Saturday, May 22, 2010

စည်ပင်ရေ မရသည့်အတွက် ရန်ကုန်မြို့ခံများ စိတ်ပျက်

တက်လူ / ၂၀ မေလ ၂၀၁၀


ရန်ကုန်စည်ပင်က ရန်ကုန်မြို့အတွက် ရေပေးဝေနိုင်မှု ပမာဏ အလုံအလောက်ရှိကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ဖော်ပြနေသော်လည်း ရေအခက်အခဲ ရှိနေဆဲဖြစ်ကြောင်း မြို့ခံအများက ပြောဆိုနေကြသည်။

“ဂျာနယ်တွေကို ဖတ်လိုက်ရင်လည်း စည်ပင်က ရေအလုံအလောက် ပေးမယ်ပဲ။ ဂျာနယ်တွေကိုလည်း အပြစ်မပြောချင်တော့ ဘူး။ သူတို့ကို စည်ပင်ကလူတွေ လိမ်တာ ညာတာကို ခံနေရတာလို့ပဲ သတ်မှတ်တယ်” ဟု တာမွေ မဟာဗန္ဓုလလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်တွင် ရေမရသည့် အခြေအနေမှာ မီးမလာ၍ ရေမလာခြင်း၊ မီးလာပါက အချိန်ပြည့်မရသည့်အပြင် မကြာခဏ ပြတ်တောက်ခြင်း၊ အ၀ီစိတွင်းရေများ ခန်းသွားခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

“ကျနော်တို့အိမ် ရေမလာတာက မီးပြတ်လို့မရတာ၊ မီးကလည်း တခါတလေမှ လာတာ။ ကျနော်တို့က စားဝတ်နေရေးအတွက် အပြင်မှာ စီးပွားရှာရတော့ မီးဘယ်အချိန်လာတယ်၊ ပြတ်တယ်ဆိုတာ မပြောတတ်ဘူး။ အိမ်ပြန်ရောက်ရင်တော့ မီးလာတဲ့ အချိန်ဆိုတာ တွေ့ရခဲတယ်။ ရပ်ကွက်က ကြံ့ဖွံ့တွေကို ရေတခါတင် (၅,၀၀၀) နဲ့ များပေမယ့် မတင်ရင် ရေမရှိလို့ ပေးနေရတယ်” ဟု တာမွေ လမ်း (၁၄၀) နေသူတဦးက ပြောသည်။

စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတဦးကလည်း “ကျမတို့က ကိုယ်ပိုင်အ၀ီစိတွင်းရှိပါတယ်။ မီးပြတ်မှ ရေမရတာပါ၊ မီးလာရင် ရေရပါတယ်။ ခက်တာက မီးက (၅) မိနစ်လာလိုက်၊ မိနစ် (၂၀) လောက်ပြတ်လိုက် ဖြစ်နေတာပါပဲ” ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သူတဦးကမူ ၎င်းတို့နေသော အထပ်မြင့်တိုက်တွင် အသုံးပြုသော အ၀ီစိတွင်းရေမှာ ခန်းသွားပြီဖြစ်သည့်အတွက် ရေမရတော့ကြောင်း ပြောဆိုသည်။

ယင်းသို့ ရေအခက်အခဲများဖြစ်နေချိန်တွင် စည်ပင်ရေ ရက် (၂၀) သာရတော့မည်ဟု ယခုရက်ပိုင်းတွင်း သတင်းများက ပျံ့နှံ့နေသည့်အတွက် အများပြည်သူတို့က ရေအခက်အခဲအား စည်ပင်က မည်သို့ ဖြေရှင်းပေးမည်ကို သိချင်နေကြကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျမတို့ကြားတယ်၊ ရေရမှာ ရက် (၂၀) ပဲ ရှိတော့တယ်လို့၊ ဘယ်လိုလုပ်ကြမလဲတော့ မသိဘူး။ အခုလည်း ရေမှမရတာ၊ မီးအလာကို စောင့်တင်နေရတယ်၊ တင်တော့လည်း မရဘူး။ ၀ယ်သုံးနေရတာ ဘာထူးလို့လဲ” ဟု ပြောသည်။

ရန်ကုန်စည်ပင်အရာထမ်းတဦးအား မေးမြန်းရာတွင် ယင်းသတင်း ထွက်ပေါ်မှုမမှန်ကန်ကြောင်း၊ ရန်ကုန်တွင် ရေရရှိမှု အဆင်ပြေကြောင်း ပြောကြားသည်။

“ကောလာဟလပါ။ ကျနော်တို့ စည်ပင်က ပြည်သူတွေအတွက် လျှပ်စစ်မီး မပြတ်တဲ့အချိန်မှတော့ ရေရရှိအောင် ရေတွန်းစက်တွေကို စနစ်တကျစီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်စည်ပင် ၀ါရင့်ဝန်ထမ်းတဦးကမူ ယခုအခါ ရန်ကုန်သို့ ရေပေးဝေနေသော လှော်ကားကန် ရေခန်းလာကြောင်း ပြောသည်။

၎င်းက “ကျနော်တို့ စည်ပင်အရာထမ်းဖြစ်လာတာ ကြာပါပြီ၊ တခါမှ လှော်ကားရေကန် ဒီနှစ်လို ရေခန်းလာတာမျိုး မကြုံဖူးဘူး။ အခု မေလ (၁၇) ရက်က ရန်ကုန်မှာ မိုးရွာတယ်။ ဒါပေမယ့် ဒီမိုးက ရေရတဲ့မိုး မဟုတ်သေးဘူး။ မြေအောက်ရေက လုံးဝ ဆုတ်နေတယ်။ ဇွန်လဆန်းလောက်မှ မိုးရွာတာ၊ မိုးရေချိန် မများဘူးဆိုရင် ရေအခက်တွေ့နိုင်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်သို့ ရေပေးနေသော လှော်ကားကန်သည် တနေ့လျှင် ရေဂါလန် သန်း (၆၀) ခန့် ပေးနေခြင်းဖြစ်ပြီး လွန်ခဲ့သော (၂) နှစ်ခန့်က ရန်ကုန်တွင် ညောင်နှစ်ပင် ရေပေးဝေရေးစခန်းသစ်ကို ဖွင့်လှစ်ခဲ့ရာ၌ တနေ့လျှင် ရေဂါလန် (၄၅) သန်း ပေးဝေနေကြောင်း၊ အခြားရေပေးဝေနေသော ဂျိုးဖြူ ရေလိုင်းနှင့် ဖူးကြီး အပါအ၀င် တနေ့လျှင် ရေဂါလန် (၁၃၅) သန်း ပေးဝေနေကြောင်း မြို့တော်စည်ပင်ကို ကိုးကားပြီး ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသည်။

0 comments: