိသည့် Sanbumi လေကြောင်းလိုင်းမှ တာဝန်ရှိသူကမူ “အဆင်မပြေတဲ့သူတွေအတွက်တော့ ကျပ်၃၀၀၀လည်း စိုက်ပေးပါဦးမယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ မေလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာမှ လေယာဉ် ၄၄စီးဝင်ရောက်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ထိုလေဆိပ်မှ နိုင်ငံခြားသားဧည့်သည် ၂၂၇,၄၂၄ဦး ၀င်ရောက်ခဲ့သည်ဟု စာရင်းဇယားများအရ သိရသည်။

0 comments: