Friday, May 28, 2010

ဝေဒနာများနေပါစေ စေတနာ မရှားပါစေနဲ့



ကြက်ခြေနီဆိုတာ ပြောဘို့တောင် မလိုအောင် မွန်မြတ်-လိုအပ်တဲ့ လုပ်ငန်းပါ။ မီးသတ်ဆိုတာလည်း မီးသတ်ရတာအပြင် မြို့ပြ (အက်ဆီးဒင့်) တခုခုဖြစ်ရင် အသက်ကို ပဓာနမထားဘဲ အကူအညီပေးရတဲ့ ကုသိုလ်အလုပ် ဖြစ်ပါတယ်။ ကြက်ခြေနီ၊ မီးသတ်အဖွဲ့တွေဟာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ ရေကြီး၊ မီးလောင်၊ မုန်တိုင်းမွှေ၊ မြေပြို၊ လေယာဉ်ပျက်၊ ငလျင်လှုပ်၊ ရထားမှောက်၊ ဒုက္ခရောက်တာမှန်သမျှ တီဗွီက မြင်နေနေရတာမို့၊ “သာဓု” ပါဗျို့။

တွေ့ဖူးသမျှ ဘေးအန္တရာယ်ကျ၊ ဒုက္ခရောက်ရတာတွေမှာသာ Red Cross, Rescue Team တွေက ကူညီကြရတယ်။ တခြားနေရာ၊ တခြားအလုပ် ဒီလူတွေ ၀င်ရှုတ်တာ မတွေ့ဖူးသေးဘူး။ တခြား (ကင့်ပိန်း) တွေမှာလည်းပါတာကို တီဗွီရော၊ ရုပ်ရှင်မှာပါ မကြည့်ဖူးသေးဘူး။ သူတို့ကို တတ်ကျွမ်းအောင်လည်း သင်ပေးထားသလို အသုံးအဆောင်မှန်သမျှကိုလည်း ခေတ်နဲ့အညီ၊ နည်းပညာနဲ့အမီ တပ်ဆင်ပေးထားကြတယ်။ ကြက်ခြေနီအလုပ်၊ မီးသတ်အလုပ်နဲ့ မဆိုင်တာတွေကိုတော့ သင်ပေးတာ၊ ဆင်ပေးတာ မတွေ့ဖူးဘူး။ ဗဟုသုတ နည်းသေးလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။

အမြဲ ယူနီဖေါင်း ၀တ်ရတာ စစ်သား၊ ရဲသား၊ စက်ရုံလုပ်သား စသူများမှာ ထုံးစံပါ။ ပရဟိတ စိတ်ဓါတ်ဟာ လူ့စိတ်ဓါတ် ဖြစ်လို့ အဖွဲ့ဝင်ဖြစ်စရာ၊ ယူနီဖေါင်းမပါလည်း စေတနာဟာ စေတနာပါပဲ။ မြို့နယ်တခုမှာ တာဝန်ကျတုန်းက တွေ့ရတာတခု။ ယူနီဖေါင်းတွေတော့ ရှိပါရဲ့၊ အရစ်တွေရော၊ အပွင့်တွေပါ။ မီးသတ်ကားကတော့ အင်ဂျင်ကမကောင်း၊ တာယာကဟောင်း၊ ရောင်းလည်း မဖြစ်။ မီးသင့်ရင် သူတို့အရင် ပုဆိုး ခါးတောင်းကျိုက်တွေက ကိုယ့်ရေပုံးကိုယ် ဆွဲလာကြရတယ်။

ကြက်ခြေနီဆိုတာ လူငယ်ဘ၀က စကြတာများတယ်။ လူငယ်ဘ၀မှာ စေတနာမှန်သူ၊ ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်သူ၊ မလုပ်သင့်တာ မလုပ်သူတွေဟာ ကြီးလာရင်လည်း ဒီအတိုင်း ဖြစ်လာတတ်တယ်။ သေးသေးမို့ အရေးမကြီးပါဘူး။ ငယ်သေးတော့ ဘာအရေးလဲဆိုတာ မမှန်ဘူး။ “မဆိုင်တာ၊ မလိုတာ၊ သွားလုပ်သူဟာ ဆိုင်တာ၊ လိုတာကျ မလုပ်မိတော့တာ” ဖြစ်လေ့ ရှိတယ်။

ဆွစ်ဇာလန်နိုင်ငံကို ချီးကျူးဘို့ ကောင်းတာတွေထဲမှာ ကမ္ဘာစစ်ကြီးတွေတိုင်း ကြားနေခဲ့နိုင်တာ၊ အကောင်းဆုံး ဘဏ်တွေ ရှိတာ၊ အကောင်းဆုံး နာရီနဲ့ မောင်းချဓားကအစ precision instruments ပစ္စည်းတွေ ထုတ်လုပ်တာအပြင် သူ့နိုင်ငံသား Henry Dunant က မျိုးစေ့ချတဲ့ “ကြက်ခြေနီ”လည်း ပါတယ်။

(ဟင်နရီ-ဒူးနန့်) ဟာ စီးပွါးရေးသမားပါ။ သွားရင်းလာရင်း လူလေးသောင်း သေကြေခဲ့ရတဲ့ Austro-Sardinian စစ်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ရာကနေ ကြက်ခြေနီဇာတ်လမ်း စခဲ့တာပါ။ တတိယ နပိုလီယန် ခေတ်ပေါ့။ အသောကဘုရင်ရဲ့ ကာလိင်္ဂစစ်ပွဲကြီးအပြီး ဗုဒ္ဓဘာသာ ထွန်းကား-စည်ပင်စေနိုင်ခဲ့သလိုမျိုး၊ စစ်ပွဲကနေ ကောင်းတဲ့ သင်္ခန်းစာ ယူနိုင်ခဲ့တဲ့ နောက်ဥပမာတခုလည်း ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းရှာတတ်တာ ပညာရှိပါပဲ။

Henry ကနေ A Memory of Solferino စာအုပ်ကို ၁၈၆၂ မှာ ရေးထုတ်ခဲ့တယ်။ နောက်နှစ်မှာ Committee of the Five ဖွဲ့ခဲ့တယ်။ ငါးဦးကော်မတီရဲ့ စိတ်ဝင်စားဘို့ ကောင်းလှတဲ့ အချက်ကတော့ သူက စီးပွါးရေးသမား၊ ကျန်းမာရေး ပညာရှင် နှစ်ဦး၊ ဥပဒေပညာရှင် တဦးနဲ့ စစ်ဗိုလ်ချုပ် တဦးတို့ ပါခဲ့ကြတာဖြစ်တယ်။ (ပရော်ဖက်ရှင်နယ်) ခြားနားကြပေမယ့် စေတနာ အားကောင်းကြရာမှာ သွားတူနေကြတယ်။ “အတူတွဲလုပ်ကြလျှင် အောင်မြင်သည်။” ဆိုတာကို ပြတာပါဘဲ။ “ကြီးကျယ်တဲ့ အရာကို ငါတို့ချည်းသာ လုပ်လို့ မရပါလား” လို့လည်း သင်ခန်းစာပေးလိုက်တယ်။

(ဒူးဒန့်) ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်ကို နှစ်စဉ် World Red Cross and Red Crescent Day ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ထားတယ်။ ဒီနှစ်မှာ အထူးပြုဘို့ ဆောင်ပုဒ်ကတော့ “မြို့ကြီး-ပြကြီးတွေ များလွန်းလာလို့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတွေ” ဆိုတာ ဖြစ်ပါတယ်။

ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ပထမအကြိမ် (ဂျနီဗာ-ကွန်ဗင်းရှင်း) ပြီးတဲ့နောက် ဆွစ်ဇလန်နိုင်ငံ အလံအရောင်ကို ပြောင်းပြန်ပြုထားတဲ့ “အဖြူခံပေါ် အနီရောင် ကြက်ခြေ” ကို သတ်မှတ်ခဲ့ကြတယ်။ နောက်မှာ ကြက်ခြေနီလိုပဲ လခြမ်းနီ Red Crescent အမှတ်အသားကို စသုံးခဲ့ကြတာကတော့ (အော်တိုမန်-အင်ပါယာ) နဲ့ ရုရှားစစ် (၁၈၇၇-၁၈၇၈) က ဖြစ်တယ်။ အခု အဲလိုနိုင်ငံပေါင်း ၃၃ ခုရှိနေပြီ။ ၂၀၀၅ ခုနှစ်မှာ Red Crystal ကိုပါ တချို့တိုင်းပြည်တွေမှာ သုံးနိုင်လာ ကြတယ်။ Red Star of David ဆိုတဲ့ အစ္စရေးတို့ လုပ်ချင်တာကတော့ တရားဝင် မဖြစ်သေးပါဘူး။

Emblems တွေ အမျိုးမျိုး ရှိပါစေ၊ နိုင်ငံတွေ ကွဲပြားပါစေ၊ ပြောင်းလို့မရ၊ ပြောင်းဘို့မသင့်တဲ့ “ကြက်ခြေနီရဲ့အနှစ်” ကတော့ Mercy and Absolute Nuetrality “သနားညှာတာစိတ် နဲ့ အကြွင်းမဲ့-ဘက်မလိုက်မှု” ဖြစ်ပါတယ်။

“ဘက်မလိုက်” ဆိုတာ Non-Aligned ကို ပြောတာ မဟုတ်ဘူး။ Non-Aligned Movement (NAM) ဆိုတဲ့ ဘက်မလိုက် လှုပ်ရှားမှုဆိုတာ စစ်အေးခေတ်မှာ ဘယ်ဘက်မှ မလိုက်ခဲ့တဲ့ အုပ်စုဖြစ်ပြီး၊ စစ်အေးခေတ် နောက်မှာတော့ အစိုးရတွေနဲ့ချည်း ဖွဲ့ထားတဲ့အဖွဲ့ ဖြစ်လို့ United Nations ကုလသမဂ္ဂလိုပဲ ရေများ-ရေနိုင်၊ မီးများ-မီးနိုင်။ အစိုးရတွေ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ကြဘူး။

ကြက်ခြေနီရဲ့ Nuetrality ဆိုတာ စစ်ဖြစ်နေတဲ့ အုပ်စုနှစ်ခုရှိရင် ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဘက်မလိုက်ရဘူး။ အစိုးရဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ် ဘက်မလိုက်ရဘူး။ မတည့်တဲ့၊ အယူအဆကွဲတဲ့၊ ဘက်နှစ်ဘက်မှာလည်း အစိုးရအကြိုက်၊ အတိုက်အခံ အကြိုက် ဘယ်ဘက်ကိုမှ မလိုက်ရတာ ဖြစ်ပါတယ်။

Absolute အကြွင်းမဲ့သဘောကို ပိုလို့တောင် သိဘို့-လိုက်နာဘို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ခွဲခြားမှု လုံးဝကင်းရတယ်။ ဒုက္စရောက်နေတာ၊ ကျိုးပဲ့နေတာ၊ သေလုမြောပါး ဖြစ်နေတာတွေကိုသာ စေတနာစိတ် ထားပါလေ။ “စေတနာနဲ့ စာနာစိတ်ဟာ အမိန့်လာမှ ထွက်ရတာ မဟုတ်ပါ။”
ဒေါက်တာတင့်ဆွေ ဆိုဒ်မှ ကူးယူဖေါ်ပြသည်။

0 comments: