Thursday, May 27, 2010

အင်တာနက်လည်းသုံး ရုပ်သံလည်းကြည့်နိုင်သည့် တီဗွီပေါ်ပြီ


အသုံးပြုသူများအနေဖြင့် ရုပ်ရှင်ကြည့်နေရင်း အင်တာနက်အသုံးပြုနိုင်မည့် တီဗီတစ်မျိုးကို ဂူးဂဲလ်မှ ထုတ်ဖော်ပြသခဲ့သည်။

ရောင်စုံတီဗီများနောက်ပိုင်း အကြီးမားဆုံးသောတိုးတက်မှုတစ်ရပ်ဟု အမည်တပ်ခဲ့သည့် ဂူးဂဲလ်တီဗီသည် အိမ်ဧည့်ခန်းတွင်ထိုင်၍ YouTube ဗီဒီယိုများကိုကြည့်ရှုနိုင်စေပြီး Facebook အသုံးပြုခြင်းများကိုလည်း ဆောင်ရွက်စေနိုင်မည်ဖြစ်သည်။

ဂူးဂဲလ်တီဗီကို မေလ ၂၀ ရက်နေ့က ဆန်ဖရန်စစ္စကိုတွင် ပွဲဦးထွက် သရုပ်ဖော်ပြသခဲ့သည်။ ယခင်က အင်တာနက်နှင့် တီဗီကိုပေါင်းစပ်နိုင်ခဲ့သည့် အောင်မြင်မှုတစ်စိတ်တစ်ပိုင်း ရရှိခဲ့ဖူးသော်လည်း ဂူးဂဲလ်၊ ဆိုနီ၊ Logitech နှင့် အင်တဲလ်တို့ ပူးပေါင်း ဖန်တီးထားသော တီဗီသည် အသုံးပြုသူများကို ခလုတ်အကူးအပြောင်းတစ်ချက်ဖြင့် အင်တာနက်နှင့် တီဗီကို အသုံးပြုနိုင်ရန် စီမံထားသည်။ ထို့ပြင် အထူးစီမံထားသော ကြိုးမဲ့ကီးဘုတ်လည်း ပါဝင်သေးသည်။

HDTV အသုံးပြုသူများအနေဖြင့် set-top box ကိုဝယ်ယူပြီး ယင်းတီဗီကိုကြည့်ရှုနိုင်သည်။ ယင်းတီဗီကို အမေရိကတွင် လာမည့်ဆောင်းဦးရာသီကာလတွင် စတင်ရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး ဗြိတိန်တွင်မူ လာမည့် နှစ်တွင် ရောင်းချမည်ဟု သိရသည်။

ဆန်ဖရန်စစ္စကိုတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဂူးဂဲလ်တီဗီဆော့ဖ်ဝဲကို ဆော့ဖ်ဝဲပညာရှင်များအရှေ့တွင် သရုပ်ဖော်ပြသခဲ့သည်။ ''ဗီဒီယိုတွေကို အိမ်မှာပဲ ကြည်လင်ပြတ်သားစွာ၊ အကောင်းဆုံး ကြည့်ရှုနိုင်မှာပါ။ ပြီးတော့ဒါက တီဗီပါ။ ပီစီလည်းမဟုတ်ဘူး။ ဖုန်းလည်းမဟုတ်ဘူး။ အဲဒါတွေကြားက ပစ္စည်းမဟုတ်ပါဘူး'' ဟု ဂူးဂဲလ်ပရောဂျက် စီနီယာထုတ်ကုန်မန်နေဂျာဖြစ်သူ ရီရှီချန်ဒရာကဆိုသည်။

စမတ်ဖုန်းဈေးကွက်မှာ အကျိုးသက်ရောက်မှုရှိခဲ့သလိုပဲ တီဗီဈေးကွက်မှာလည်း အဲဒီလိုဖြစ်ဖို့ ရည်မှန်းထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

0 comments: