Saturday, May 22, 2010

လက်ဖက်အထွက်နည်း၍ ပလောင်လူငယ်များ တရုတ်ပြည်ကူး၍ အလုပ်လုပ်ကိုင်


ပလောင်တိုင်းရင်းသား အဓိကနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း နန်ဆန်နှင့် မန်တုံမြို့နယ်တွင် ရာသီဥတုကြောင့် ယခုနှစ် လက်ဖက်အထွက်နည်းသဖြင့် ဒေသခံလူငယ်များ စားဝတ်နေရေး ကျပ်တည်းကာ တရုတ်ပြည်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

နှစ်စဉ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှစ၍ အနည်းဆုံး တလကြာ ရွှေဖီလက်ဖက်ခူး ကာလကိုမှီပြီး ဒေသခံ ပလောင်လူငယ်များ အလုပ်ရကာ ဝင်ငွေကောင်းခဲ့သော်လည်း ယခုနှစ်တွင် လက်ဖက်အထွက် နည်းသောကြောင့် ရက်ပိုင်းမျှသာ အလုပ်လုပ်နိုင်ခဲ့သည်ဟု နန်ဆန်မြို့နယ်၊ မန်ခိုက်ကျေးရွာသူတဦးက ပြောသည်။

၎င်းက “လက်ဖက်ခူးရင် လက်ဖက်ခြံပိုင်ရှင်နဲ့ ကျမတို့က တဝက်စီရတယ်။ ဒီနှစ် ရွှေဖီချိန်မှာ (၁ဝ) ရက်လောက်နဲ့ ပြီးသွားတယ်။ လက်ဖက်က တော်တော်ကို နည်းတာ။ ရာသီဥတုကြောင့် အထွက်မကောင်းဘူး။ တယောက်မှ (၃ဝ,ဝဝဝ) ကျပ် လောက်ပဲရတယ်။ အရင်နှစ်တွေဆို အနည်းဆုံး ကျပ် (၁) သိန်းခွဲ၊ (၂) သိန်းရတယ်။ အခု လက်ဖက်ခြံမှာ မြက်ရှင်းတော့လည်း တနေ့ ကျပ် (၁,၅ဝဝ) ပဲ ရတယ်ဆိုတော့ မိသားစု စားဖို့အတွက် မလောက်ငလို့ ဒီတရုတ်ပြည် ကျယ်ဂေါင်မှာ အိမ်ဖော်အလုပ် လာလုပ်နေရတာ” ဟု ပြောသည်။

နန်ဆန်မြို့နယ်၊ မန်တုံမြို့နယ်တို့မှ တရုတ်ပြည်ဘက် အလုပ်လာလုပ်သူများမှာ အသက် (၂ဝ) ဝန်းကျင် လူငယ်အများဆုံးဖြစ်ပြီး မိန်းကလေး ပိုများသည်ဟု တရုတ်နယ်စပ်ရှိ အင်ကျင်းကျောက် အရောင်တင်လုပ်ငန်းတွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသူ နန်ဆန်မြို့နယ်၊ မိုးဂဲလ်ရွာသားတဦးက ပြောသည်။

၎င်းက “နမ်းခမ်းက ပလောင်တွေကျတော့ တရုတ်နဲ့လည်း နီးတော့ အရင်ကတည်းက သွားသွားလာလာရှိပြီး အလုပ် လုပ်တာတွေရှိတယ်။ နန်ဆန်နဲ့ မန်တုံကျတော့ ဒီနှစ်မှ ထွက်လုပ်ကြတာ။ ရွာပိုင်းက ပိုများတယ်။ မိန်းကလေး ပိုများတယ်။ ဒီနှစ် လက်ဖက်က မကောင်းတော့ တနယ်လုံးနီးပါးပဲ အပြင်ထွက် အလုပ်လုပ်ရတာ” ဟု ပြောသည်။

ဒေသအတွင်း မိသားစု ရပ်တည်ရေးခက်ခဲသဖြင့် ဝင်ငွေ အတော်အတင့်ကောင်းသည့် တရုတ်ပြည်ဘက်တွင် အလုပ်လာလုပ်ပြီး ရွာရှိ မိသားစုထံသို့ ငွေကြေး ထောက်ပံ့ပေးနေရကြောင်း ပလောင်လူငယ်တဦးက ပြောသည်။

၎င်းက “ရှမ်းပြည်မြောက်ပိုင်းမှာ မြို့ပေါ်တက်ပြီး ဈေးဆိုင်တွေမှာ အလုပ်လုပ်တာလည်းရှိတယ်။ ပန်းရန်လုပ်တာလည်း ရှိတယ်။ ဒါပေမယ့် ပန်းရန်နေ့စားလုပ်တာတောင် ကျပ် (၃,ဝဝဝ) ပဲရတယ်။ အလုပ်ကလည်း ပုံမှန်မရှိဘူး။ ဒီမှာကျတော့ စရိတ်ငြိမ်း တရုတ်ငွေ အနည်းဆုံးလစာ (၄ဝဝ၊ ၅ဝဝ) ယွမ်ရတယ်။ မြန်မာငွေ (၆ဝ,ဝဝဝ) လောက်ရတော့ အိမ်ကို ပြန်ပို့နိုင်တယ်။ ကိုယ့်အဆက်သွယ်နဲ့ကိုယ် ရွာကလူ ပြန်ခေါ် အလုပ်ရှာပေးနဲ့ဆိုတော့ အဆင်ပြေကြပါတယ်။ တရုတ်စကားမတတ်တော့ နည်းနည်းအခက်ခဲရှိတယ်။ ကိုယ့်အလုပ်သမား အချင်းချင်းကပဲ ဘာသာပြန်ပေးတာပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တရုတ်ပြည်ဘက်ခြမ်း မြို့ရွာများတွင် ပန်းရန်လုပ်ငန်း၊ အင်ကျင်းကျောက်သွေး အရောင်တင်လုပ်ငန်း၊ ကားရေဆေးလုပ်ငန်း၊ အိမ်ဖော်နှင့် စားသောက်ဆိုင်များတွင် အလုပ်သမားအဖြစ် ဝင်လုပ်နေကြသည့် မြန်မာနိုင်ငံသား ထောင်နှင့်ချီရှိနေချိန်တွင် ယခုနှစ်၌ ပလောင်လူငယ်များလည်း လာရောက် အလုပ်လာလုပ်ခြင်းလည်း ဖြစ်သည်။
ခေတ်ပြိုင်

0 comments: