Wednesday, May 26, 2010

အနုပညာရှင်များနှင့် မီဒီယာများ အကြား ဆက်ဆံရေးအပေါ် အမြင်များ


ရန်အောင် -

ကျွန်တော်တို့အနုပညာရှင်တွေနဲ့ စာနယ်ဇင်းဆိုတာ အမြဲတမ်းတွဲလျက် ရှိနေတာပါ။ အဲဒီတော့ ရှေ့ဆက်ပြီးသွားမယ့် ခရီးမှာလည်း စာနယ်ဇင်းကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရမှာဖြစ်သလို ကျွန်တော် တို့ အနုပညာရှင်တွေကလည်း ကိုယ့် အလုပ်ကိုယ်လုပ်ရမှာပါ။ တစ်ယောက် နဲ့ တစ်ယောက်က ကိုင်းကျွန်းမှီကျွန်း ကိုင်းမှီအမြဲရှိနေမယ်လို့ ပြောချင်ပါတယ်။


မေသန်းနု -

စာနယ်ဇင်းနဲ့ အနုပညာ ရှင်ဆိုတာကတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတစ်ဦးနဲ့ တစ်ဦးရိုင်းပင်း ကြရတယ်။ မဆင့်ရဲ့အတွေ့အကြုံ အရပြောရမယ်ဆိုရင် စကားပြောတဲ့ အခါ၊ မေးမြန်းကြတဲ့အခါ ကိုယ်ပြော ချင်တဲ့ အဓိပ္ပာယ်ကိုပဲ လှအောင်မေး တတ်ဖို့၊ ဖြေတတ်ဖို့ လိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ပြီးတော့လည်း အနုပညာရှင်နဲ့ စာနယ်ဇင်းတွေကတစ်ဦးနဲ့ တစ်ဦးညှိညှိနှိုင်းနှိုင်းနဲ့ ရှိရမှာပေါ့။
နေတိုး - စာနယ်ဇင်းသမားရော အနုပညာရှင်တွေပါ အဓိကဦးတည်တဲ့ အရာက ပရိသတ်အတွက် ဆိုတာပါ။ ပရိသတ်တွေ စိတ်ဝင်စားနိုင်တဲ့အ ကြောင်းအရာလေးတွေကို နှစ်ဦးနှစ် ဖက်အမေးအဖြေကိစ္စလေးတွေဆောင် ရွက်တဲ့အခါမှာ အဆင်ပြေပြေနဲ့ မေး ကြဖြေကြရမှာပါ။ စာနယ်ဇင်းဆို တာကလည်း တစ်နည်းပြောရရင် ပရိသတ်အတွက် ဦးတည်လုပ်ဆောင်တဲ့ အနုပညာလုပ်ငန်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်အားလုံးက ပရိသတ်အတွက် ဦးတည်ဆောင်ရွက်တဲ့သူတွေ ဖြစ်တဲ့အတွက် ညှိညှိ နှိုင်းနှိုင်းနဲ့ အဆင်ပြေပြေဖြစ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။


အိန္ဒြာကျော်ဇင် -

စာနယ်ဇင်းနဲ့ အနုပညာသမားတွေဆိုတာကတော့ အရင်ဆက်နွှယ်မှုပုံစံအတိုင်းပဲဆက် ရှိနေမှာပါ။ အနုပညာသမားတွေက လည်း ကိုယ့်အလုပ်ကိုယ်လုပ်နေကြ တယ်။ စာနယ်ဇင်းသမားတွေက လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြ တယ်။ ဆက်ဆံရေးပြောင်းလဲသွား ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။


ခန့်စည်သူ -

စာနယ်ဇင်းနဲ့ အနုပညာ ရှင်ဆိုတာ အပြန်အလှန်ဆက်နွှယ်မှု ရှိနေတာပါ။ တစ်ခါတလေ လျာနဲ့ သွားတောင် ကိုက်မိတတ်သေးတာ ပဲ။ မိသားစုတွေ မောင်နှမအရင်းတွေ ကြားထဲမှာတောင် မတည့်ဖြစ်တာ ရှိတတ်ပါတယ်။ အချိန်တန်တော့ လည်း အားလုံးညီညီညွတ်ညွတ်နဲ့ ပရိသတ်အတွက် ရည်ရွယ်ပြီး အပြန် အလှန် ဆက်ဆံကြရမှာပါ။


ကျော်ကျော်ဗို -

အနုပညာရှင်နဲ့ စာနယ်ဇင်းဆိုတာ ကျွန်းကိုင်းမှီကိုင်းကျွန်း မှီနေကြတာမဟုတ်လား။ဒါကြောင့် အဆင်ပြေပြေနဲ့အပြန်အလှန်နားလည် မှုရှိမယ်။ အပေးအယူမျှမျှတတရှိဖို့ လိုပါတယ်။ အားလုံးကတော့ ကိုယ့် အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ စာနယ်ဇင်းနဲ့ အနုပညာရှင်တွေကြားမှာ တင်မဟုတ်ပါဘူး။ လူသားအားလုံး အပေးအယူမျတနေဖို့လိုပါတယ်။


ဂျောက်ဂျက် -

ကျွန်တော်တို့အဆို တော်တွေကို ပရိသတ်ကပိုသိလာ အောင်စာနယ်ဇင်းတွေက ကူညီသလို စာနယ်ဇင်းတွေရဲ့သတင်းတွေအတွက် ကျွန်တော်တို့တွေကလည်း ကူညီကြ တာပဲဆိုတော့ အပြန်အလှန်ကူညီ နေတဲ့သူတွေလို့ပဲထင်ပါတယ်။ ကျွန် တော့်အနေနဲ့ဆိုရင်တော့မှားတဲ့ သူက လူရှေ့မှာ ပွင့်ပွင့်လင်းလင်း တောင်းပန်လိုက်ပေါ့။ ကျွန်တော်လည်းငယ်ငယ် ကတစ်စိတ်ရှိရိုက်မယ်၊ နှက်မယ်ဆို ပြီးအမှားတွေရှိခဲ့ပါတယ်။ အခုအ ရွယ်ရောက်တော့ တစ်ဦးနဲ့တစ်ဦး မျက်နှာပျက်စရာဆိုတာ မကောင်း ဘူး။ ဘာမှမဖြစ်ဘဲ အကုန်လုံးပြေပြေလည်လည် ဖြစ်စေချင်ပါတယ်။


ဖြူဖြူကျော်သိန်း -

ဖြူဖြူကတော့ ဘယ်ကိစ္စတစ်ခုပဲဖြစ်ဖြစ် သုံးသပ် ကြည့်တဲ့အခါ လူအပေါ်ပဲမူတည်တယ်လို့ မြင်ပါတယ်။ တချို့အရာ တွေမှာ လူတစ်ယောက်သည်လောက တစ်ခုကို ကိုယ်စားပြုပြီး လုပ်လို့လည်းရသလို ကိုယ်စားမပြုဘဲ လုပ်လို့လည်းရတယ်။ ဒါကအမြင်အမျိုး မျိုးပေါ်မူတည်တယ်။လူတစ်ယောက် ချင်းဆိုကတည်းက လူတစ်ဦးချင်း စီမှာပါလာမယ့် သူ့ရဲ့အင်္ဂါရပ်တွေ ဖြစ်တဲ့ သူ့ရဲ့ဥာဏ်ရည်၊ သူ့ရဲ့သည်း ခံနိုင်မှုအတိုင်းအတာ၊ ယဉ်ကျေးမှု၊ နားလည်တတ်မှု၊ သိတတ်မှု၊ လိမ္မာ ပါးနပ်မှု၊ IQ၊ EQ အကုန်လုံးက ကွာသွားတယ်လို့ထင်တယ်။ အဲဒီ အပေါ်မူတည်ပြီးတော့ပဲ ကိစ္စတစ်ခု ကို အကောင်အထည်ဖော်တာ၊ ဖြေ ရှင်းတာကွာသွားတာပဲ။ တစ်ခါတစ် ခါကျတော့လည်း လူတိုင်းမှာသည်း ခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ်။ Celebrity ဖြစ်လို့လည်း အဆုံးစွန်အထိ သည်းခံနိုင်မယ်လို့တော့ ပြောလို့မရပေမယ့် အနုပညာရှင်ဖြစ်လာ ပြီဆိုရင်တော့ သည်းခံနိုင်စွမ်းရှိရမှာ ပါပဲ။ ဖြူဖြူကြုံဖူးသမျှဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခပေးလောက် အောင်၊ စိတ်အနှောင့်အယှက်ဖြစ်ရ လောက်အောင်ကြုံရတာမျိုးတော့ မရှိ သေးဘူး။ မေးလာတဲ့ မေးခွန်းတွေ ကသူ့အတွက်ရော၊ ကိုယ့်အတွက် ရော၊ ပတ်ဝန်းကျင်အတွက်ရော မကောင်းနိုင်တော့ဘူးဆိုရင် မမေးသင့် တော့ဘူးလို့ပဲညွှန်ပြပေးလိုက်တယ်။ ဆက်မမေးတော့နဲ့ မထည့်ချင်ဘူး စသဖြင့်ပြောလိုက်တယ်။ အဓိက ကတော့ လူတစ်ဦးချင်းစီမှာပဲ မူတည် တယ်လို့ သုံးသပ်ပါတယ်။ ကိစ္စတစ်ခု ဖြစ်လိုက်လို့ ငါတို့ကတော့ အနုပညာရှင်တွေဖြစ်လို့ အနုပညာရှင်တွေ ဘက်ကပါမယ်။ မီဒီယာမို့လို့မီဒီ ယာတွေဘက်ကပဲပါမယ်ဆိုရင်လည်း ကလေးဆန်လွန်း အားကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ ခွင့်လွှတ်သည်းခံမှုနဲ့ နေလာခဲ့ကြတာ။ ဒါကြောင့်လူတစ်ယောက်ချင်းစီ အနေနဲ့ပဲမြင်ပါတယ်။ အဓိက တော့ကိုယ်လုပ်စရာရှိတာကိုအကောင်း ဆုံးဖြစ်အောင်ပဲလုပ်ကြရမှာပဲ။ ကိုယ် လုပ်စရာရှိတာလုပ်ကြတဲ့ နေရာမှာ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက်၊ ကိုယ့်မိသားစုအတွက် ကောင်းဖို့ပဲ အရေးကြီးပါတယ်။


ကိုဇော်(အရုဏ်ဦး) -

စာနယ်ဇင်းက လည်းသူတို့အလုပ် သူတို့လုပ်တာဖြစ် သလို အနုပညာရှင်တွေကလည်းကိုယ့် အလုပ်ကိုယ်လုပ်တာဖြစ်တဲ့အတွက် ဖြစ်ခဲ့တဲ့ကိစ္စတွေ ဘယ်လိုပဲရှိနေပါစေ အားလုံးကတော့ ပုံမှန်အတိုင်းဆက်ဆံ ပတ်သက်မှုရှိနေမှာပါ။ မေးတဲ့သူ ကမေးတယ်။ ဖြေတဲ့သူကလည်း ဖြေ နိုင်ရင်ဖြေပေါ့။ အဆင်ပြေပြေမျမျ တတရှိနေဖို့လိုပါတယ်။ ရှေ့ဆက်မယ့်ခရီးမှာလည်း အနုပညာရှင်တွေ နဲ့စာနယ်ဇင်းတွေက အပေးယူမျှမျှနဲ့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီရှိနေမှာပါ။


ဒါရိုက်တာမောင်မျိုးမင်း -

ဖြစ်စဉ် တစ်ခုအနေနဲ့တော့တော်တော်လေး ကိုရှုတ်ချရမယ့်ဖြစ်ရပ်တစ်ခုပါပဲ။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလို့ ဆိုရမှာပေါ့။ စာနယ်ဇင်းနဲ့အနုပညာ သမားဆိုတာကလည်း ကင်းကွာလို့ ရတဲ့သူတွေမဟုတ်ဘူး။ အမြဲလက် တွဲနေရမယ့်သူတွေ။ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေဖြစ်ကြတဲ့ အထိလက်ခံလို့ရတယ်။ ကိုယ်ထိ လက်ရောက်တွေ ပါလာတယ်ဆိုတာ တော်တော်ဆိုးတယ်။ တရားဥပဒေ ရှိနေတာပဲ။အခုလိုတုံ့ပြန်တာကတော့ ပညာတတ်မဆန်ဘူး။ ဟိုတုန်းက လည်းသမ္မတလူကြမ်းအဖွဲ့နဲ့ရုပ်ရှင် မဂ္ဂဇင်းတစ်ခုပြဿနာဖြစ်ခဲ့ဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဖြစ်စဉ်မှာ အနုပညာရှင်ကလည်း အနုပညာလောက တစ်ခုလုံးကိုကိုယ်စားပြုတဲ့သူမဟုတ် ဘူး။ အခုဖြစ်တဲ့ စာနယ်ဇင်းက သတင်းထောက်ကလည်းစာနယ်ဇင်း လောကတစ်ခုလုံးကိုကိုယ်စားပြုတာ မဟုတ်ဘူး။အနုပညာသည်ထဲမှာ လည်းလူအမျိုးမျိုးရှိသလိုစာနယ်ဇင်း ထဲမှာလည်း လူအမျိုးမျိုးရှိနိုင်တာပဲ။ ပြဿနာတစ်ခုကို ဘယ်လိုသိမ်မွေ့ တဲ့နည်းလမ်းနဲ့ ဖြေရှင်းလို့ရလဲဆိုတာ နားလည်ဖို့လိုတယ်၊၊ နောက်ပိုင်းကျရင်လည်း စာနယ်ဇင်းတွေဘက်က မေးစရာရှိတာဆက်မေးလို့ရသလို အနုပညာရှင်တွေ ဘက်ကလည်း ဖြေစရာရှိတာ ဆက်ဖြေကြရမှာပဲ။


ဒါရိုက်တာစင်ရော်မော်မောင် -

အနုပညာရှင်တွေနဲ့ စာနယ်ဇင်းတွေပေါင်း ပြီးတော့ကောင်းတာတွေကိုပိုကောင်း အောင်၊ မှားနေတာတွေကို လမ်းမှန် ပေါ်ရောက်အောင်အပြုသဘောဆောင်တဲ့ လက်တွဲခြင်းမျိုးတွေနဲ့ ရှေ့ဆက် သွားနိုင်ဖို့လိုပါတယ်။ နောက်ပိုင်းမှာ တော့ စာနယ်ဇင်းကပုဂ္ဂိုလ်တွေက လည်း သူတို့မေးစရာရှိတာတွေ ဆက်မေးကြပါလိမ့်မယ်။ အနုပညာ ရှင်တွေဘက်ကလည်း ဖြေသင့်ဖြေ ထိုက်တာဆိုရင် ဖြေလိမ့်မယ်။ မဖြေ ချင်ဘူးဆိုရင်လည်း ငြင်းလိမ့်မယ်။ အဓိပ္ပာယ်ကတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြမယ်။ အဲဒါကိုနားလည်ရင် အားလုံးချောမွေ့သွားမယ်ထင်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး - ကျွန်တော်တို့ အခုဖြစ်တဲ့ ကိစ္စကလောက တစ်ခုချင်းဆီကို ကိုယ်စားပြုတဲ့ ကိစ္စလို့တော့ ကျွန်တော်မမြင်ပါဘူး။ တစ်ဦးတစ်ယောက်ချင်း individual အရ ဖြစ်တဲ့ကိစ္စပဲလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ အနုပညာရှင် တွေဘက်ကလည်း ဖြေသင့်ဖြေထိုက် တာတွေကို ဆက်ပြီးဖြေကြမှာပါပဲ၊ စာနယ်ဇင်းတွေဆိုတာကလည်း သူတို့မေးသင့်တဲ့၊ မေးချင်တဲ့မေးခွန်းမျိုးတွေကို ဆက်ပြီး မေးကြမှာပါပဲ။ ဒီကိစ္စဖြစ်လို့ စာနယ်ဇင်းတွေနဲ့ အနုပညာရှင်တွေကြားထဲမှာ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။


ဦးမြတ်သစ် (တာဝန်ခံအယ်ဒီတာ)
BiWeekly Eleven ဂျာနယ် -

ဒီဖြစ်ရပ်ဟာ ဒီနှစ်ယောက်တည်းနဲ့ဆိုင်တဲ့ Personal ကိစ္စမဟုတ်ဘူးဆိုတာ journalism နားလည်တဲ့လူတိုင်း သိပါတယ်။ ဒီအချိန်မှာသွေးပူနေတုန်း တော့ အမှန်တရားကို ချင့်ချိန်နိုင်စွမ်း မရှိနိုင်ပေမယ့် အချိန်ဆိုတာအမှန်တရားကို အဆုံးအဖြတ်ပေးပါတယ်။ အမှန်တရားအတွက်စောင့်ရတဲ့အချိန် အနည်းနဲ့အများပဲ ကွာတာပါ။ ကိုယ့် အလုပ်ကိုယ် မှန်မှန်လုပ်ပြီး ကိုယ့် သမိုင်းကို ကောင်းကောင်းရေးနိုင်တဲ့ သူတွေအဖို့ ဘာပြဿနာမှမရှိနိုင်ပါ ဘူး။ မမှန်တဲ့သူတွေဟာ အချိန်တန် ရင်ပြီးသွားမှာပါ။


ကိုမျိုး(မြန်မာစာ) (အယ်ဒီတာချုပ်)


ပေါ်ပြူလာသတင်းဂျာနယ် - ဒီဖြစ် စဉ်အရတော့ တခြားအနုပညာရှင်တွေ နဲ့ သတင်းထောက်တွေရဲ့ကြားမှာဆက် ဆံရေးအပြောင်းအလဲရှိမှာမဟုတ်ပါ ဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ကြား ၀င်ဖျန်ဖြေတဲ့သူရှိလို့ပဲဖြစ်ဖြစ် အချိန် ကသမားတော်အနေနဲ့ ကုစားသွားမှာပါ။ ပြုသူနဲ့ ဖြစ်သူ ဒီဖြစ်ရပ်ကိုပဲ လုပ်လိုက်တဲ့သူတွေ ဘက်ကရော၊ ခံလိုက်ရတဲ့သူတွေဘက်ကပါ နာကြတဲ့သူတွေ ရှိပါတယ်။ အရာရာတိုင်းမှာ တရား ဥပဒေဆိုတာတော့ ရှိနေမှာပါပဲ။


ကိုစောလင်းအောင် (ဒုတိယအယ်ဒီ တာချုပ်) ရန်ကုန်တိုင်းမ်ဂျာနယ် -


အနုပညာကျော်ကြားသူတွေနဲ့သတင်း သမားတွေကြားမှာတော့ တစ်နည်း မဟုတ်တစ်နည်း ဆက်နွှယ်မှုတွေရှိ နေတာပါပဲ။ အပြန်အလှန်အားဖြင့် လည်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတွေ ရှိနေပါတယ်။ အနုပညာ ရှင်တစ်ယောက် မအောင်မြင်တုန်း အချိန်မှာ စာနယ်ဇင်းတွေက သူတို့အကြောင်းကို သတင်းဖော်ပြခဲ့တာ တွေရှိသလို သူတို့အောင်မြင်သွားခဲ့တဲ့အချိန်မှာလည်း သူတို့ရဲ့အောင် မြင်မှုတွေ၊ လုပ်ဆောင်မှုတွေကို သတင်းဖော်ပြနေတာပါပဲ။ အခုဖြစ်စဉ်မှာ အခြေအနေအားဖြင့် အခိုက် အတန့်အခန့်မသင့်ဖြစ်ရာကဖြစ်စဉ် တစ်ရပ်အနေနဲ့ဖြစ်ခဲ့ပါတယ်။ ဒီဖြစ် စဉ်ပေါ်ခဲ့ပြီးတဲ့ နောက်မှာ အဲဒီသရုပ်ဆောင် တစ်ယောက်ကို မဆက်ဆံပဲ ထားလိုက်ရင်ရတယ် ဆိုပေမယ့်တခြား သူတွေနဲ့ကတော့ ဆက်ဆံမှုတွေပြု နေရဦးမှာပဲ။ ဒီလိုအခြေအနေမှာ ဒီဖြစ်စဉ်ဖြစ်ခဲ့လို့ အနုပညာရှင်တွေနဲ့ သတင်းသမားတွေအကြား ဆက်ဆံရေး အပြောင်းအလဲရှိလာမှာ မဟုတ်တာအမှန်ပါပဲ။ လုပ်မြဲအတိုင်းပဲ ဆက်လုပ်သွားမှာပါပဲ။


ဦးမျိုးမြင့်ညိမ်း(တာဝန်ခံအယ်ဒီတာ)
အလင်းတန်းဂျာနယ် -

အနုပညာသမားနဲ့ မီဒီယာတွေကြားမှာ တစ်ခါတရံမှာ အဆင်မသင့်တာတွေရှိတတ်ပါတယ်။ အခုဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို သီးခြားအနေနဲ့ စဉ်းစားပါတယ်။ ကျန် တဲ့အရာအားလုံးက သူ့အတိုင်းသူ ဆက်ရှိနေမှာပါ။ တခြားအနုပညာ ရှင်တွေနဲ့ ဆက်ဆံရေးမှာလည်းသူ့အရင်ပုံစံအတိုင်း ရှိနေမှာပါ။ ကျွန်တော့်အနေနဲ့ဆိုရင် အနုပညာရှင်တွေ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာအင် မတန်ရှားပါတယ်။ စာမျက်နှာပေါ် ကတစ်ဆင့်ပဲရင်းနှီးတာများပါတယ်။ ဘယ်သူ့ဘက်၊ ဘယ်ဝါဘက်လိုက် ပြောဖို့ဆိုတာလည်း မီဒီယာသမား အနေနဲ့မရှိပါဘူး။ ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ တုံ့ပြန်ပုံ တုံ့ပြန်နည်း မမှန်ဘူးလို့ပဲ ပြောထားတာပါ။


ဦးဇော်မြင့် (Myanmar Time Journal ) -

သတင်းထောက်ဘက်က Professional ဆန်ဖို့ လိုပါတယ်။ နောက်ပြီး Celebrity ဘက်ကလည်း သတင်းထောက်ကို သူ့အလုပ်သူလုပ်နေ ပါလားလို့မြင်ဖို့လိုအပ်ပါတယ်၊၊ကိုယ့် Professionalကို Professional ကျ ကျလုပ်ရင်ဘာမှမဖြစ်ပါဘူး။ တစ်ဦး နဲ့တစ်ဦးက အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့။ အနုပညာရှင်တွေရဲ့သတင်းတွေကို လူထုပရိသတ်တွေဆီကို မီဒီယာတွေကတစ်ဆင့် Message တွေပေးကြသလို၊ သူတို့ကြောင့် မီဒီယာတွေလည်း အလုပ်ဖြစ်တာမျိုးရှိတယ်။


အားမာန်(အမှုဆောင်အယ်ဒီတာ)
7 Day News Journal -

မီဒီယာနဲ့ အနုပညာရှင်ဆိုတာထက် မီဒီယာနဲ့ ကိုယ့် sourceနဲ့ ပေါ့။ ကိုယ့်source က နိုင်ငံရေးသမားလည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုက်ကားသမား ဖြစ်ချင်ဖြစ်မယ်။ အနုပညာရှင် ဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးသမား ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ ယုံကြည်တာကတော့ ဘယ်လိုsource မျိုးပဲဖြစ်ပါစေ သူတို့အပေါ် ဆက်ဆံတဲ့အပေါ်မှာတော့ တသမတ်တည်း တူညီရမယ်။ ကိုယ့်ဘက်ကလည်း စာဖတ်သူသိချင်တဲ့ သိသင့်တဲ့မေးခွန်းမျိုးတွေကို professional ပီပီသသမေးဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က အခွင့်အရေးကလည်း ကျွန်တော်တို့မေးသင့်တာကို တိတိကျကျမေးခွင့်ရှိ တယ်။ သူတို့ဘက်က အခွင့်အရေးကလည်း သူတို့မဖြေချင်တာကို ငြင်းဆန်ခွင့်ရှိတယ်။ သူတို့ right ကိုလည်း ကျွန်တော်တို့ လေးစားပါတယ်။ တချို့အချက်တွေမှာ သူတို့ဘက်ကို လေးစားပေးရသလို တချို့အချက် တွေကို သူတို့အတွက် ချန်ပေးရတာမျိုးတွေ ရှိပါတယ်။ ပရိသတ်သိချင်တယ်ထင်တဲ့ မေးခွန်းမျိုးတွေ မေးတာပဲလေ။ သူ့နေရာမှာ သာမန်လူတစ်ယောက်ဆိုရင်တော့ အခုလိုအကြောင်းအရာမျိုးတွေ စိတ်ဝင်စားချင်မှ စိတ်ဝင်စားခံရမယ်။ အခုကတော့ celebrity တစ်ယောက်ဖြစ်နေတဲ့ အတွက်လည်း အခုလိုမေးရတာပါ။ ဒီကိစ္စကနေပြီးတော့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို ရအောင်လုပ်သွားမယ်။

0 comments: