Saturday, May 22, 2010

ရေအခက်အခဲ ကြုံတွေ့နေရသူတို့အတွက် ရုပ်ရှင် အနုပညာရှင်တို့ရဲ့ ကရုဏာအလှူ

ယခုနှစ် နွေရာသီကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီး အများစု၌ ယခင်နှစ်များထက် အပူချိန်မြင့်မားမှုကို ထူးကဲစွာ ခံစားကြရသည်။ အပူချိန်မြင့်မားမှု၏ နောက်ဆက်တွဲ အကျိုးဆက် တစ်ခုအဖြစ် ရေတွင်းရေကန်များ ခန်းခြောက်လာခဲ့ပြီး အချို့သောမြို့ ကြီးများရှိ ကျေးရွာများ၌ ရေရှားပါးမှု အခက်အခဲများ၊ မသန့်ရှင်းသော ရေမှတစ်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါဆိုးများ ခံစားလာခဲ့ကြရသည်။ ယင်းသို့သော အခက်အခဲများအတွက် ပရိသတ်တို့၏ အားပေးမှုနှင့် ရပ်တည်နေခဲ့ကြသည့် ရုပ်ရှင်အနုပညာရှင် တို့သည်လည်း တတ်စွမ်းသရွေ့ ၄င်းတို့၏ ကရုဏာအလှူများဖြင့် အခက် အခဲရှိသည့် နေရာဒေသများသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းသူများရှိသကဲ့သို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်နေသူများလည်းရှိရာ . . . . .


ပုလဲဝင်း


ပုလဲရယ်၊ မိဆု (ဆုရွှန်းလဲ့)၊ ဘုန်းလျှံ အပါအ၀င် အနုပညာရှင်တွေ စုပြီး mutdfan.com online အဖွဲ့နဲ့ အတူ သန်လျင်မြို့က ကျေးရွာသုံးရွာ မှာ မေလ ၁၆ ရက်နေ့က ရေသွားရောက် လှူဒါန်းဖြစ်ပါတယ်။ ဂါလန် ၃၂၀၀ ဆန့်တဲ့ ရေကားတစ်စီးရယ်၊ ရေသန့်ဗူးအလုံး ၃၀၀ ကျော်ရယ် ကို အဲဒီနေရာတွေအထိ သွားပြီး လှူဒါန်းဖြစ်တာပါ။ နောက်ပြီးတော့ အဲဒီကျေးရွာသုံးရွာမှာပဲ တစ်ရွာကို စက်ရေတွင်းတစ်ခုနှုန်းနဲ့ စက်ရေတွင်း သုံးခု လှူဒါန်းပေးဖို့ စီစဉ်ထားပြီးပါပြီ။ စက်ရေတွင်း သုံးခုအတွက်ကတော့ အလှူငွေ ၃၅ သိန်းကျော်လောက် ကုန်ကျပါမယ်။ ပုလဲတို့ လှူဒါန်းဖြစ်တယ်ဆိုတာက အခက်အခဲဖြစ်နေကြတဲ့ အချိန်မှာ တတ်စွမ်းသရွေ့လေး ကူညီပေးတဲ့ သဘောပါပဲ။ ရုပ်ရှင်အစည်းအရုံးက သွားရောက်လှူဒါန်းတဲ့ အခါလည်း ပါဝင်ကူညီပေးဖို့ ရည်ရွယ်ထားပါတယ်။


ချစ်သုဝေ


ထရီဇာတို့ အဆိုတော်တွေ စုပြီး သန်လျင်မှာ ရေသွားရောက် လှူဒါန်းတဲ့အခါမှာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ရှုတင်ရှိနေတဲ့အတွက် ကိုယ်တိုင်တော့ မပါဝင်ဖြစ်လိုက်ဘူး။ ရုပ် ရှင် အစည်းအရုံးကလည်း ရေအခက်အခဲဖြစ်တဲ့ ဒေသတွေကိုသွားပြီး လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီမှာလည်း ထရီဇာ ပါဝင်ဖို့ စဉ်းစားထားပါတယ်။ ထရီဇာ အခုချိန်မှာ ပြောချင်တာကတော့ အရမ်းပူနေပါတယ်။ ဒါကြောင့် အပူအအေး အရမ်းကြီးမပြောင်းအောင် ဂရုစိုက်ဖို့ ပြောချင်ပါတယ်။ နေပူအောက်မှာ တိုက်ရိုက်ထိတွေ့ပြီး အလုပ်လုပ်ရမယ် ဆိုရင်လည်း ထီးဆောင်းတာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်စေချင်ပါတယ်။ အဓိကကတော့ ရာသီဥတု က အရမ်းပူနေတဲ့အတွက် ကာကွယ်လို့ရတဲ့ အပိုင်းလေးတွေကို ကာကွယ်စေချင်ပါတယ်။


ခန့်စည်သူ


ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ရေအခက်အခဲဖြစ်တဲ့ နေရာဒေသတွေကို သွားရောက် လှူဒါန်းဖို့ စီစဉ်နေပါတယ်။ လောလောဆယ် ရေအရင်လှူမယ်။ ပြီးရင် ရေရှည်အတွက် စက်ရေတွင်းတူးပြီး လှူခဲ့ဖို့ပါ တစ်ခါတည်းစီစဉ်မှာပါ။ သွားပြီးလှူဒါန်းတဲ့ အခါမှာလည်း အနုပညာရှင်တွေ ကိုယ်တိုင် အခက်အခဲဖြစ်တဲ့ နေရာဒေသတွေအထိ လိုက်ပါလှူဒါန်း နိုင်ဖို့ စီစဉ်နေပါတယ်။ အမြန်ဆုံး သွားရောက်လှူဒါန်းမှာပါ။


ပြေတီဦး


ကျွန်တော်တို့ 'မေခင်ကညာ' ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ပြီးတာနဲ့ ဒီကား မှာပါတဲ့ အဖွဲ့သားတွေ အားလုံးစုပြီး ရေသွားလှူဒါန်းဖို့ စီစဉ်နေပါတယ်။ ကိုယ်တိုင်သွားရောက် လှူဒါန်းမယ့် အစီအစဉ်မျိုးတွေလည်း ပါလာမှာပါ။ သွားမယ့် နေရာဒေသတွေကတော့ အခုလောလောဆယ် ဘယ်နေရာတွေမှာ အလှူများနေလဲ၊ ဘယ်နေရာကို ထပ်သွားလှူရမလဲ ဆိုတာမျိုး စဉ်းစားနေကြပါတယ်။


အိန္ဒြာကျော်ဇင်


အူဝဲတို့ ရုပ်ရှင်အစည်းအရုံး နဲ့လည်း သွားပြီးလှူဒါန်းကြမယ်လို့ ပြောပါတယ်။ ဒီကားပြီးလို့ ဒီကား မှာပါဝင်တဲ့ အဖွဲ့သားတွေ စုပြီးလှူ ဒါန်းတဲ့အခါလည်း တတ်စွမ်းသရွေ့တော့ ပါဝင်ဖြစ်ပါမယ်။ အခုလို မကြုံစဖူးပူတယ်၊ ရေအခက်အခဲတွေလည်း တွေ့ရတယ်ဆိုတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ အူဝဲတို့ အနုပညာရှင်တွေ ဘက်ကတော့ ဘယ်လို အခက်အခဲပဲဖြစ်ပါစေ တတ်စွမ်းသရွေ့ ပါဝင်ပေးသွားမယ် လို့ ပြောချင်ပါတယ်။


ကျော်ကျော်ဗို


ရုပ်ရှင်အစည်းအရုံးက ရေအခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေ သွားပြီးလှူဒါန်းမယ်လို့ ပြောပါတယ်။ ကိုယ်တိုင် ပါဝင်ခွင့်ရရင်လည်း ပါဝင်မှာပါ။ အခွင့်မသင့်ခဲ့လို့ ကိုယ်တိုင် မလိုက်ဖြစ်ရင်တောင် လှူဒါန်းဖို့ စိတ်ကူးထားပါတယ်။ ရေအသက် တစ်မနက်လို့ ဆိုတဲ့စကားလည်း ရှိနေတာ ပဲလေ။ အခုလို ရေရှားပါးတာတွေ ကြားရတဲ့အတွက်လည်း စိတ်မကောင်း အရမ်းဖြစ်မိပါတယ်။


သင်ဇာဝင့်ကျော်


သင်ဇာ့အနေနဲ့ ရေအခက်အခဲ ဖြစ်တဲ့ နေရာဒေသတွေကို ကိုယ်တိုင်လည်း သွားရောက် လှူဒါန်းချင်ပါတယ်။ ကားရိုက်ရှိနေလို့ မလိုက်ပါ ဖြစ်ခဲ့ရင်တောင် အလှူငွေပါဝင် လှူဒါန်းမှာပါ။ ရုပ်ရှင်အစည်းအရုံး အစီအစဉ်နဲ့ သွားရောက်လှူဒါန်းဖို့ တွေလည်း စီစဉ်နေပါတယ်။


ရန်အောင်


ကျွန်တော်တို့ အနုပညာရှင်တွေ အားလုံးစုပြီး သွားလှူကြဖို့ စီစဉ်နေပါတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း သွားဖြစ်ရင်လိုက်ပါ လှူဒါန်းဖြစ်မှာပါ။ အခုလိုအပူဒဏ်ခံ စားကြရတဲ့အပြင် ရေရှားပါးမှုနဲ့လည်း ကြုံတွေ့ကြရတယ်ဆိုတော့ တကယ်ကိုပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်တို့တောင် မခံစားနိုင်လောက်အောင် ဖြစ်နေကြရတာလေ။ အခုလို ကျေးရွာဒေသတွေမှာ ဖြစ်တဲ့အတွက် တတ်စွမ်းသရွေ့ ကူညီပေးဖို့လည်း ရည်ရွယ်ထားပါတယ်။


နေတိုး


ဦးမျိုးမင်းတို့လည်း ရေအခက်အခဲနဲ့ ပတ်သက်ပြီး သွားကူညီကြဖို့ စီစဉ်နေပါတယ်။ အဲဒီအခါပါဝင် ကူညီဖြစ်မှာပါ။ ရုပ်ရှင် အစည်းအရုံးနဲ့လည်း လိုက်ပါကူညီဖို့ စီစဉ်နေပါတယ်။

0 comments: