Wednesday, May 19, 2010

ကွမ်းခြံကုန်း ဓားပြမှု လူ ၂ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာတွင် မေလ ၁၆ ရက်နေ့ညက ဓားပြများက သေနတ်ဖြင့် ပစ်ခတ်ကာ ဗုံးခွဲသဖြင့် လူ ၂ ဦး သေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရသွားကြောင်း ရဲနှင့် ဒေသခံများ အပြောအရ သိရသည်။
မင်းသက် | အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၃၅ မိနစ်

ဓားပြ ၅ ဦးက ည ၉ နာရီခွဲတွင် ရွာအရှေ့ခြမ်းရှိ ဒေါ်သိန်းမြင့် နေအိမ်သို့ ဝင်ရောက်လာပြီးနောက် ငွေတောင်းနေစဉ် တခြားကျေးရွာသားများ ဝိုင်းလာသဖြင့် သေနတ်ဖြင့် ပစ်၊ လက်ပစ်ဗုံးပစ်ခွဲကာ ထွက်ပြေးကြသည်။ ပစ်ခတ်မှုကြောင့် ကိုမိုးဝင်း (၂၆ နှစ်) နှင့် ကိုသန့်ဇော် (၂၃ နှစ်) တို့ ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရန်ကုန်တိုင်း ရဲရုံးက ပြောသည်။

ထို့အပြင် လူ ၆ ဦးမှာ ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကာ ကျန်လူနာ ၇ ဦးကို ကွမ်းခြံကုန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း ဆိုသည်။

အိမ်ရှင် ဒေါ်သိန်းမြင့်ကိုလည်း ဓားပြများက ရိုက်နှက်သဖြင့် ရရှိသော ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသနေရသည်။

”အချိန်က ည ၉ နာရီခွဲလောက် ရှိပြီ။ ရွာမှာ မီးစက်နဲ့ မီးပေးတယ်။ မီးငြိမ်းတဲ့ အချိန်က ည ၉ နာရီခွဲမှာ ငြိမ်းတာလေ။ အဲဒီအချိန်မှာ ဓားပြတွေ ဝင်လာတာတဲ့။ အစက ဓားပြလို့လည်း မသိဘူးတဲ့။ ဒီမှာက အဲဒီအလေ့လည်း မရှိတော့ ဒီလိုပဲနေကြတာ။ စာရင်းငှားတွေက အော်လိုက်တော့မှ ဓားပြတိုက်တယ်လို့ သိတာ” ဟု ကွမ်းခြံကုန်းမြို့နယ်နေ အုပ်ချုပ်ရေး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဓားပြများက အိမ်ရှင်ကို ရိုက်နှက်ကာ ငွေကျပ် ၁ဝ သိန်း တောင်းနေစဉ် ကြိုးတုပ်ခံထားရသော သူရင်းငှားက အော်ဟစ်၍ အကူအညီတောင်းမှုကြောင့် အိမ်နီးချင်းများက သိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓားပြ ၃ ဦးက တပ်မတော်ဝတ်စုံများ ဝတ်ဆင်ထားကြောင်း ဒေသခံများက ပြောကြားသော်လည်း ရဲက မှတ်ချက်ပေးရန် ငြင်းဆန်လိုက်သည်။

”အဲလိုဖြစ်နေချိန်မှာ စာရင်းငှား အော်သံကြောင့် ရွာက လူတွေက စုလာကြပြီး အိမ်ရှေ့ပိုင်းကို ဝိုင်းထားတယ်။ အိမ်ပေါ်ကို အောင်မိုးဝင်းနဲ့ သန့်ဇော်တို့က တက်တော့ အထဲက ဓားပြတွေက သေနတ်နဲ့ ပစ်တယ်။ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ရွာသားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ ည ၁၁ နာရီခန့်တွင် ဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

”နောက်ဖေးပေါက်က ဓားပြတွေ ထွက်ပြေးတယ်။ ရွာသားတွေက ဓာတ်မီးထိုးပြီး လိုက်ကြတော့ မီးအလင်းရောင်ရှိတဲ့ နေရာကို ဓားပြတွေက သေနတ်နဲ့ ပစ်တယ်။ လက်ပစ်ဗုံးနဲ့ ပစ်တယ်။ သေနတ် အချက် ၅ဝ လောက် ပစ်ဖောက်ကြပြီး ထွက်ပြေးသွားတယ်” ဟု ရွာသားက ထပ်ပြောသည်။

Mizzima News

0 comments: