Monday, May 31, 2010

ခွေးနှင့်သမ္မတများ

Free Image Hosting

ငမောင်တို့လူမျိုးက ခွေးမွေးလေ့ ရှိပေမယ့် ခွေးချစ်တတ်တယ်လို့ ပြောဖြစ်လောက်တဲ့ အလေ့မရှိခဲ့ပါဘူး။ ခုအခါ ခွေးချစ်တတ်တယ်ဆိုသူ၊ ခွေးကို တန်ဖိုးကြီးပေးဝယ်ပြီး တခုတ်တရ ယုယပိုက်ထွေး မွေးကြတာတော့ ရှိသပေါ့။ အနို့ပေမယ့် ဒါဟာ ဥစ္စာဓန ကြွယ်ဝသူတွေရဲ့ ဓနဂုဏ်ပြ ခွေးပကာသန ခွေးဂုဏ်တည်တဲ့ ကိစ္စလို့ ငမောင်ကဆိုချင်ပါတယ်။ ဥစ္စာဓန ပြိုင်ဆိုင်မှုရဲ့ အမှတ်သင်္ကေတအဖြစ် ခွေးပြိုင်၊ ခွေးအချစ်ပြိုင်ကြတာပါ။ ဒါလောက်နဲ့တော့ မြန်မာလူမျိုးဟာ ခွေးချစ်တတ်တဲ့လူမျိုးလို့ မဆိုနိုင်ပါဘူး။ မချစ်တတ်ရုံမျှမက ခွေးကို အိမ်မွေးတိရစ္ဆာန်ထဲမှာ အနိမ့်ကျဆုံး၊ အယုတ်အညံ့ဆုံးလို့ အယူအဆရှိကြ ပါတယ်။ တစ်ယောက်ကို ခွေးနဲ့နှိုင်းလျှင် မခံချိအောင်နာတတ်ပါတယ်။ တိရစ္ဆာန်တွေထဲမှာ မစင်ကို နှစ်နှစ်ခြိုက်ခြိုက်စားတာ ခွေးပါပဲ။ ဆရာကြီး ဇင်အောင်ကတော့ ခွေးထောပတ်လို့ တစ်ခါက ရှုမဝမဂ္ဂဇင်းပါ ခွေး ဝတ္ထုမှာရေးသဗျ။ မစားနိုင်ဦးတော့ နမ်းရှူလိုက်ရမှတဲ့။ နို့မို့ဆို ခွေးခေါင်း ကိုက်သတဲ့။ ငမောင် မင်းဟာလေ ရုပ်ကသာမလှတယ်။ ညစ်တီးညစ်ပတ် ရွံစရာလဲ ပြောတတ်သေးဆို သော်ပေါ့။ အဲသဟာ ငမောင့်မူရင်း အော်ရီဂျင်နယ်မဟုတ်ရပါဘူး။ ငမောင်က Retold လုပ်တာပါ။ မူရင်းက ဗုဒ္ဓသာသနာတော်မှာ ဗုဒ် လေးဗုဒ်အဝင်ပါ ဖြစ်တော်မူတဲ့ ဆရာတော် ဦးဗုဒ်ရေးတဲ့ ခွေးကျင့်လင်္ကာပါနော။ ဖဲကတ္တီပါနဲ့ ဆိုဖာထက် စက်တော်ခေါ် သိန်းထောင်ကျော် တန်ကားကြီးစီးတဲ့ခွေး၊ အမည်းသားနဲ့ ဘီစကစ်ကျွေးရတဲ့ ခွေးဘူဇွာတွေကို ဆရာတော် ဦးဗုဒ်ရေးတာ မှန်၏၊ မမှန်၏ စမ်းသပ်ကြည့်ရလျှင် ဘယ်လို အဖြေထွက်မယ်မသိ။
မြန်မာစာပေမှာ ခွေးဂုဏ်ပုဒ် ထုတ်ဖော်ရေးတဲ့စာတွေလဲရှိပါတယ်။ လူကတောင် ခွေးဆီက ပြန်အတု ယူရမယ့် အင်္ဂါခြောက်တန်ရှိတယ် ဆိုပါတယ်။ အထင်ရှားဆုံးအချက် ကတော့ သခင်ချမ်းသာ အရာမြင့်တာ ပဲဖြစ်ဖြစ်၊ ဆင်းရဲ နိမ့်ကျတဲ့အခါပဲ ဖြစ်ဖြစ် ခွေးက သခင်ကို မစွန့်ခွာ သစ္စာရှိတာပဲတဲ့။ ဟုတ်ပါ့။ ခွေးလောက်မှ သစ္စာမရှိသူတွေ ဒီလောက ဒွန္နယာကြီးမှာ တင်းကြမ်းပြည့်လို့။ ကုလားထိုင်ပေါ်ရှိစဉ်က မောင်မောင်၊ ဘဘ။ ဒါကလေးမှ လက်ဆောင် တော်သဂါရဝမပြုလိုက်ရလျှင် ကျွန်တော့်ဘဝ လူဖြစ်ရကျိုး မနပ်လှတာကြောင့် သေရတာကမှ ကောင်းပါလိမ့်၊ စိမ့်စိမ့်ချွဲပလီတတ်သူက ဟိုဟာ ကြီးပင်စင်တဲ့ အသံကြားတာနဲ့ အလကားဟာကြီး။ မသဒ္ဓါရေစာတွေ တီးပြီး ဝဖီးနေတာ။ ဘာဘာညာညာနဲ့ ငယ်ကျိုးငယ်နာဖော် ကလော်တုတ် ပါရော။ ဒီလိုလူမျိုးကို ခွေးကျင့် ခွေး ကြံလို့ ပြောလျှင် မှားသပေါ့။ ခွေးသိက္ခာကျတယ်ပေါ့နော်။

ငမောင့်အသိတစ်ယောက် ဒုက္ခ ရောက်လာတဲ့ လူရင်းကို ကိုယ်ချင်းစာ ခေါ်ယူကျွေးမွေး စောင့်ရှောက်တာ လ၊ နှစ်ကြာတော့ စောင့်ရှောက် သူ့ ဇနီးနဲ့ ဖောက်ပြားရော။ ဖောက်ပြားတဲ့ နှစ်ယောက်သားကိုခွေးနဲ့ နှိုင်းလျှင် ခွေးစိတ်ဆိုးမယ်။ နော့- ဘယ်ခွေးမှ ဒီလို ကျေးမစွပ်ဘူးလေ။ တစ်ခါက ဆရာကြီး ရန်ကုန်ဘဆွေ၊ ဆရာအောင်လင်း၊ ဆရာ မင်းအောင်တို့က ''လူသည် ခွေးထက် မိုက်၏''တဲ့။ မိုက်မဲတာကို ဆိုတာနော့။ ခုခေတ်သုံးနေတဲ့ မိုက်တယ် စကားအနက် မဟုတ်ဘူး။ ကောင်းတယ်။ လှတယ်။ နှစ်ခြိုက်စရာ ဖြစ်တယ်စတဲ့ အကောင်းတွေကို မိုက်တယ်လို့ပြောတဲ့ ဘန်းစကား ဘယ်ပညာရှင်ကများ ထွင်တယ်လို့ ဆရာ မောင်ခင်မင်တို့ သုတေသန ပြုကြစေချင်ရဲ့။
အင်းလေ ပြောစရာပေါ့။ နို့ခွေးက သာရာစီး သီးရာစား မလုပ်ဘူး။ ရသာလျှင် ဘနဖူး သိုက်မတူးဘူး။ အခွင့်သာဖို့ မြင့်ရာကို ဖော်လံဖား လော်မာ ဥာဏ်များ မလျော်ရာ မချန်ဘဲ စားတာမျိုးခွေးတွေ မလုပ်ပါဘူး။ တစ်ဘက်သား မျက်ရည်ပေါက် ကြီးငယ်ကျမှ ကိုယ့်ဝမ်းဝမယ့်အစာ ခွေးမစားပါဘူး။ ခွေးက ခွေးထောပတ် စားတာကမှ အပြစ်ကင်းသေးရဲ့။ ပြောမယ်သာဆို ပြောစရာတွေကို ပြောမကုန်အောင်ပါပဲ။ ပြည့်ပြည့်ဝဝ သိလို ကြရင်ဖြင့် သခင်မဟာကိုယ် တောင်မှိုင်းရေး ခွေးဋီကာ၊ ခွေးဂဏ္ဍိ သာဖတ်ကြည့်ကြပါရော။ နှောင်းလူတွေ ဖတ်ကြစေချင်လို့သာ ပြောရ ပါတယ်။ စာအုပ်က ရှားသား ရယ်။ စာဟောင်းပေကောင်းတွေကို နားမလည်ပါဘူးလို့ မဖတ်ဘဲ နေကြလေ ဝေးသွားလေပေါ့။ ဖတ်သူနည်းလှလျှင် ထုတ်ဝေသူကလဲ လက်ရှောင်တော့ စာအုပ်ရှားသလေ။ မူလရေးလိုရင်း ဆက်ပါဦးမယ်။
ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဘယ်ကာလက စမွေ့းမြူခဲ့ကြသလဲ။ သမိုင်းမတင်မီ ခေတ်ကတည်းက ခွေးကို အိမ်မှာမွေးနေကြတာလို့ မှန်းဆပါတယ်။ ဘီစီ ၃ဝဝဝ ခန့်က ထုဆစ်ခဲ့တဲ့ အီဂျစ်တို့ရဲ့ ပန်းတမော့ လက်ရာတွေထဲမှာ လူမွေးမြူ ခွေးတွေ တွေ့ရသတဲ့။ ခွေးဟာ ဝံပုလွေက ဆင်းသက်တာလို့လဲ ဆိုပါတယ်။ ငမောင်တို့လူမျိုးက ခွေးကို အိမ်မွေး တိရစ္ဆာန်pämefDomestic Animals အဖြစ် သာမွေးလေ့ရှိခဲ့ကြပြီး အလှမွေး အချစ်တော် - Pet အဖြစ် မွေးလေ့ မရှိခဲ့သလို အမဲလိုက်ရာမှာ သုံးတတ်တာကလွဲလို့ တခြားနည်း အသုံးပြု ခိုင်းစေတာမျိုးလဲမရှိခဲ့ပါဘူး။ ဥပမာ- Eskimo တွေက လှည်းဆွဲခိုင်းတာမျိုး။ အသားစားဖို့လဲ မမွေးမြူပါဘူး။ လမ်းပြခွေး၊ သိုးကျောင်းခွေး၊ ကစားဖို့ ခွေးဆိုတာမျိုးတွေ ရေမြေရပ်ခြားမှာ ရှိသလို မက္ကဆီကိုနဲ့ ငမောင်တို့အရှေ့ အရပ်ဘက် အိမ်နီးချင်းမှာ အသားစား ခွေးမွေးမြူတာရှိသတဲ့။
ငမောင်တို့ဆီမှာ ရှေးအခါက ခွေးမျိုးကွဲ များများရှိဟန်မတူပါဘူး။ စနစ်တကျ စာရင်းမှတ်တမ်း ပြုစုတာရယ်လဲ မတွေ့ဖူးပါဘူး။ ငမောင်ရယ် ခွေးများ အရာလုပ်လို့ကွာ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာရင်းမှတ်တမ်း မရှိတာထက် ရှိတာတော့ ကောင်းသပေါ့။ နိုင်ငံရပ်ခြားမှာတော့ ရှိသဗျ။ ဒီမှာတော့ စာလေးမှာကြောင့် မရေးတော့ပါဘူး။ ခွေးကို အလှမွေး အချစ်တော် ပကာသနဂုဏ်လုပ်ဖို့ မွေးတာလဲ အနောက်တိုင်းနဲ့ ဥရောပမှာ ထွန်းကားခဲ့တာကြာပါပြီ။ ခွေးကို အရာသွင်းတဲ့ လူတွေပေါ့။ အဲဒီအထဲ မှာ အမေရိကန်သမ္မတ တချို့လဲပါသတဲ့။
အမေရိကန်သမ္မတ ဖြစ်ခဲ့ဖူးတဲ့ Calvin Coolidge ကဆိုရင် ''ခွေး မချစ်တတ်တဲ့သူဟာ အိမ်ဖြူတော်မှာ မနေထိုက်ဘူး''လို့ပြောတဲ့အကြောင်း ထိပ်ဆုံးက ခွေးများ First Dogs- အမေရိကန်သမ္မတများနဲ့ သူတို့ရဲ့ အကောင်းဆုံး မိတ်ဆွေများ စာအုပ်တွဲဖက်စာ ရေးဆရာRoy Rowan က ဆိုသတဲ့။ တွဲဖက်စာရေးဆရာ Roy Rowan ကပဲ-
''ကျွန်တော်တို့ သုတေသန အများကြီးလုပ်ခဲ့ပါတယ်။ Gorge Washinton ကစလို့ နောက်ကြောင်း ပြန်တွေ့ရတာက အမေရိကန် သမ္မတအားလုံးမှာ ခွေးရှိခဲ့ပုံပဲဗျ။ သမ္မတနှစ်ယောက် သုံးယောက်ကိုတော့ ခွေးရှိ၊ မရှိ မသိရဘူးဗျ''လို့ ပြောပါတယ်။ စာရေးဆရာ Roy Rowan နဲ့ Brooke Janis တို့တွဲဖက်ပြီး ထိပ်ဆုံးကခွေးများ - First Dogs ကိုရေးတာပါ။
ဒီစာအုပ်ရဲ့ အဆိုအရက သမ္မတတွေ အိမ်ဖြူတော်မရောက်မီ (သမ္မတ မဖြစ်မီ)ကတည်းက သူတို့ ခွေးတွေနဲ့ ပွန်းပွန်းတီးတီးရှိခဲ့ကြတာတဲ့။ သမ္မတ Gorge Washinton ဆိုရင်ဖြင့် အချစ်တော် အလှမွေး တိရစ္ဆာန်တွေ မွေးတာမှာ ခွေးတစ်အုပ်လဲပါသတဲ့။ သူ စိတ်အချဆုံးခွေးက Sweetlips ဆိုတဲ့ ခွေးပဲ။ ဒီကောင်က Washinton ဗြိတိသျှ တော်လှန်စစ်တိုက် နေကတည်းက တိုက်ပွဲအထိလိုက်ခဲ့တဲ့ကောင်။
သမ္မတ Harry Truman တစ်ခါ ကပြောဖူးတာက
''ဝါရှင်တန်မှာ ခင်ဗျား မိတ် ဆွေတစ်ယောက်လိုချင်လျှင် ခွေး တစ်ကောင်ခေါ်လာခဲ့ပါ''ဆိုတာပဲ။
ဒီစကား ဟုတ်လောက်ရဲ့။ အမှတ် ၁၆ဝဝ၊ Pennslyvania Avenue (အိမ်ဖြူတော်)မှာ ခွေးတစ် ကောင်တော့ရှိနေတတ်တာ အမေရိ ကန်သမိုင်းမှာ တွေ့ရသလေ။ ခု အမေရိကန်သမ္မတBarack Obama ဆိုလဲ သမ္မတ ရွေးကောက်ပွဲ မဝင်မီ ခွေးတစ်ကောင် ကြိုတင် ရွေး မွေးထားတာတဲ့။ သမ္မတ အိမ်တော်မှာ ခွေးတစ်ကောင်ရှိတာ အသစ် အဆန်းမဟုတ်သလို မဖြစ်စဖူးလဲ မဟုတ်ပါဘူးတဲ့။
ဒီလိုနဲ့ နှစ်ကာလ အတန်ကြာလာတော့ ထိပ်ဆုံးကခွေး တွေကို လူသိများလာပါတယ်။ အထင်ရှားဆုံး ထဲက တစ်ကောင်ကတော့ Fala တဲ့။ အနက်ရောင် Scottyခွေးပါ။ သမ္မတ Framklin Delano Roosevelt ပိုင်တဲ့ ခွေးပါပဲ။ သမ္မတက FaLaကို သွား လေရာခေါ် သွားတတ်သတဲ့။ ကုန် ကုန်ပြောရရင် ကမ္ဘာကျော် သမိုင်းဝင် Atlantic Charter စာချုပ်ချုပ်ဆိုဖို့ အမေရိကန်စစ်သင်္ဘောကြီးUSS Savannah ပေါ် သွားရာမှာတောင် ခေါ်သွားတာတဲ့။ သိကြတဲ့အတိုင်း ပေါ့။ ဒီ Charter ကို တစ်ဘက် က ချုပ်ဆိုဖို့ လက်မှတ်ရေးထိုးသူက ဗြိတိသျှ နန်းရင်းဝန် ဆာဘွဲ့ရ ဝင်စတန်ချာချီကြီးလေ။ သူကလဲ အားကျမခံ သူ့လက်စွဲခွေး Rufus ကို ခေါ်လာတယ်။ သမ္မတနဲ့ နန်းရင်းဝန်တို့ ကြည်ရွှင်တပြုံးပြုံးဖြစ်နေကြသလို ခွေးချင်းလဲ ချစ်ကြည်နေကြမယ် ထင်တယ်လို့ Rowan က ပြောတယ် ဗျ။ ငမောင်က မယုံပါဘူး။ တစ်ခါမှ မတွေ့ဖူးတဲ့ ခွေးတစိမ်းနှစ်ကောင် တွေ့တာဗျာ။
''ဘာသာပုံဆောင်၊ ခွေးနှစ် ကောင်သည်၊ တစ်ကောင်ခွေးအား၊ တွေ့လပ်ငြားမူ၊ အံသွားကြိတ်ခဲ၊ ရှေ့သွားဖြဲ၍၊ ဟိန်းဟဲလျက်သာ၊ ညူ စူပါ၏''တဲ့ လောကနီတိဆရာ အဆို ရှိသလေ။ ခွေးရှင်မျက်နှာကြည့်ပြော ထင်ပါရဲ့နော့။
၁၉၂ဝ ခုနှစ် ရွေးကောက်ပွဲမှာ ရှေးရိုးစွဲ ရီပတ်ဘလီကင် သမ္မတလောင်း Herbert Hoover စာရင်း တင်တယ်။ Hoover ဟာ စည်းကြီး ကမ်းကြီးသမား။ စာအုပ်ကြီးသမား။ဘယ်ခါမှ သူ့ရုံးမှာ ပြေပြေချောချော မရှိတဲ့ လူကြီးတဲ့ဗျ။ သူ့ကို လူကြိုက် နည်းနေတော့ သူ့ ရွေးကောက်ပွဲ မန်နေဂျာစိတ်ပူလာရော။ ဒီတင် သူ့ ကို ရဲခွေးကြီး King Tut နဲ့အတူ ဓာတ် ပုံရိုက်ခံစေပြီး ဒီပုံကို ရွေးကောက်ပွဲ မဲဆွယ်ပိုစတာလုပ်ကြတယ်။ ဒီပုံကြောင့် Hoover ကို ကြင်နာတတ် သူလို့ ထင်မှတ်စေတာကြောင့် ရွေးကောက်ပွဲနိုင်ခဲ့တာတဲ့။ ကဲ- ယုံပြီ လား။
အခုလောလောဆယ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော် အဲလေ- ခင်ပွန်းတော်၊ ဟုတ်သေးဘူး ထင်တယ်။ အဲ- ကြင်ယာတော် Clinton သမ္မတကြီးဘဝနဲ့ Lewinsky ဆိုတဲ့ကလေးမကို ရာဂုဏ်မတ္တက ဖမ်းစဉ်က တိုင်းသားပြည်သူ ဆူဆူ ဖြစ်လာတဲ့အခင်း မရှောင်ကွင်းသာတော့ ပြည်သူတို့ မျက်ကြောဖြတ်ဖို့ အရေးပေါ် ခွေးတစ်ကောင် ကောက်မွေးရသတဲ့။ ချောကလက် သွေးရောင် Buddy အမျိုးအစား ကြိပ ဆို တဲ့ခွေးပါပဲ။ Rowan က မှတ်ချက် ပြုပါတယ်။ ခွေးဟာ လူထုကို အာရုံ ပြောင်းဖို့ လက်နက်သဖွယ်လဲသုံးနိုင် သတဲ့။ ၂၁ ရာစု အမေရိကန်နိုင်ငံ ရေးရဲ့ ခွေးတစ်ကောင် အသုံးချနည်း နိသျည်းပါပေ။
Rowan ပြန်ရေးပြတဲ့ သမ္မတရဲ့ ခွေးတွေထဲမှာ ကြေကွဲစရာ ခွေးဇာတ်လမ်းတစ်ခုလဲ ပါသဗျ။ ကမ္ဘာကျော် အမေရိကန် သမ္မတကြီး အီဘရာ ဟဒ်လင်ကွန့် မွေးတဲ့ Fido ဆိုတဲ့ခွေးပါပဲ။ သူသမ္မတအဖြစ် ရွေးကောက်ခံရပြီး ဝါရှင်တန် သွားတာမှာ Fido ကို ခေါ်မသွားဘူးတဲ့။ အိမ်နီးချင်း တစ်ဦးစီအပ်ခဲ့တယ်။ သူ့ခွေးကို ကျွေးမွေးစောင့်ရှောက်ပါလို့လဲ တရရ မှာခဲ့တယ်။ သူတို့ အိပ်နေကျ မွေ့ရာကိုလဲ သူ့ခွေးအိပ်ဖို့ ပေးထားရစ်တယ်။ ဒီမွေ့ရာပေါ်မှာ သူတို့နဲ့ Fido အတူအိပ်နေကျကိုး။ ဖြစ်ချင်တော့ သမ္မတကြီး လုပ်ကြံခံရပြီးတာနဲ့ Fido လဲ သူ့ကိုမွေးထားတဲ့အိမ်က လွတ်ထွက်ပြီး လမ်းပေါ်ထွက်တော့သတဲ့။ လမ်းဘောင်မှာ အရက်မူးနေသူ တစ်ယောက်အပေါ် ရွှံ့ပေတဲ့လက်တွေ တင်လိုက်မိလို့ အမူးသမားက ဓားနဲ့ ထိုးလိုက်တာ Fido သေရှာပါရော။ ခွေးကို ကျွေးမွေးပေးခဲ့သူက သမ္မတ ကတော်ဆီ စာရေးလိုက်သတဲ့။
''သူ့သခင်လိုပဲ Fido ခမျာ လုပ်ကြံခံရရှာတယ်''
သမ္မတအချစ်တော် တိရစ္ဆာန်များ ပြတိုက်တည်ထောင်သူ Clire Me Lean က ပြောတာကတော့ ခွေးဟာ သမ္မတ အချစ်တော် ဖြစ်တယ်ဆိုပေမယ့် နောက်ပိုင်း သမ္မတတွေကျမှပါ။ ဟိုတုန်းကတည်းက ရယ်တော့မဟုတ်ဘူးတဲ့။
''စောစောဦး ကာလတွေမှာ မြင်းတွေကို အကြိုက်များပါတယ်။ ဒီနောက်ငှက်တွေကို တော်တော်ကြီး ကြိုက်ကြပြန်ရော။ စောစောဦးကာ လမှာ ခွေးတွေဟာ စောစောပိုင်း သမ္မတတွေရဲ့ အကြိုက်များလှတဲ့ တိရစ္ဆာန်ဟုတ်ပုံမရဘူး။ တဖြည်း ဖြည်းမှသာ ခွေးတွေကို ပိုကြိုက်လာတာ။ ဘာကြောင့်မို့ဆိုရင် ခွေးတွေဟာ အိမ်အတွက် ပိုတန်ဖိုးရှိလာတော့ လူတွေက ပိုတန်ဖိုးထားကြတယ်။ အမေရိကန် လူထုကလဲ ခွေးကိုတန်ဖိုးထား လက်ခံကြပါတယ်'' Clire Me Lean ပြောတာပါ။
သမ္မတ အချစ်တော် တိရစ္ဆာန်များ ပြတိုက်ကို လာရောက်ကြည့်ကြသူတွေ ခွေးအပြင် အမေရိကန် သမ္မတတွေရဲ့ အခြားအချစ်တော် တိရစ္ဆာန် တွေရဲ့ရုပ်ပုံတွေ၊ အဲဒီ တိရစ္ဆာန်တွေ အကြောင်းတွေ မြင်နိုင်၊ ဖတ်နိုင်ပါ တယ်။
အမှတ် ၁၆ဝဝ၊ ပင်ဆီဗေးနီး ယားရိပ်သာရောက် တခြား တိရစ္ဆာန်တွေရဲ့ ရုပ်ပုံလွှာတွေကို ကြည့်နိုင် ပါတယ်။ သူတို့ အကြောင်းတွေလဲ ဖတ်နိုင်ပါတယ်။ Me Lean က ဆိုပါ တယ်။
သမ္မတ John Adams (၁၇၈၉-၁၈၉၁ ခုနှစ်) က မိကျောင်းတစ် ကာင် မွေးထားသတဲ့။ သမ္မတ Martin Van Buren (၁ဝ၃၇-၁၈၄၁ ခုနှစ်)ကတော့ ကျားပေါက်လေးနှစ် ကောင်မွေးထားပါတယ်။ သမ္မတရဲ့ ကျားပေါက်ကလေးတွေအတွက် အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျား လှောင်အိမ်တစ်ခုထားရပါတယ်။ သမ္မတသာမဟုတ် သမ္မတကတော် ကလဲ ကျားကလေးတွေကို သဘော ကျသတဲ့။ ကျားကလေးတွေက ငယ် ငယ်လေးတွေ။ ချစ်စရာကလေးတွေ ဆိုပါတယ်။ ကျားကလေးတွေ ကြီး သထက် ကြီးပြင်းလာတော့ ဒီကျား နှစ်ကောင်ကို အမျိုးသား တိရစ္ဆာန် ဥယျာဉ်ကို ပေးလှူပါလို့ ကွန်ဂရက် က သမ္မတကိုပြောလာပါတယ်။ သမ္မတက လက်မခံပါဘူး။ ကွန်ဂရက်ကို အတိုက်အခံလုပ်ပါတယ်။ နို့ပေမယ့် သမ္မတရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ကွန်ဂရက်က ကျားနှစ် ကောင်ကို တိရစ္ဆာန်ဥယျာဉ် ပို့လိုက်ပါသတဲ့။ ၁၉၂၃-၁၉၂၉ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ Calvin Coolidge မှာ တော့ Recoon တွေရှိသတဲ့။ သမ္မတ Howard Taft (၁၉၈၉-၁၉၁၃ခုနှစ်) က နွားမတစ်ကောင် ရှိသတဲ့။ သမ္မတရဲ့ နွားမကို အိမ်ဖြူတော် မြက် ခင်းပြင်မှာ ကျောင်းပါတယ်။ မနက်တိုင်း နွားမရဲ့ နို့ကို ညှစ်ယူပြီး သမ္မတ ဆီပို့ရပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့စစ်စစ်ကို နေ့တိုင်း သောက်လို့ သမ္မတကြီး ဝဖြိုးလွန်း လာတော့ သမ္မတရဲ့ ဆရာဝန်က သမ္မတကို နွားနို့မသောက်ဖို့ တားမြစ်တာကြောင့် သမ္မတရဲ့ အချစ်တော် နွားမကို ယာခင်းဆီ လွှတ်လိုက်ရ တော့သတဲ့။
လက်ရှိသမ္မတ အိုဘားမား မိသားစုမှာ သမ္မတ မဖြစ်မီကတည်းက ခွေးတစ်ကောင်ရှိပါတယ်။ ခွေးနာမည် Bo Obama ပါတဲ့။ သမ္မတ ဘဝ မရောက်မီကဘဲ အိုဘားမား မိသားစုက Bo ကလွဲပြီး တခြား ခွေးမွေးဖို့ စိတ်ကူးမရှိခဲ့ဘူးတဲ့။ ဆီနိတ်တာ အက်ဒွပ်ကနေဒီက အိုဘားမားကို ပေါ်တူဂီ သင်္ဘောခွေးတစ်ကောင် လက်ဆောင်ပေးဖူးသတဲ့။ ကနေဒီကလဲ ခွေးချစ်တတ်သူ ပါတဲ့လေ။ အိုဘား မားရွေးကောက်ခံရပြီး အောင်ပွဲခံမိန့် ခွန်းပြောတဲ့ညမှာ အိုဘားမားက သမီးတွေကို ခွေးတစ်ကောင် လက်ဆောင်ပေးမယ်လို့ သူ့မိန့်ခွန်းထဲမှာ ပြောပါတယ်။ ဒီစကားက အမေရိကန် ခွေးချစ်သူတွေကို စိတ်လှုပ်ရှားစေခဲ့သတဲ့။ ခွေးမွေးမြူသူတွေက Bo ကိုသာမက တခြားခွေးတွေလဲမွေးပါလို့ အကြံပေးကြပါတယ်။ ခွေးမွေးမြူသူတွေကလဲ သမ္မတကို ခွေးလက်ဆောင် ပေးချင်ကြသတဲ့။ သမ္မတကတော့ ဆီနိတ်တာ အက်ဒွပ်ကနေဒီ ပေးထားတဲ့ Bo ကလွဲပြီး လက်ခံလို့ မဖြစ်ပါဘူး။ သူ့သမီးကြီး Malia Obama ကခွေးနဲ့ ဓာတ်မတည့်ဝေဒနာရှိလို့တဲ့။ သူတို့ Malia ကို သတိထား ဂရုစိုက်ကြရ ပါတယ်။
စာရေးဆရာ Rowan က ပြောတာမှာ အမေရိကန်ရဲ့ ထိပ်ဆုံးမိသား စု - First Family မှာ ခွေးက အရေး ပါတဲ့ ကဏ္ဍမှာရှိနေပြီး ထိပ်ဆုံးခွေးဆိုတဲ့ အခွင့်အရေးအရကိုပဲ ဒီခွေးတွေဟာ ပွဲဝင်ပွဲတက်၊ သတင်းဖြစ် စေတဲ့ ခွေးတွေဖြစ်နေပြီတဲ့လေ။ ငမောင်တို့ရဲ့ ရှေးစာဟောင်းတွေမှာ ခွေးကို ဘာကြောင့် ခွေးလို့ ခေါ်တယ် ဆိုတဲ့ ဖွင့်ဆိုချက်တွေ(ပါဠိ-မြန်မာ) ရှိပါတယ်။ တစ်ခုမှာ ခွေခွေ အိပ်တတ်တာကြောင့် ခွေးလို့ ခေါ်တာဆိုပါတယ်။ ပထမခွေး ဝါထိပ်ဆုံးက ခွေး - First Family လဲ ဆန့်ဆန့်ကြီး အိပ်မှာမဟုတ်လို့ ခွေးပါပဲပေါ့။ ခွေးထောပတ်ကြိုက်၏၊ မကြိုက်၏ ငမောင် မသိ။ ခွေးဟာ ခွေးပါပဲ။ အကယ်စင်စစ်တော့ ခွေးထက် ခွေးရှင်ကသာ အဓိကပါ။ ခွေးရှင်က ခွေးထက်မမိုက်ဖို့သာ အရေးကြီးပါတယ်။ ဒီစာအချုပ် နိဂုံးမအုပ်မီ ရှင်မဟာသီလဝံသ ရေးသားတော်မူတဲ့ မဟာရဟနီတိမှာ ပါဠိလာ ရှိတာ ပြောခဲ့ပါရစေ။
ဦးမုန်တိုင်း၏ စုစည်းမှုမှ ကူးယူဖေါ်ပြပါသည်။

0 comments: