
အနုပညာရှင်များ (celebrity)၏ ကိုယ်ရေးကိုယ်တာကို မေးမြန်းခြင်းနှင့်ပတ်သက်၍ သတင်းထောက်များအနေဖြင့် မေးပိုင်ခွင်ရှိကြောင်း
ပြည်တွင်းဂျာနယ်လစ်များက သုံးသပ်ခဲ့ပါသည်။ အဆိုပါသုံးသပ်မှုသည် ပြီးခဲ့သည့်
မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော သရုပ်ဆောင်ထက်ထက် မိုးဦးက 7 days
သတင်းထောက် အေးသူစံကို ကိုယ်ရေးကိုယ်တာ မေးမြန်းမှုအပေါ် မကျေနပ်၍
ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့်ဆက်စပ်၍ သုံးသပ်ပြောကြားခဲ့ခြင်းပါသည်။
ထိုသို့သုံးသပ်ရာတွင် ဆရာလူထုစိန်ဝင်းက 'နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းထောက်ဆိုရင် နိုင်ငံရေးသမားတွေကို တွေ့ပြီးတော့
နိုင်ငံရေးအကြောင်းတွေကို မေးပြီးတော့ ရေးပေးရမှာပဲ။ ဒါသူ့ဝတ္တရား။
စီးပွားရေးသတင်းထောက်ကလည်းပဲ စီးပွားရေးစိတ်ဝင်စားတဲ့
သူ့ရဲ့စာဖတ်ပရိသတ်အတွက် စီးပွားရေးသမားတွေကို တွေ့ဆုံပြီးတော့ ဆီဈေး၊
ဆန်ဈေး၊ ပဲအကြောင်း၊ နှမ်းအကြောင်းစသည်အားဖြင့် စီးပွားရေးနဲ့ပတ်သက်တဲ့
သတင်းတွေကို တွေ့ပြီးမေးရမှာပဲ၊ ပြန်ပြီးတော့ ရေးပေးရမှာပဲ။ အလားတူပဲ pop
သတင်းထောက်ကလည်းပဲ သူ့ရဲ့ pop စာဖတ်ပရိသတ်သိချင်တဲ့ မင်းသားမင်းသမီးတွေ၊
အဆိုတော်တွေရဲ့အကြောင်းတွေ မေးမြန်းပြီးတော့ ရေးပေးရမှာပဲ' ဟု
ပြောကြားခဲ့ပါသည်။

ထို့အပြင် pop သတင်းထောက်များ၏ လုပ်ဆောင်ရမှုနှင့် Public Figure များ၏ အနေအထားနှင့်ပတ်သက်၍လည်း 'Pop သတင်းထောက်က မင်းသားမင်းသမီးကိုသွားပြီးတော့
နှမ်းအကြောင်း၊ ပဲအကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်းကို သွားမေးပြီးတော့
ရေးရင်လည်းပဲ သူ့ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူ့ပရိသတ်လိုချင်တာက
မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်တဲ့ Pop သတင်းတွေပဲ ဖတ်ချင်တယ်။ အခုဒီ Pop
သတင်းထောက်မိန်းကလေးက မင်းသမီးကိုသွားပြီး တော့ သူချိန်းတဲ့နေရာမှာ
သွားပြီးတော့တွေ့တယ်။ ပြီးတော့ မေးခွန်းမေးတယ်။ သူဟာမဖြေချင်ဘူးဆိုရင်
ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလိုဖြေလို့ရတယ်။ ဖြေပြီးတော့မှ
သူကနေပြီးတော့ ဒီသတင်းတော့ မရေးပါနဲ့ဆိုပြီးတော့ ကိုယ် ရေးကိုယ်တာမို့ Off
the record ပါလို့ ပြောလို့လည်းရတယ်။ သို့သော်လည်းပဲ ကိုယ်ထိလက်ရောက်
ကျူးလွန်စော်ကားတာမျိုးကတော့ ဘယ်သူမှလုပ်ခွင့်မရှိဘူး။
ပြည်သူလူထုလူအများစုနဲ့ ပတ်သက်ဆက်ဆံရတဲ့ Public Figure တွေမှာ ဒီမူကိစ္စ၊
လူကိစ္စဆိုတာဟာ ခွဲခြားဖို့ အင်မတန် ခက်တယ်။ နောက်ဝေဖန်ရေးလောကမှာ
မူကိုမတိုက်ဘဲ လူကိုတိုက်ခိုက်နေတာပဲလို့ ပြောလေ့ပြောထရှိတယ်။ ခုနကပြောတဲ့
Public Figure တွေရဲ့ မူနဲ့လူကိစ္စကို ခွဲခြားပြောဖို့ အင်မတန်ခက်တယ်။ သမ္မတ
ရေဂင် လက်ထက်တုန်းက ကာတွန်းဆရာတွေဟာ ရေဂင်ပုံကိုဆွဲရင် ကောင်းဘွိုင်
ဦးထုပ်ဆောင်ပြီး မြင်းစီးပြီးတော့ ခြောက်လုံးပြူးတရမ်းရမ်းနဲ့ပုံပဲ
ဆွဲတာပဲ။ ဘာကြောင့်လဲဆိုတော့ ရေဂင်က ကောင်းဘွိုင်းမင်းသားဖြစ်ခဲ့တာကို။
သူ့ကို ကောင်းဘွိုင်နဲ့နှိုင်းပြီး ကောင်းဘွိုင်ပုံကို ဆွဲရမလားလို့
ရေဂင်ကမပြောဘူး။ သူက Public Figure ဖြစ်လာတဲ့အတွက် မီဒီယာတွေမှာ
ရေးပိုင်ခွင့်ရှိတယ်၊ ပြောပိုင်ခွင့်ရှိတယ်ဆိုတာကို သူနားလည်တယ်။
သူစိတ်ဆိုး ကောင်းစိတ်ဆိုးမှာပဲ။ ဒါပေမယ့် သူစိတ်ဆိုးတာကို မဖော်ပြဘူး။
မချိသွားဖြဲ ပြုံးပြုံးပဲနေလိုက်တယ်။ အလားတူပဲ ရေဂင်အကြောင်း
ရေးတဲ့အခါမှာလည်း ရေဂင်မိန်းမတွေ ဘယ်နှစ်ယောက်ယူခဲ့တယ်ဆိုတဲ့အကြောင်း
ဒါမျိုးတွေ ရေးကျတာပဲ။ မူနဲ့လူဟာ တစ်ခါတစ်ခါမှာ ခွဲလို့မရနိုင်ဘူး။ Public
Figure ဖြစ်လာပြီဆိုရင် ထင်ပေါ်ကျော်ကြားလာခဲ့ရင်ပေါ့၊
ဒီထင်ပေါ်ကျော်ကြားမှုရဲ့ တန်ဖိုးအဖြစ်နဲ့တော့
ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုစွန့်လွှတ်ကြရတာပါပဲ'ဟု ဆရာလူထုစိန်ဝင်းက ပြောပါသည်။
သတင်းတစ်ပုဒ် စာဖတ်သူထံမရောက်မီ သတင်းထောက်တစ်ယောက်၏ တာဝန်နှင့်အယ်ဒီတာတို့၏ တာဝန်များနှင့် ပတ်သက်၍ 'သတင်းထောက်တွေဆိုတာက
စာဖတ်ပရိသတ်သိချင်တာ မှန်သမျှကို ရှာဖွေစုံစမ်းဖော်ထုတ်ပေးရမှာပဲ။
ဒါသတင်းထောက်ရဲ့ တာဝန်ပဲ။ ဒါကြောင့်မို့ အခုကိစ္စမှာမေးတဲ့
မေးခွန်းတွေကိုလည်း သေချာဖတ်ကြည့်ခဲ့ပါတယ်။ ဒီသတင်းထောက်မိန်းကလေးဘက်က
လွန်တယ်ဆိုတာမရှိပါဘူး။ သတင်းထောက်က မစပ်စုရတဲ့ကိစ္စဆိုတာလည်း မရှိပါဘူး။
သတင်းထောက်ဆိုတာ စပ်စုရမှာပဲ။Reporters have the right to pry
အဲဒီလိုစပ်စုနိုင်မှလည်း သတင်းထောက်ဖြစ်မယ်။ မမေးရတဲ့
မေးခွန်းဆိုတာမရှိဘူး။ မရေးသင့်တဲ့အကြောင်းအရာဆို တာပဲရှိတယ်။ ဒါကတော့
ရေးတဲ့အခါမှာ သူ့ဟာသူဆုံးဖြတ်ပြီးတော့ ဒီဟာတော့ ရေးသင့်တယ်၊ ဒီဟာကတော့
မရေးသင့်ဘူးဆိုတာကို သတင်းထောက်က သူ့ဟာသူဆုံးဖြတ်လိမ့်မယ်။ အယ်ဒီတာက
သူ့ဟာသူဆုံးဖြတ် လိမ့်မယ်'ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့အပြင် ဆရာလူထုစိန်ဝင်းက သတင်းထောက်ကို ကိုယ်ထိလက်ရောက်စော်ကားသည်မှာ မည်သူ့ကိုဖြစ်ဖြစ် လက်ရောက်စော်ကားလျှင် လက်ရောက်မှုဖြင့်
တရားစွဲ၍ရကြောင်း၊ တရားရုံးတွင် တရားစွဲသည်ဆိုပါကလည်း
သတင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး သတင်းခေတ်တွင် celebrity များ၏
အနေအထားနှင့်ပတ်သက်၍လည်း 'ဒီလိုအရှက်တကွဲ အကျိုးနည်းကိစ္စတွေကို
အမေးမခံချင်ရင်၊ ဂျာနယ်တွေမှာ အထည့်မခံချင်လို့ချင်ရင်ကိုယ့်ဘက်က
သန့်ရှင်းစင် ကြယ်အောင်နေပါ။ အဲဒီလိုမဟုတ်ရင်လည်း celebrity မလုပ်နဲ့
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးသာမန် လူတစ်ယောက်အဖြစ်ပဲနေပါ။ အဲဒီလိုဆို
ဘယ်သူမှလည်း စိတ်မ၀င်စားဘူး၊ ဘယ်သူမှလည်း မေးမှာမဟုတ် တော့ဘူး။ Celebrity
နေရာမှာလည်း နေချင်တယ်။ ကိုယ်လုပ်ချင်တာကိုလည်း စည်းလွတ်၊
ဝါးလွတ်လုပ်ချင်ရာလုပ်မယ်၊ ဒါတွေကို သတိပေးတဲ့ အနေနဲ့ပဲဖြစ်ဖြစ်၊
သတင်းပေးတဲ့ အနေနဲ့ပဲရေးရေး ရေးရင်ရေးတဲ့သူတွေကို
လိုက်ပြီးအပြစ်ရှာတယ်ဆိုတာကတော့ အရမ်းကို အသိဉာဏ်ကင်းမဲ့ရာ ရောက်ပါတယ်'ဟု
ပြောပါသည်။

ကျွန်တော်တို့အနေနဲ့ ပုဂ္ဂိုလ်ရေး နှိုက်နှိုက်ချွတ်ချွတ်ကိစ္စတွေ ရေးလေ့မရှိပါဘူး။ ဒါပေမယ့် ဒေါ်ထက်ထက်မိုးဦး
စတုတ္ထအကြိမ်အိမ်ထောင်ပြုတာကိုတော့ ရေးသင့်ရေးထိုက်တဲ့သတင်းအဖြစ်
ကျွန်တော်တို့ဂျာနယ်မှာ ဖော်ပြခဲ့တယ်။ ဂျာနယ်တွေမှာ ခဏခဏ အိမ်ထောင်ပြုတာ
ပါလာတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မကောင်းတဲ့အပြုအမူဖြစ်တယ်။
ဒါကိုနားလည်မှု မလွဲစေချင်ဘူး။ ဘာမှဂုဏ်ယူစရာမရှိဘူး။ အတုယူစရာမရှိဘူး။
အခုလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ လင်ကွာ မယားကွာတွေ၊ အိမ်ထောင်ကို
လွယ်လွယ်ပြု၊ လွယ်လွယ်ပျက်နေကြတာတွေ များလာနေတယ်။ ဒါကြောင့် ကျွန်တော်တို့
Eleven က အဲဒီသတင်းကိုရေးခဲ့တာ။ အဲဒီနေရာမှာ ဒေါ်ထက်ထက်မိုးဦးမှ မဟုတ်ဘူး။
ဘယ် Celebrity ကိုမဆိုရေးမှာပဲ။ သူတို့ဟာ သူတို့ တိတ်တိတ်မင်္ဂလာဆောင်တာကို
လိုက်ဖော်စရာမလိုပေမယ့်၊ ပရိသတ် ရှေ့ထွက်လာရင်တော့ ရေးမှာပဲ။
ဒါသူတို့ရဲ့ကိုယ်ရေးကိုယ်တာမဟုတ်ဘူး။ ပြည်သူကိုစော်ကားတယ်လို့ ယူဆတယ်။
ကျွန်တော်တို့ မြန်မာဂျာနယ်လစ်တွေရဲ့လစာဟာ ၂ ပြား ၁ ပဲဆိုပေမယ့်
ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရိုးရိုးသားသားရတဲ့ ဒီ ၂ ပြား ၁ ပဲကို
တန်ဖိုးထားတယ်။ကျွန်တော်တို့အလုပ်ကို မြတ်နိုးတယ်။ကျွန်တော်တို့ရဲ့
Professional life ကို ကျေနပ်တယ်။ ကျွန်တော်တို့ လူငယ်သတင်းထောက်တွေအနေနဲ့
စနစ်တကျ သင်ယူတက်မြောက်ခဲ့ရတာ မဟုတ်တော့ ကျွမ်းကျင်မှုဗဟုသုတ
နည်းကောင်းနည်းမယ်၊ ငွေကြေး၊ ရုပ်ပိုင်းချို့တဲ့ကောင်းချို့တဲ့မယ်။
ဒါပေမယ့် တိုင်းပြည်ချစ်တဲ့စိတ်၊ ကိုယ့်အလုပ်ကို ဂုဏ်ယူတက်တဲ့စိတ်ကတော့
အပြည့်ပဲဆိုတာ ကတော့ ဒေါ်ထက်ထက်မိုးဦးအပါအ၀င် ကျွန်တော်တို့ပြည်တွင်းက
ဂျာနယ်လစ်တွေကို အထင်သေးစိတ်ရှိတဲ့သူတွေအားလုံးကို သိစေချင်တယ်။
ဒီသတင်းထောက်ရဲ့ လုပ်ရပ်ကမှန်ကန်တဲ့အတွက် Eleven Media Group အနေနဲ့သူ့ဘက်က
ရပ်တည်သွားမယ်။ ဒီကိစ္စမှာ ဒေါ်ထက်ထက်မိုးဦး၊ 7 Days Journal နဲ့
သတင်းထောက် အေးသူစံဆိုတာလောက် မဟုတ်ပါဘူး။ ဒါဟာသာမန်လို့ မယူဆပါဘူး။
ဒီမိုကရေစီအတွေ့အကြုံမရှိတဲ့ ဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်လုပ်ရတာ
အင်မတန်ခက်ခဲပါတယ်။ ဒေါ်ထက်ထက်မိုးဦးရဲ့ ဒီလုပ်ရပ်ဟာ
ကျွန်တော်တို့လုပ်ကိုင်နေတဲ့ အလုပ်တွေကို ပိုမိုခက်ခဲသွားစေပါတယ်။
စတုတ္ထမဏ္ဍိုင်ကိုသွားနေတဲ့ လမ်းကြောင်းနဲ့ စတုတ္ထဏ္ဍိုင်ကိုထိပါးတယ်လို့
ယူဆပါတယ်။ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့လုပ်ရပ်အတွက် နောင်တမရခဲ့ဘူး။
တောင်းပန်မှုမပြုခဲ့ဘူးဆိုရင် အမှန်တရားရရှိတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်'
ဟု Weekly Eleven News Journal တာဝန်ခံ အယ်ဒီတာကိုဝေဖြိုးက ပြောပါသည်။
Source (Daily Mail)
1 comments:
Weekly Eleven News Journal တာဝန်ခံ အယ်ဒီတာကိုဝေဖြိုး ကိုပြောချင်တာပါ။ အခုကိစ္စက မြန်မာပြည်ကလက်ရှိအခြေနေနဲ. ဘယ်သူ မှားတယ်မှန်တယ် ဆုံးဖြတ်ဖို့မလွယ်ပါ၊ ဒါပေမယ့် အခုပြဿနာကြောင့် တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို ထိပါးတယ်လို့ သုံးသွားပါတယ်။ ကိုဝေဖြိုးက တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင် ဆိုတာကိုဘယ်လို နားလည်လို့လဲ။ ဒီကိစ္စလောက်နဲ့ ဒီလိုစကားလုံးကို သုံးတာ အယ်ဒီတာတစ်ယောက်အနေနဲ့ မဖြစ်သင့်ပါဘူး။ အခုကိစ္စက အညှီအဟောက် သတင်းသာဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဒီလို အညှီအဟောက်သတင်းစာတွေ၊ဂျာနယ်တွေ ဆိုတာ ရှိတယ်။ သူ့အဆင့်နဲ့သူပေါ့။ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုဒါ ဒီအညှီအဟောက်တွေရေးတာနဲ. မဆိုင်ဘူး ထင်တယ်။ တိုင်းပြည်ရဲ. ပထမ၊ဒုတိယနဲ.တတိယ မဏ္ဍိုင် တွေယိမ်းယိုင်လာတဲ့အခါ မှ စာနယ်ဇင်းသမား တွေဟာ (နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ) အသက်ကိုတောင်မငဲ့ကွက်ဘဲ စတုတ္ထမဏ္ဍိုင်ကို တည့်မတ်အောင်ကြိုးစာခဲ့ကြတယ်။ ကိုယ်နိုင်ငံ ကောင်းဖို့အတွက်ပေါ့။ ဒီမှာက ဒီလို စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုနိုင်တဲ့ သတင်း၊ဂျာနယ်မရှိသေးဘူးလို့ထင်ပါတယ်။ စားဝတ်နေရေးအတွက်တောင် လိုအပ်လာရင်ဖြတ်တောက်ရတဲ့သတင်း၊ ဂျာနယ်က ဘယ်လိုလုပ်စတုတ္ထမဏ္ဍိုင် ဖြစ်နိင်မှာလည်း။ အမှားပါရင်လည်း ခွင့်လွှတ်ပါ။
Post a Comment