Wednesday, May 26, 2010

Slipknot အဖွဲ့မှ Bass ဂစ်တာသမားပေါလ်ဂရေး သေဆုံး


ဂရမ်မီဆုရ နာမည်ကျော် ဂီတအဖွဲ့ Slipknotမှ Bassဂစ်တာသမား ပေါလ်ဂရေးအား မေလ(၂၄)ရက်နေ့က Iowaဟိုတယ်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ သို့သော်လည်း အသက်(၃၈)နှစ်အရွယ် ဂရေးသေဆုံးမှုတွင် အကြမ်းဖက် တိုက်ခိုက်မှု၊ ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်မှုများအတွက် မသင်္ကာစရာ အခြေအနေမျိုး မတွေ့ရဘဲ သမားရိုးကျ သေဆုံးခြင်းသာ ဖြစ်နိုင်ကြောင်း ရဲများက ပြောကြားသွားသည်။ သေဆုံးရခြင်း အဓိက အကြောင်းရင်းကို သိရှိရန် မေလ(၂၅)ရက်နေ့၌ ရင်ခွဲစစ်ဆေးမှု ပြုလုပ်မည်ဟုလည်း သိရှိရသည်။ “ဂရေးဟာ တကယ့်ကို ထူးချွန်တဲ့ ဂစ်တာသမားပါ။ သူဟာ အနုပညာသမား တစ်ယောက်အနေနဲ့ မဟုတ်ရင်တောင် အရမ်းကို လေးစားသင့်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူကွယ်လွန်သွားတဲ့အတွက် လူတွေအများကြီး လွမ်းဆွတ်နေရမှာပါ။ အဲဒီထဲမှာ ကျွန်တော်လည်း အပါအ၀င်ပေါ့”ဟု Papa Rochအဖွဲ့မှ ဦးဆောင်အဆိုတော် ဂျာကိုဘီ ရှက်ဒစ်က ၀မ်းပန်းတနည်း ပြောကြားခဲ့သည်။

Slipknot

“သူ့ဝိဥာဉ်ဟာ သူဖန်တီးခဲ့တဲ့ သီချင်းတွေနဲ့အတူ ဆက်ပြီးရှင်သန်နေမယ်လို့ ယုံကြည်ပါတယ်”ဟုလည်း ဂျာကိုဘီကဆိုသည်။ အမှောင်လွှမ်းသော သီချင်းစာသားများဖြင့် ဂီတလောကကို (၁၉၉၉)ခုနှစ်က စတင်ထိုးဖောက်လာသည့် Slipknotသည် ကမ္ဘာတစ်ဝှမ်းသို့ ကော်ပီချပ်ရေ (၂)သန်းမျှ ဖြန့်ကျက်ရောင်းချထားပြီးဖြစ်သည်။ အဖွဲ့ဝင် အများစုသည် ဒက်စ်မွိုင်နက်စ် ဒေသမှ ဖြစ်ကြပြီး လူသိများသော Rockဂီတအဖွဲ့ တစ်ခုအဖြစ် အောင်မြင်နေဆဲဖြစ်သည်။ Slipknot၏ Recordingကုမ္ပဏီဖြစ်သည့် Roadrunnerမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး အေမီဆီရက်တိုက ဂရေးသေဆုံးခြင်းအား အတည်ပြုခဲ့သော်လည်း နောက်ထပ်မှတ်ချက် တစုံတရာ မပေးခဲ့ပေ။ “ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဂရေးဟာ လူသားတွေထဲမှာ အံ့ဩစရာအကောင်းဆုံးလို့ သတ်မှတ်ရမယ့်သူမျိုးပါ”ဟု ဒက်စ်မွိုင်နက်စ်ရှိ Rock Stationတစ်ုခဖြစ်သည့် Lazer 103.3မှ အန်ဒီဟောလ်က မှတ်ချက်ပြုခဲ့သည်။ Slipknotသည် (၁၉၉၀)ပြည့်လယ်နှစ်များက စတင်အခြေတည်ခဲ့ပြီး Heavy Metalနှင့် မာန်ဖီဟိန်းဟောက်မှု၊ Rapစာသားများ ရွတ်ဆိုမှုနှင့် သီချင်းသီဆိုမှုများကို ရောမွှေထားသော ဂီတအမျိုးအစားဖြင့် အောင်မြင်လာခဲ့သည်။ ယင်းအဖွဲ့သည် (၂၀၀၆)ခုနှစ်က Before I Forgetသီချင်းဖြင့် အကောင်းဆုံး Metal Performance ဂရမ်မီဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

0 comments: