Friday, May 28, 2010

 မြန်မာတစ်နိုင်ငံလုံးသို့ ဆေးဝါးဖြန့်ချိမှု၏ ရာခိုင်နှုန်း ထက်ဝက်ကျော်သည် မင်္ဂလာဈေးမှ ဖြစ်သောကြောင့် ဆေးဈေးကွက်တွင် သက်ရောက်မှုရှိနိုင်

မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသော ဆေးဝါးများ၏ ရာခိုင်နှုန်း ထက်ဝက်ကျော်သည် မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှဖြစ်သောကြောင့် ဆေးဝါးဈေးကွက်အတွင်း သက်ရောက်မှုရှိလာနိုင်ကြောင်း လက်လီလက်ကား ဆေးရောင်းချသူများ၊ ၀ယ်ယူတင်သွင်းသည့် ဆေးကုမ္ပဏီ အချို့ထံမှ သိရှိရသည်။


မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂလာဈေးစတုတ္ထထပ်၌ အထွေထွေရောဂါကု သောက်ဆေးများ၊ ထိုးဆေးများ အပါအ၀င် HIV နှင့် သက်ဆိုင်သည့် ဆေးများ၊ ကင်ဆာရောဂါအမျိုးမျိုး ကုသသည့်ဆေးများ၊ အသည်း၊ နှလုံး၊ ဆီးချို၊ သွေးတိုးစသည့် နာတာရှည်ရောဂါ ကုဆေးများစသည့် တန်ဖိုးမြင့်ဆေးဝါးများနှင့် ရှားပါး ဆေးဝါးများ အများအပြားရောင်းချ လျက်ရှိကြောင်း သိရှိရသည်။


''ဒီနေ့ပဲ မင်္ဂလာဈေး မီးလောင် တယ်။ ညနေပိုင်းမှာ ဆေးဆိုင်တွေက ဆေးဈေးကို တက်လိုက်တယ်။ အစ က၀ယ်နေကျ Vitamin-E တစ်ကတ် ကို ကျပ် ၅၀၀ နဲ့ ရပေမယ့် အဲဒီနေ့မှာ ကျပ် ၈၀၀ ဖြစ်သွားတယ်။ ဆိုင်ကဆေးကို ၀ယ်သာထား၊ နောက်ပိုင်း ဆေးဈေးတက်လိမ့်မယ်တဲ့။ ပြောသာပြောတာ ဆေးဈေးက တင်ပြီးရောင်းထားတာပါ။ ဒီဆေးက ဘာမှသိပ်အရေးမကြီးဘူး။ အဓိက အရေးကြီးတဲ့ ဆေးတွေကျဆေးပြတ်နေလို့ ပြောပြီး အများကြီး ဈေးတင်ရောင်းချင်တယ်။ စားသုံးသူအတွက် အများကြီး ထိခိုက်နိုင်ပါတယ်''ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။


ယခုအခါ မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဈေးစတုတ္ထထပ်ရှိ ပစ္စည်းများသည် လုံးဝပျက်စီးသွားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့ရာ တန်ဖိုးကြီးရှားပါး ဆေးဝါးများ ပါသွားခဲ့ကြောင်း၊ ဆေးဝါးအမျိုးမျိုး တင်သွင်းဖြန့်ချိနေသည့် ပင်ရင်းကုမ္ပဏီများ၏ အရောင်းဆိုင်များ၊ ဂိုဒေါင်များ မှပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း မင်္ဂလာဈေးရှိ ဆေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


''မြန်မာတစ်နိုင်ငံလုံး ဆေးဝါးရောင်းချမှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်က မင်္ဂလာဈေးကြီးအတွင်းမှာ ရောင်းဝယ် ဖောက်ကား ဖြန့်ချိနေတာ ဖြစ်ပါတယ်။ အဓိကထိခိုက်သွားတဲ့အချက်က မင်္ဂလာဈေးကြီးရဲ့အပေါ်ဆုံးထပ်မှာ ဂိုဒေါင် ၄၇ လုံးရှိတယ်။ အဲဒီဂိုဒေါင် တွေမှာ ဆေးတွေအများကြီး သိုလှောင်ထားပါတယ်။ အခုမီးလောင်ကျွမ်းမှုကြောင့် အဲဒီဂိုဒေါင်တွေအားလုံး ပျက်စီးသွားပါတယ်။ အဲဒီတော့ ဆေးအများစုဆုံးရှုံးပါတယ်။ အဓိက သက်ရောက်မှုအနေနဲ့ကတော့ လက်ကားဈေးကွက်ကို သက်ရောက်မှာ ဖြစ်ပါတယ်။ နယ်လက်ခွဲတွေက ဒီလိုဖြစ်သွားတဲ့အတွက် ဆေးဈေး နှုန်းတွေမြင့်တက်ပြီး မရောင်းချအောင်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်'' ဟု မင်္ဂလာဈေးတွင် ဆေးပစ္စည်း လက်ကားရောင်းချသည့် ဒေါက်တာ စောလှထွန်းက ပြောကြားခဲ့သည်။



မင်္ဂလာဈေး သွေးလှူရှင်များ အဖွဲ့မှအဖွဲ့သားတစ်ဦးက ''ဒီဈေး မှာရောင်းချနေတဲ့တချို့ကင်ဆာ ထိုးဆေးတွေဆိုရင် ဆေးတစ်လုံးတည်းနဲ့ ကျပ်သိန်းဂဏန်းအထိ တန်ဖိုးရှိတဲ့ဆေး တွေဖြစ်ပါတယ်''ဟုပြောပြခဲ့သည်။


''ရန်ကုန်မြို့မှာဆေးအများဆုံး ရောင်းတာကတော့ မင်္ဂလာဈေးနဲ့ ဗိုလ်ချုပ်ဈေးသစ်မှာ အများဆုံး ရောင်းတယ်။ အခု သတင်းထွက်နေ တာကတော့ မင်္ဂလာဈေးမှာရှိတဲ့ ဆေးဟာ ရန်ကုန်မြို့ဆေးဈေးကွက် ရဲ့ ၇၀ ရာခိုင်နှုန်းသောဆေးတွေ အဲဒီမှာ အရောင်းအ၀ယ် လုပ်တယ် လို့ သတင်းထွက်နေတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ ပစ္စည်းတွေက မူလတင်သွင်းတဲ့ ကုမ္ပဏီ တွေ၊ ဂိုထောင်တွေထဲမှာပဲ အများစု က ထားတာပါ။ ဆိုင်ပေါ်မှာ တင် ထားတာ နည်းပါတယ်။ ကျွန်တော် သိရသလောက် ကုမ္ပဏီတွေက အခု လက်ရှိအချိန်အထိ ဈေးမတက်သေး ပါဘူး။ လက်လီဈေးကွက်မှာ တက် သွားတာ ဖြစ်နိုင်ပါလိမ့်မယ်''ဟု ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောပြခဲ့သည်။


ယင်းကဲ့သို့ အခြေအနေများ အပေါ် မြန်မာနိုင်ငံဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင် များအသင်းအနေဖြင့် မည်သို့ ပြုလုပ်ပေးမည့် အစီအစဉ်များအား မေးမြန်း စုံစမ်းကြည့်ရာ သတင်းမီဒီယာများ အား နောက်ပိုင်းတွင် သီးသန့်ခေါ်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။


''မှန်မှန်ကန်ကန် အနေအထား မျိုးမှာတော့ ဈေးကွက်အပေါ် သိပ်ထိခိုက်မှု မရှိနိုင်ပါဘူး။ ဒါပေမယ့် လူတွေမှာကလှုပ်လှုပ်၊ လှုပ်လှုပ်ဆိုရင် ဈေးတက်ချင်တဲ့ inflation psychology ရှိနေတော့ ဒါကို အခွင့်ကောင်းယူပြီးတော့ တက်နိုင်တယ်။ ဒါပေမယ့် ဆေးအသင်းမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ဒီပြဿနာအပေါ် မှာ အမြန်ဆုံး တာဝန်ယူဆောင်ရွက် ရမှာပါ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီတွေမှာတော့ ဆေးလက်ကျန်တွေ အများကြီးရှိနိုင်ပါတယ်။ ဆေးအသင်းက ဒီကိစ္စအပေါ်မှာ လေးလေးနက်နက် ကိုင်တွယ်ရင်တော့ ဈေးနှုန်းတက်ခဲ့ ရင်လည်း အခိုက်အတန့်ပဲဖြစ်မှာပါ''ဟု ဆရာဝန်တစ်ဦးက ပြောပြခဲ့သည်။


မင်္ဂလာဈေး ပြန်လည်ထူထောင်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ''ဒီလိုမီးလောင်မှုကြောင့် ပစ္စည်းတန်ဖိုးကျပ်ဘီလျံနဲ့ချီပြီး ဆုံးရှုံးသွားတယ်။ ဒီလိုဖြစ်တာ ပြည်သူတွေကိုပဲ သက်ရောက်မှာဖြစ်တယ်။ ဆေးဝါးဈေးကွက်မှာ သွားပြီးသက်ရောက်မှု ရှိနိုင်ပါတယ်။ H1N1 တုန်းက Mask တွေ ဈေးတက်သလို ဆေးတွေ မီးလောင်ကုန်တာကြောင့် နယ်လက်ခွဲတွေမှာ ဈေးတက်တာမျိုးတွေ ရှိနိုင်တယ်။ ဒီလိုမဖြစ်အောင် ကာကွယ်သွားဖို့ ရှိပါတယ်''ဟု မေလ ၂၅ ရက်နေ့က မင်္ဂလာဈေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံသည့်ပွဲတွင် ပြောကြားခဲ့သည်။



weeklyeleven မှကူးယူဖေါ်ပြပါသည်။

0 comments: