Thursday, May 20, 2010

တတိယနိုင်ငံသွား တောလား (သို့မဟုတ်) တာကျိုး

မင်းဟန် | ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၀၄ မိနစ်
(က)
ကျနော်တို့အဖွဲ့မှ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) လျှောက်၍ တတိယနိုင်ငံသို့ ပထမဦးစွာ ထွက်သွားခဲ့ကြသည့်သူများနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာ မရှိသဖြင့် မည်သူတွေ ဖြစ်သည်ကို တိတိကျကျ မသိနိုင်…။ သို့သော်…။

ထွီးပါးဝီးကျိုး ထိုးစစ်ကာလနှင့် ထွီးပါးဝီးကျိုး စစ်ပြီးစကာလများတွင် ထွက်ခွာသွားခဲ့ကြသည့်သူများက အစောဆုံးဖြစ်ဖို့ များမည်။ အရေအတွက်အရမူ… မများလှ…။ KNU (ကရင်အမျိုးသား အစည်းအရုံး) အတွင်း DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော်) ပြဿနာ၊ မြစ်ဆုံအရေးအခင်း…၊ မာနယ်ပလော၏ နောက်ဆုံးနေ့များနှင့် မာနယ်ပလောအလွန် ကာလများတွင် … UNHCR လျှောက်၍ တတိယနိုင်ငံများဆီသို့ ထွက်ခွာခဲ့ကြသည့် အဖွဲ့ဝင်အရေအတွက်ကမူ … များ၏။ အဖွဲ့၏ အလယ်ပိုင်းတိုင်း ခမောက်တောင်စခန်းနှင့် ဗဟိုဌာနချုပ်မှ အဖွဲ့ဝင်များ ဖြစ်ကြ၏။

ထိုစဉ်က … အဖွဲ့အတွင်း UNHCR လျှောက်၍ တတိယနိုင်ငံတွင် သွားရောက်အခြေချနေထိုင်ခြင်းနှင့် ပတ်သက်၍ မူဝါဒသဘောထာက ပြတ်ပြတ်ရှင်းရှင်း …

“UNHCR လျှောက်၍ တတိယနိုင်ငံသို့ ထွက်ခွာခြင်းသည် … တော်လှန်ရေးအား စွန့်ခွာခြင်း ဖြစ်၏။ အဖွဲ့အစည်းအကျိုးနှင့် မိမိအကျိုးတွင် မိမိအကျိုးအား ကြည့်ခြင်း ဖြစ်၏။ ရန်သူ့ထံလက်နက်ချခြင်း …. တမျိုးသာ ဖြစ်၏။ ဤအတွက် … UNHCR လျှောက်သည်ဆိုပါက အဖွဲ့မှ ထိုသူအား ထုတ်ပယ်ပြီး ဖြစ်သည်”

(ခ)
ထိုကာလများက … UNHCR ၏ မြန်မာဌာနခွဲသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင်သာ ရှိ၏။ ထိုင်းနယ်စပ် မြို့လေးများတွင် မရှိ…။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကြီးများတွင် ရှိကြသည့် ဒုက္ခသည်များသည်လည်း တတိယနိုင်ငံသို့ ထွက်ခွာနိုင်သည့် အခြေအနေတွင် မရှိ…။ ဤအတွက်… တတိယနိုင်ငံသို့ ထွက်ခွာလိုပါက … ဘန်ကောက်သို့တက်ပြီး UNHCR လျှောက်ကြရ၏။ ဘန်ကောက်ခရီးက မလွယ်…။ အဖမ်းအဆီးကြမ်း၏။ ခက်ခက်ခဲခဲနှင့် သွားကြရသည့် ခရီးဖြစ်သည်။ အချို့က … အဖမ်းအဆီးခံရပြီး၊ နယ်စပ်သို့ ပြန်ပို့၍ နယ်စပ်တွင်ပင် သောင်တင်နေကြသည်လည်း ရှိ၏။

ထိုစဉ်ကမူ … UNHCR လျှောက်၍ တတိယနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေသည့် သူများက … သိက္ခာပုဒ်နှင့်မညီ၍ သင်္ဃန်းချွတ်ခံထားရသည့် ရဟန်းများပမာ…။ ‘စည်း’ တခု ခြားသွားသကဲ့သို့… ခံစားကြရသည်ဟု ထင်မိ၏။ ထားတော့…။

(ဂ)
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်မူ … UNHCR ရုံးခွဲအား ထိုင်းနိုင်ငံ မဲဆောက်တွင် ဖွင့်လာခဲ့၏။ UNHCR လျှောက်လိုသူတို့ ဘန်ကောက်အထိ ခဲရာခဲဆစ် တက်စရာမလိုတော့…။ UNHCR ၏ ဝန်ဆောင်မှုအသစ်က … လူရည်လည်သော မဲဆောက်ဈေးသူဈေးသားအချို့နှင့် မြဝတ်ီရှိ နားကြီး၊ မျက်စိကြီးတို့အတွက် UNHCR ၏ ဝန်ထမ်းအချို့၏ကောင်းမှုကြောင့် ရွှေလမ်း၊ ငွေလမ်းပွင့်စေခဲ့၏။ UNHCR မှ မြန်မာဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရလျှင် … ငွေကြေးထောက်ပံ့၏။ အသိအမှတ်ပြုခံရသူအား ထိုင်းဘတ်ငွေ ၁၆ဝဝ နှင့် မိသားစုဝင်များကိုက တဦးလျှင် ၈ဝဝ နှုန်း ထောက်ပံ့၏။ မိသားစုများလျှင် … ဝင်ငွေကောင်းကြ၏။ ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခဲ့လျှင်လည်း မဲဆောက် UNHCR သည် အချုပ်အတွင်းမှ လိုက်လံ၍ထုတ်ပေး၏။

၁၉၉ဝ ပြည့်လွန် ကာလများမှာကဲ့သို့ …. ဒုက္ခသည်ရွှေခေတ် မဟုတ်သော်လည်း UNHCR မိုးက… ကောင်းဆဲ။ ၁၉၉ဝ ပြည့်လွန် ကာလများတွင်က … အသိအမှတ်ပြုခံရသည့် မြန်မာဒုက္ခသည်တဦးအား ထိုင်းဘတ်ငွေ ၃၅ဝဝ အထိ ထောက်ပံ့၏။ A.T.M ကဒ်နှင့် ရောက်ရာအရပ်မှ လစဉ်ထောက်ပံ့ငွေအား ထုတ်ယူနိုင်သည်။ ဤအတွက်ကြောင့်ပင် … ဘန်ကောက်ရှိ ရှိုးဂျော့များ၊ သင်္ဘောပျက်များ၊ ‘တောင်ကျော်’ များလည်း UNHCR လျှောက်ရာတွင် …. စစ်အုပ်စုအား ပုန်ကန်ဆန့်ကျင်၍ မြန်မာနိုင်ငံသို့ ပြန်မရသည့် နိုင်ငံမဲ့များအဖြစ်၊ ကိုယ်ရေးရာဇဝင်အား လိမ်ညာ၍ ရေးကြ၏။ အထောက်အထား မှတ်တမ်းဓာတ်ပုံများရရန် … ဘန်ကောက်နှင့် အနီးဆုံးဖြစ်သည့် … ဘုရားသုံးဆူ … ဟလော့ခနီ ဒုက္ခသည်စခန်းများသို့ ဆင်း၍ … ဝါးရုံပင်အောက်၌ ပြောက်ကျား စစ်ယူနီဖောင်းများ ဝတ်ဆင်ကြပြီး ဓာတ်ပုံရိုက်ကြ၏။ သာကီနွယ်တို့၏ ရွှေဥာဏ်တော်က ထက်မြက်လှ၏။

(ဃ)
ဗဟိုစည်းရုံးရေးကာလ … အမြုတေသက်တမ်း ကုန်လွန်ပြီးသည့်နောက်တွင် … အဖွဲ့အစည်းအား ညီလာခံစနစ်နှင့် အဖွဲ့၏ ရှေ့ခရီးအား ဆက်ခဲ့ကြ၏။ ပုံမှန်ကျင်းပသည့် ညီလာခံသဘင်များတွင်က … နိုင်ငံရေးအခြေအနေ အရပ်ရပ်အား သုံးသပ်၍ …. နိုင်ငံရေးလမ်းစဉ်အား ချ၏။ ရှေ့လုပ်ငန်းစဉ်အား ရေးဆွဲ၏။ အဖွဲ့အတွင်း လိုအပ်သည့် စည်းမျဉ်း၊ ဥပဒေများအား ပြဋ္ဌာန်း၏။ ပြီးလျှင် …. ခေါင်းဆောင်မှုသစ်အား ရွေးချယ်၍ တာဝန်ပေးအပ်၏။

ကျနော်တို့အဖွဲ့၏ တတိယအကြိမ်မြောက် ညီလာခံသဘင်၏ သက်တမ်းက …. ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ဖြစ်သည်။ ထိုကာလအတွင်း …. အထူးပြု၍ ဆောင်ရွက်ခဲ့သည်က … ‘အဖွဲ့အစည်း တည်ဆောက်ရေး’ ဖြစ်သည်။ တည်ဆောက်ရေးက …. ယိုယွင်းယိမ်းယိုင်လာနေသည့် အတွေးအခေါ်များအား ရိုက်ချိုး၍ သန့်စင်လျော်ဖွတ်ပစ်ရေး ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်၊ လက်နက်ကိုင် တော်လှန်ရေးနယ်မြေသို့ အိမ်မှ ထွက်ခွာလာခဲ့စဉ်က တည်ရှိခဲ့သည့် စိတ်ဓာတ်များအား ပြန်လည်၍ မွေးဖွားပေးမည့် တည်ဆောက်ရေး…၊ ပြန်လည်၍ ရှင်သန်ထမြောက်စေမည့် တည်ဆောက်ရေး ဖြစ်သည်။

ဤအတွက် …. မြန်မာနိုင်ငံ အတွင်းပိုင်းရှိ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) တပ်ရင်းတခုအနီးတွင် စခန်းတည်ဆောက်၍ အဖွဲ့ဝင်များအားလုံးကို ၆ လ စခန်းသွင်း၏။ နိုင်ငံရေး၊ စည်းရုံးရေး၊ သဘောတရားရေး သင်တန်းများပေး၏။ အမိန့်နာခံမှု၊ စည်းကမ်းရှိမှု၊ စုဖွဲ့၍ လုပ်ကိုင်ဆောင်ရွက်နိုင်မှုတို့အတွက် …. သင်တန်းတွင် အခြေခံစစ်ပညာကိုလည်း ပို့ချရ၏။ သင်တန်းစခန်းနေရာက … ရန်သူ၏ ‘မောခီး’ စခန်းအား မြင်နေရသည့် အကွာအဝေးတွင်ဖြစ်၍ …. သင်တန်းသားများအားလုံး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြရ၏။ ညပိုင်းတွင် ရန်သူလာနိုင်မည့် လမ်းများတွင် မိုင်းခင်းရ၏။ ကင်းစောင့်ရ၏။ လိုအပ်လျှင် … ကင်းရှည်လှည့်ရ၏။

ဤတွင် … အမတ်မင်းအချို့က … ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲလမ်းစဉ်နဲ့ လွဲနေပြီ…’၊ ‘တပ်ဖွဲ့ပြီး စစ်တိုက်ဖို့ လုပ်နေပြီ ….’ စသည့်ဖြင့် အမှောင်အတွင်းမှ ခဲနှင့် ပစ်ကြ၏။ သူတို့၏ ခါးပေါင်စအတွင်း၌က … UNHCR မှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်ဖြစ်ကြောင်း စာရွက်စာတမ်းများ၊ သြစတြေးလျနိုင်ငံ၏ အသိအမှတ်ပြု လက်ခံထားသည့် Permanent Residence များနှင့် …။

အမှောင်အတွင်းမှ ခဲသံများနှင့်အတူ … အဖွဲ့ဝင်အချို့က … တတိယနိုင်ငံထွက်ဖို့တော့ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံအတွင်း လုံခြုံရေးအရ … UNHCR လျှောက်ထားသင့်သည်ဟူသည့် လက်သိပ်ထိုး စကားသံများကိုလည်း ကြားလာရ၏။ ကျယ်ကျယ်လောင်လောင် … ဆူဆူပွတ်ပွတ်က မဟုတ်သေး…။

(င)
၂ဝဝ၃ ခုနှစ် ဒီပဲယင်းအကြမ်းဖက်မှုကြီးအပြီးတွင် … ဒီပဲယင်းသူရဲကောင်းတို့ လွတ်မြောက်နယ်မြေသို့ ထွက်ခွာလာခဲ့ကြ၏။ လွတ်မြောက်နယ်မြေဟူသည်ကား … မဲဆောက် …။ မဲဆောက်ရှိ ကြယ်ဖြူကြီးနှင့် ခွပ်ဒေါင်းအလံတော်၏ အရိပ်၌ အမောအပန်းဖြေကြ၏။ ချွေးတိတ်သည်နှင့် UNHCR ၏အစီအစဉ်နှင့် ကိုလံဗက်တွေ့ရှိခဲ့ရာ အရပ်ဆီသို့ ခရီးဆက်ကြ၏။ ကျည်ရွာ၊ မဲဆောက်၊ ဝါရှင်တန် ခရီးစဉ်က … ခရီးသွားများနှင့် ခြေချင်းလိမ်နေ၏။

ယခင်က .. အဖွဲ့အတွင်း လုံခြုံရေးအရ UNHCR လျှောက်ထားသင့်သည်ဟူသည့် လက်သိပ်ထိုး စကားသံများသည်လည်း … ဗဟိုကော်မတီစားပွဲပေါ်သို့ ရောက်လာ၏။ ညီလာခံသဘင်ဆီသို့ တတ်လာခဲ့တော့၏။ ရေများရေ…မီးများမီးနှင့် ဒီမိုကရေစီသည် တဒင်္ဂငယ်အတွင်း၌ အပျိုရည်ယွင်းခဲ့ရ၏။ ရန်ကုန်၊ မဲဆောက်၊ ဝါရှင်တန် လမ်းက ပွင့်၍နေသည်။ အဖွဲ့ဝင်များ မဲဆောက်သို့ ထွက်လာကြ၏။ ပြီးလျှင်… မဲဆောက်မှ ထွက်သွားကြ၏။ တံတားအောက်မှ စီးဆင်းနေသည့် ရေအလျင်အလား…။

အဖွဲ့အစည်း တည်ဆောက်ရေးဟူသည်က .. ပင်လယ်ရှာမတွေ့သည့် မြစ်တစင်းပမာ …။

0 comments: