
ရေဒီယိုရှိုးတခုပြုလုပ်စဉ်အတွင်း အာဂျင်တီးနားနည်းပြ မာရာဒိုနာက ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းကစားပွဲအဖြစ် တနင်္လာနေ့က ကနေဒါ လက်ရွေးစင်အသင်းကို (၅) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်တနေ့တွင် ခန့်မှန်းရခက်သည့် မာရာဒိုနာက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်းသည် တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အုပ်စု (ခ) ၌ ပါဝင်ပြီး ဇွန်လ (၁၂) ရက်နေ့တွင် အာဖရိကအသင်းဖြစ်သည့် နိုင်ဂျီးရီးယားအသင်းနှင့် အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် အုပ်စုတွင်း အခြားပြိုင်ဘက်များဖြစ်ကြသည့် ယူရို ၂၀၀၄ ချန်ပီယံ ဂရိ၊ ၂၀၀၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့် တောင်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မာရာဒိုနာ နည်းပြအဖြစ် ဆောင်ရွက်သည့် အာဂျင်တီးနားအသင်းသည် ခြေစစ်ပွဲကစားစဉ်အတွင်း အသည်းအသန် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးပိတ် ခြေစစ်ပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရကာ အုပ်စု စတုတ္ထနေရာမှ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲများတွင် ဘာစီလိုနာ၏ နာမည်ကျော် တိုက်စစ်မှူး လီယွန်နယ်လ်မက်ဆီကို အာဂျင်တီးနားအသင်း၌ ပါဝင်ကစားစေခဲ့သော်လည်း မာရာဒိုနာ၏ ကစားကွက်နှင့် အံဝင်ခွင်ကျမရှိသဖြင့် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

မာရာဒိုနာသည် မေလ (၁၉) ရက်နေ့တွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့် နောက်ဆုံးပိတ် လက်ရွေးစင် (၂၃) ဦး စာရင်းကို ထုတ်ပြန်ကြေညာခဲ့သော်လည်း အင်တာမီလန်အသင်းအား ဖလားသုံးလုံးရရှိအောင် ပူပူနွေးနွေး စွမ်းဆောင်ပေးခဲ့ကြသည့် အင်တာမီလန်အသင်းခေါင်းဆောင် ဂျေဗီယားဇနက်တီနှင့် ကွင်းလယ်လူ အက်စ်တီဘန်ကမ်ဘီယာဆိုတို့ကို ရွေးချယ်ခဲ့ခြင်းမရှိချေ။
သို့သော် အသက်အရွယ်ကြီးရင့်သည့် ဘောလုံးသမားများထဲမှ အက်စ်တူဒီယန်တီးစ် ကွင်းလယ်ကစားသမား ဟွမ်ဆီဘက်စ်ရှန်ဗီရွန် (၃၅) နှစ်နှင့် ဘိုကာဂျူနီယာအသင်း တိုက်စစ်မှူး မာတင်ပါလာမို (၃၆) နှစ်တို့ကိုမူ နောက်ဆုံး (၂၃) ဦး စာရင်းတွင် ရွေးချယ်ခဲ့သည်။
0 comments:
Post a Comment