
လာမည့်ဇွန်လအတွင်း တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အထိမ်းအမှတ်သီချင်းဖြစ်သော WAKA WAKA(Time For Africa) သီချင်းအား ဧပြီ လ ၂၉ ရက်နေ့က တောင်အာဖရိကနိုင်ငံတွင် ရေဒီယိုမှတစ်ဆင့် ထုတ် လွင့်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါသီချင်းအား ကိုလံဘီယာနွယ်ဖွား အဆိုတော်တစ်ဦးဖြစ်သူ ရှာကီယားက သီဆိုခဲ့ခြင်းဖြစ်သည်။ရှာကီယားနှင့်အတူ တောင်အာဖရိကနိုင်ငံ၏ နာမည်ကြီးတီးဝိုင်းဖြစ် သော Freshlyground အဖွဲ့မှ တီး ခတ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ သီချင်းအား ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ရှာကီယားကိုယ်တိုင် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ရှာကီယားက ယခုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိမ်းအမှတ်သီချင်းအား သီဆိုဖျော်ဖြေခွင့်ရရှိခဲ့သည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အလွန်စိတ်လှုပ်ရှားမိပါကြောင်း၊ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲဆိုသည်မှာ တစ်ကမ္ဘာလုံးအတွက် စိတ်လှုပ်ရှားစရာ စိတ်ဝင်တ စားစောင့်ကြည့်ရသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကြီးသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတရားတိုင်းကို စုစည်းဆက်နွှယ်ပေးသည့် အကြောင်းအရာဖြစ်ကြောင်း ယခုသီချင်း၏ အနက်အဓိပ္ပာယ်မှာလည်း ယင်းအကြောင်းအရာကို ဖော် ကျူးကြောင်း ပြောပြခဲ့သည်။
ထို့အပြင် ရှာကီယားနှင့်အတူ ပါဝင်တီးခတ်ပေးထားသော Freshlyground တီးဝိုင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇိုလာနီမာဟိုလာကလည်း ''ကျွန်တော်တို့ ရှာကီယားလို အဆိုတော်မျိုးနဲ့ တွဲဖက်သီဆိုရမယ် ဆိုတာ သိလိုက်ရတဲ့ အချိန်တုန်းက အပျော်လွန်ပြီး ခုန်ပေါက်နေမိကြပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သီဆိုဖျော်ဖြေခွင့်ရတဲ့အတွက်လည်း ပိုပြီးဝမ်းသာမိပါတယ်'' ဟု ပြောကြားသွားခဲ့သည်။
ရှာကီယား၏ WAKA WAKA သီချင်းအား ပြီးခဲ့သည့်ကြာသပတေးနေ့က ရေဒီယိုမှတစ်ဆင့် တောင်အာဖရိကနိုင်ငံတွင် ထုတ်လွှင့်ပေးခဲ့ရာ တောင်အာဖရိကနိုင်ငံဖွား အဆိုတော်တစ်ဦးထက် ကိုလံဘီယာနွယ်ဖွား အဆိုတော်တစ်ဦးအား သီဆိုခွင့်ပေးခဲ့သည့်အတွက် ဝေဖန်မှုများလည်းရှိနေကြောင်း သိရှိရသည်။
0 comments:
Post a Comment